News

POST TYPE

OPINION

နိုဘယ်လ်လန် နိုင်ငံတော်
10-Sep-2016

နိုဘယ်လ်ဆုဆိုတာ လဘာဂျာဆုပါဗျာ။

အဲ့လိုပြောတော့ မောင်ဗြိကို စိတ်ဆိုးကြမယ်လား။ မဆိုးကြနဲ့ဗျို့။ နိုဘယ်လ်ဆုဆိုတာ ကမ္ဘာပေါ်က လူတွေ ဘယ်လောက်ပဲ ငမ်းငမ်းတက် လိုချင်ပါစေဦး။ နိုဘယ်လ်ဆုရှင် ဆိုတာ ဂုဏ်သိက္ခာ ကြီးမားလွန်းလို့ နိုင်ငံတကာက လူတွေ ဘယ်လောက် တန်ဖိုး ထားကြပါစေဦး။ နိုဘယ်လ်ဆုရှင် မှန်သမျှ နောက်ပြန်လန်အောင် လုပ်နိုင်တဲ့ နိုဘယ်လ်လန် နိုင်ငံဆိုတာ ရှိသဗျာ။

နယ်သာလန် နိုင်ငံတို့၊ ဆွစ်ဇာလန် နိုင်ငံတို့ပဲ ကြားဖူးပါတယ်ဟ။ ဘယ့်နှယ် နိုဘယ်လ်လန် နိုင်ငံတော်တုံး။ တစ်ခါမှ မကြားဖူးပေါင်။ ဥရောပကလား၊ အာဖရိက ကလား၊ မြောက်အမေရိက ကလား။

စာဖတ်သူ ဘော်ဒါအပေါင်းက သို့ကလို ဆိုကြရောမယ်ဗျာ။

တကယ်တမ်းက

အဲ့ဒီ နိုဘယ်လ်လန် နိုင်ငံဆိုတာကြီးက ဘယ် ဥရောပ၊ အာဖရိကမှာမှ မဟုတ်ပေါင်။ မောင်ဗြိတို့ နေထိုင်ရာ အတိတ်နိမိတ် ထွန်းလှပါတဲ့ ဇမ္ဗူဒီပါ အရှေ့တောင် အာရှ ကျွန်းဆွယ်ကြီးမှာပဲ ရှိပါသဗျာ။ တခြား မတွေးနဲ့။ အဲဒါ မောင်ဗြိတို့နေတဲ့ မြန်မာနိုင်ငံကြီးပဲဗျ။

ရှင်းပြပါမယ်ဗျာ။ ရှင်းပြပါမယ်။ ဒီလိုရယ်ဗျ။

နိုဘယ်လ်ဆု ဆိုတာ ဒိုင်းနမိုက်ကို တီထွင်ခဲ့တဲ့ ဆွီဒင်နိုင်ငံသား အဲဖရက်နိုဘယ်ဆိုတဲ့ သူဌေးကြီးက သူ မာလကီးယားခါနီးမှာ အားနာပါးနာနဲ့ တီထွင်ခဲ့တဲ့ ဆု တစ်ခုဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။

အဲ့ဒီဆုက နိုင်ငံတကာမှာတော့ အင်မတန် တန်ဖိုးကြီးလှသဗျ။

သိပ္ပံပညာ၊ ဝိဇ္ဇာပညာ၊ စာပေ အနုပညာတွေ တင်မကပဲ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဆိုတာကိုပါ ရွေးချယ်ပေးတဲ့ဆု တစ်ခုပေါ့ဗျာ။

အဲ့ဒီဆုတွေထဲမှာမှ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဆိုတာကြီးက ပါဝါ အကြီးဆုံးရယ်လေ။

ဒီလောက် ထစ်ခနဲရှိ တစ်ဖက်နဲ့တစ်ဖက် သတ်မယ်၊ ဖြတ်မယ် တကဲကဲ လုပ်နေတဲ့ ဒီကမ္ဘာမြေကြီးမှာ ငြိမ်းချမ်းရေး ဆိုတာ ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့တဲ့ လူတွေကို ပေးတဲ့ဆု ဆိုတော့ကာ နည်းတဲ့ဆုကြီးလား။ တကယ့် ပညာရှင်တွေက သေချာ စိစစ်ပြီး အကဲဖြတ် ပေးကြတာပေါ့ဗျာ။

ဒီတော့ နိုဘယ်လ်ဆု ဆိုတာကြီးက အင်မတန်မှ တန်ခိုးသြဇာ ထက်မြက်တဲ့ ဆုကြီးရယ်ဗျ။

အောင်မယ် ... နိုင်ငံတကာမှ တန်ခိုးကြီးတဲ့ ဒီနိုဘယ်လ်ဆု ဆိုတာလား။

အဟက် ... မောင်ဗြိတို့ရဲ့ မျိုးရိုးနဲ့ တန်ခိုး ရှိခဲ့ပေဆိုတဲ့ ဇာတိမာန် မဟာနိုင်ငံကြီး ရောက်ရင်ဖြင့် လဘာဂျာ အာပလာဆု ဖြစ်သွားပေရောပဲ။

မယုံမရှိနဲ့ ... ဆရာ။

မောင်ဗြိတို့ နိုင်ငံမှာ အရှေ့တောင်အာရှရဲ့ ရှားရှားပါးပါး နိုဘယ်လ်ဆုရှင် အန်တီကြီး ရှိတယ်။

အရင့် အရင့် ယူနီဖောင်းဝတ် ဘဘတွေ လက်ထက်ကဆို ဒီလို နိုဘယ်လ်ဆုရှင် အန်တီကြီးကို တအား ဂရုစိုက်တာကလား။ အန်တီကြီးကို အပြင်တွေ ဘာတွေ ထွက်တဲ့အခါ နေပူရင် အပူလျှပ်မယ်၊ မိုးရွာရင် အအေးမိမယ်၊ နှင်းကျရင် နှာစေးမယ်၊ လမ်းလျှောက်ရင် ခိုနင်း ခံရမယ်လို့ အစိုးရိမ်ကြီး စိုးရိမ်ပြီး နှစ်ပေါင်း နှစ်ဆယ်လောက် အိမ်ထဲက အိမ်ပြင် ပေးမထွက်တဲ့အထိ နိုဘယ်လ် ဆုရှင်ကို တန်ဖိုးထားတာဗျာ။

သူ့အိမ်ရှေ့ဆိုလည်း လုံခြုံရေးတွေ အပြည့်ချလို့။ ပြည်သူတွေဆို သူ့အိမ်ရိပ် မပြောနဲ့ အိမ်ရှေ့က ပေတစ်ရာ လမ်းမကိုတောင် မနေ့ တစ်နေ့ကမှ နင်းခွင့် ရကြတာ။

ကိုင်း ... ဒီလောက် နိုဘယ်လ်ဆုရှင်ကို တန်ဖိုးထားတဲ့ တိုင်းပြည်ရယ်ဗျ။

ဘယ်လို ... မောင်ဗြိလား။

အောင်မလေး ... မလိုချင်ပါဘူးဗျာ ... ဘယ့်နှယ် အဲ့ဒီ နိုဘယ်လ်ဆုကြီး ဘာလုပ်မှာတုံး။ မောင်ဗြိများ ငတုံးမှတ်လို့။ ဒီနိုင်ငံမှာ နိုဘယ်လ်ဆုရှင် ဖြစ်ရတာ မကိုက်ဘူးဗျ။ နိုဘယ်လ်ဆုရှင်ဆို အိမ်ထဲ နှစ်နှစ်ဆယ်လောက် ပိတ်ထားခံချင် ခံရမယ်၊ မဟုတ်တမ်းတရား အပြောခံရမယ်ဗျ။

သိသူ ပေါင်းစား၊ မသိသူ ဖားစား ဆိုတဲ့ စကားပုံ မှတ်ထားကြဗျို့။ ဒီနိုင်ငံမှာက ပြည်ပက ပေးတဲ့ နိုဘယ်လ် ဆုရှင်ထက် ပြည်တွင်းဖြစ် သီရိသုဓမ္မ ဘာညာကွိကွ တို့၊ သရေစည်သူ ဗလာဗလာတို့ ဘွဲ့တွေကမှ အိုကေ စိုပြည်သဗျ။

မယုံကြည့်ကြလေ။

နိုဘယ်လ်ဆုရှင်ဆိုတာ နာမည်သာ ကြီးတာ ခါနာနိမ်း၊ ဖန်မလီနိမ်း၊ အီကော်နော်မီနိမ်း ဘဝကြီး။

မိသားစု တကွဲတပြားလည်း ဖြစ်ရ၊ အိမ်ထဲအိမ် ပြင်လည်း နှစ်ပေါင်း များစွာ မထွက်ရ၊ ထွက်ခွင့်ရပြန်တော့လည်း တိုက်ခိုက်ခံရ၊ ဆဲဆိုခံရနဲ့။ 

ပြည်တွင်းဖြစ် ဘွဲ့ထူးတွေဖြစ်တဲ့ သီရိသုဓမ္မ ဘာညာသာရကာ၊ သရေစည်သူဗလာဗလာ ဦးကြီး အချို့ဆို ကြည့်စမ်း။ ဆင်စီးပြီး မီးတုတ် ယမ်းတဲ့လူနဲ့၊ ရဟတ်ယာဉ်စီးပြီး တောင်တက်တဲ့လူနဲ့၊ ခြံကျယ်ကြီးမှာ ကိတ်မုန့်ဆိုင် ဖွင့်တဲ့လူနဲ့။

ဇိမ်ပဲဗျာ။

ဒါကြောင့် မောင်ဗြိ ပြောတာပေါ့။ ပြည်ပက ပေးတဲ့ နိုဘယ်လ်ဆုထက် မိတ်အင်ဒီတင် ဘာညာကွိကွ ဘွဲ့တွေက အသုံး ဝင်ပါတယ်ဆို။

ရှေးရှေး အဘတွေခေတ်က ပြောပြောနေတဲ့ ပြည်တွင်းဖြစ်ကို အားပေးပါဆိုတာ အဲ့ဒါ။  နိုင်ငံခြားကပေးတဲ့ နိုဘယ်လ် ဆုသမားတွေက ဘယ်ကောင်းစားမလဲ။ လူမိုက်တွေကိုဗျ။ အလကား ကြီးတော်နွား ကျောင်းနေကြတာ။

အခုပဲကြည့်လေ။

ဟို ကိုဖီအာနန်ဆိုတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင်။

မောင်ဗြိတို့ရဲ့ ရှင်းမနိုင်တဲ့ အနောက်ဘက် တံခါးက ပြည်တွင်းရေးကို သင်းကြီးက စုံစမ်းရေးကော် မရှင်အဖြစ် လာတယ်တဲ့လေ။

စေတနာဗလပွ ဒီငတိကြီးလောက်ကတော့ မောင်ဗြိတို့နိုင်ငံရဲ့ အစဉ်အလာ ဘယ်ပျက်မတုံး။

သူ လာမယ်ဆိုကတည်းက ဟောလီးဝုဒ်က လူမည်း မင်းသားကြီး မော်ဂန်ဖရီးမင်း လာမယ်ဟေ့ ဆိုပြီး ကြိုဆို လိုက်ကြတာမှ သူတစ်လူ ငါတစ်ဆဲပဲ။

ပထမတော့ တစ်သက်လုံးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လုပ်လာတာ မြန်မာပြည်လာမှ ရုပ်ရှင်မင်းသား အထင်ခံရတယ်ဆိုပြီး ဦးလေးကိုဖီအာနန်လည်း မြောက်ကြွမြောက်ကြွ ဖြစ်မပေါ့ဗျာ။

အောင်မယ် ... သူလည်း တကယ်လာရော ... သူသွားမယ့် ရခိုင်ပြည်နယ်ဘက်မှာ ဆိုင်းဘုတ်တွေ ထောင်ပြီး ဆန္ဒတွေ ပြလိုက်ကြတာ။

ဒါတင်မက

လွှတ်တော်ထဲက ပါလေရာ အစိတ်သားတွေ၊ တစ်မတ်သားတွေအထိ ကိုဖီအာနန် အရေးအတွက် ထိုင်ထတွေ လုပ်ပြီး ဂုဏ်ပြု ကုန်ကြပါရောလား။

ဒါပဲဗျ။

အရင့်အရင်က မြန်မာ့သမိုင်းမှာ ပဋိက္ခရား မင်းသားလည်း ပြဒါးရှင်လုံးငုံပြီး ပုဂံက ဘုရင့်သမီးတော်ကို ခြေတော် တင်သွားဖူးတယ်။ နောက်ဆုံး ဂန်ဘာရီ ဆိုတဲ့ ငတိကြီးတောင် ဘဘကြီးတွေ ခေတ်မှာ မြန်မာပြည်လာပြီး ဆရာကြီး လုပ်သွားသေးတယ်။

ဘာဖြစ်လို့တုံး၊ ဘယ်သူက ဆန္ဒပြရဲလို့တုံး။

အခုက နိုဘယ်လ်ဆုရှင်ကြီး လာလို့ ဆန္ဒပြတာ ပါဆိုနေ။

ဒါတွေကို သာကြိုသိခဲ့ရင် အဲ့ဒီဦးလေး ကိုဖီအာနန်ကြီးလည်း နဂိုက ပေးတဲ့ နိုဘယ်လ်ဆုကို လက်ခံခဲ့မှာ မဟုတ်ဘူး။ နိုဘယ်လ်ဆုအစား ကျွန်တော့်ကို မြန်မာပြည်က သရေစည်သူ ဘာဘာညာညာတို့၊ သီရိသုဓမ္မ ဘာညာကွိကွတို့သာ ပေးပါဆိုပြီး ဘဘကြီးတို့နဲ့ ညှိရင် ညှိခဲ့မှာ။

အခုနေခါ သရေစည်သူ ဦးကိုဖီအာနန်တို့၊ သီရိသုဓမ္မ မဏိဇောတဓရ ဦးကိုဖီအာနန် ဆိုပြီး ဖြစ်နေရင် ဒီနိုင်ငံမှာ လက်ကျန် မြေကွက်လေးတွေ သိမ်းရင် သိမ်း၊ ဒါမှမဟုတ် လေကြောင်းလိုင်းလေး ဘာလေး ထောင် အေးအေးဆေးဆေးပဲ။

အခုတော့ဗျာ ... ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လုပ်ပြီး ဒါလေးတောင် အကွက် မမြင်တာခံပေါ့။

ကိုယ့်ဆီက လူတွေကလည်း ဒါမျိုးကျ ညီကြပါတယ်။ ကိုဖီအာနန်ကြီးက ဒီမှာ ဘာလုပ်မယ်၊ ဘာအတွက် လာမယ် ဆိုတာသာ မသိရင် နေမယ်။ အသားမည်းမည်း နိုင်ငံခြားသားကြီးဆိုတာ တစ်ချက်နဲ့တင် ဇာတိမာန် ဗလပွနဲ့ ဆန္ဒတွေ ပြကြ၊ နှင်ထုတ်ကြ လုပ်ပြီလေ။

ဒါကြောင့် ပြောပါတယ်။

နိုဘယ်လ်ဆုဆိုတာ နိုင်ငံတကာက ဘယ်လို တန်ဖိုးထားထား မောင်ဗြိတို့ နိုင်ငံမှာတော့ တယ်ပြီး ဟန်မကျပါဘူးဆိုနေ။ မောင်ဗြိတို့ မြန်မာပြည်ရောက်ရင် ဘယ်လောက်ပဲ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ခဲ့တဲ့ နိုဘယ်လ်ဆုရှင်ကြီး ဖြစ်ဖြစ်၊ ဘယ်လောက်တော်တဲ့လူ ဖြစ်ဖြစ် နောက်ပြန်လန်ကို လန်သွားစေရမယ်။

ဟိုတစ်လောတုန်းကလေ... ၂၁ ရာစု ပင်လုံ ညီလာခံ ဆိုလား ဘာလား။ အဲ့ဒီအစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်က တောင်းဆိုတယ် မဟုတ်လား။

မြန်မာပြည်ကို နာမည် ပြောင်းသင့်တယ် ဆိုတာ။ သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားနဲ့ဗျို့။

ခုန မောင်ဗြိ ပြောပြခဲ့တဲ့ အကြောင်းအရာတွေ အတိုင်းဆို ကိုယ့်နိုင်ငံနဲ့ အကိုက်ဆုံးကတော့ နိုဘယ်လ် လန် ဆိုတဲ့ နာမည်ပဲ။

နိုဘယ်လ်လန် နိုင်ငံတော်တဲ့။

ကိုင်း ... ဘယ်လောက် မိုက်သလဲဗျာ။

စိတ်ကူးမလွဲနဲ့ ... နောက်တစ်ခေါက် အစည်းအဝေးကျ အဲ့ဒီနာမည် တင်ပြပြီး နာမည်ပေး ကင်ပွန်း တပ်ဖို့သာ ပြင်တော့ဗျိုး။

ဥုံ သျှရီ ... သျှရီ ... ပြည်ထောင်စု နိုဘယ်လ်လန် နိုင်ငံတော်ကြီး အဓွန့် ရှည်ပါစေသတည်း။

ဗြိတိသျှကိုကိုမောင်


  • VIA