News

POST TYPE

OPINION

မြန်မာ့ငြိမ်းချမ်းရေးကို စိန်ခေါ်နေသောလမ်း
05-Feb-2018

NLM ဘာသာပြန်ဆိုသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား ယုံကြည်မှု တည်ဆောက်ခြင်းသည်သာလျှင် ငြိမ်းချမ်းရေးသို့ ဦးတည်ရာလမ်း၏ တာထွက်မှတ်ဖြစ်သည်။

မြန်မာအစိုးရ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးရန် နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုနှစ်စုက မကြာသေးမီက သဘောတူလိုက်ပြီဖြစ်သည်။ မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရေစီ အစည်းအရုံးတို့ လက်မှတ်ထိုးမည့် အပစ်ရပ်စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ရှစ်ဖွဲ့က လက်မှတ်ထိုးထားပြီး ဖြစ်သည်။ အသစ်တိုးလာမည့် နှစ်ဖွဲ့သည် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်နိုင်လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖက်ဒရယ်မူ အခြေခံစည်းမျဉ်းများကို ဆွေးနွေးရန်အတွက် ငြိမ်းချမ်းရေးညီလာခံ တတိယအကျော့ကို ဖေဖော်ဝါရီလအတွင်း ကျင်းပရန် အလားအလာရှိသည်။

အဆိုပါ တိုးတက်မှုသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရှေ့သို့ တစ်လှမ်းတိုးခြင်းကို ထင်ဟပ်သည်။ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ မတ်လတွင် အာဏာလွှဲပြောင်း လက်ခံခဲ့ပြီးနောက် သူမ၏အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးရရှိရေးကို ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၆ ဩဂုတ်လ ၃၁ ရက်တွင် ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ယူကျင်းပခဲ့သည်။ သို့ရာတွင် ညီလာခံ နှစ်ကြိမ်အပြီးတွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၏ တောင်းဆိုထားမှု အတိုင်းအတာကို တပ်မတော် သို့မဟုတ် မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် သင့်မြတ်အောင် ညှိနှိုင်းရာတွင် လုပ်ရကိုင်ရခက်ခဲလာခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မည်သည့်တိုးတက်မှုကို ပြုလုပ်နိုင်ခဲ့သည်ဖြစ်စေ၊ အကယ်၍ တပ်မတော် ခေါ် မြန်မာစစ်တပ်အတွင်း ပြောင်းလဲမှု မရှိပါက တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အားလုံးနှင့် တစ်ခဲနက် သဘောတူညီမှု မရပါက မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ပဋိပက္ခ ဖြေရှင်းနိုင်ရေး အလားအလာမှာ ပါးလျနေဦးမည်သာဖြစ်သည်။

ပထမဆုံးအချက်အနေနှင့် ဖက်ဒရယ်စစ်တပ်ကိစ္စသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ကတည်းက တစ်သမတ်တည်း အငြင်းအခုံ ဖြစ်နေခဲ့သည်။ ဖက်ဒရယ်စနစ်သစ် လက်အောက်တွင် စစ်တပ်တစ်ခုတည်း ရှိရမည်ဟူသောအချက်ကို တပ်မတော်က တစ်သမတ်တည်း ပြောဆိုနေခဲ့သည်။ သို့ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကမူ ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးကို ဆက်လက်ထားရှိခွင့်ရစေမည့် ဖက်ဒရယ်တပ်မတော်ပုံစံကို လိုလားနေကြသည်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအနေနှင့် ၎င်းတို့၏ လက်နက်များနှင့် တပ်ဖွဲ့ဝင်များကို ဆက်လက်ထားရှိပါက တိုင်းပြည်၏ပိုင်နက် အချုပ်အခြာ စုစည်းမှုအပေါ် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဟု တပ်မတော်က အခြေခံကျကျ စဉ်းစားခြင်းဖြစ်သည်။ ထို့အပြင် ဖက်ဒရယ်စစ်တပ်ရှိနေပါက ဒေသန္တရ အစိုးရများအပေါ် ပြည်ထောင်စုအစိုးရ၏ ထိန်းချုပ်နိုင်ခွင့် သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာ အနည်းငယ်သာ ရှိတော့မည့်အချက်ကိုလည်း စိုးရိမ်နေခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက အကယ်၍ မျှော်လင့်မထားသော တိုက်ခိုက်မှုများကို တပ်မတော်ဘက်က ပြုလုပ်လာခဲ့ပါက အဟန့်အတားအဖြစ် ရှိစေရန်အတွက် ၎င်းတို့၏တပ်ဖွဲ့များကို ဆက်လက် ထားရှိသင့်သည်ဟု အခိုင်အမာ စောဒက တက်လျက်ရှိသည်။ စေ့စပ်ညှိနှိုင်းနေသည့် နှစ်ဖက်အုပ်စုများအကြားတွင် မယုံကြည်မှု ဖြစ်တည်နေပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ထွက်ပေါ်လာမည့် ပဋိပက္ခ ဖြေရှင်းမှုမှန်သမျှသည် ကြာရှည်ခံနိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိအခြေအနေတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် အရပ်ဘက်အစိုးရက ကြိုးစားနေသည့်အချိန်တွင် တပ်မတော်၏တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ယုံကြည်မှုကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ ယခုနှစ်အစောပိုင်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၊ တအာင်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) တို့နှင့် တိုက်ပွဲအသစ်များ ပြန်လည် ဖြစ်ပွားစေခဲ့သည်။ တပ်မတော်၏ အဆိုပါလုပ်ရပ်များက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆက်လက် ထားရှိရေး အယူအဆကိုလည်း ပိုမိုခိုင်မာသွားစေခဲ့သည်။

ဒုတိယအချက်မှာ မြန်မာနိုင်ငံတွင် ၁၉၄၇- ၁၉၄၈ လွတ်လပ်ရေး ရယူပြီးကတည်းက အလွန့်အလွန် အကဲဆတ်ခဲ့သော ခွဲထွက်ရေးကိစ္စဖြစ်သည်။ လက်ရှိ ဃြဗ စာချုပ်အရ လက်မှတ်ထိုးထားသော အုပ်စုများသည် ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုရန် သဘောတူထားကြရသည်။ ဆိုလိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် လွတ်လပ်ရေး တောင်းဆိုခြင်းဖြစ်စေ၊ ပြည်ထောင်စုမှ လက်တွဲဖြုတ်မည့် မည်သည့်လှုပ်ရှားမှုကိုမဆို ထောက်ခံအားပေးခြင်းဖြစ်စေ ပြုလုပ်ခွင့်မရှိပေ။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက လက်တွဲမဖြုတ်ရေးမူကို သဘောတူရန် လိုလားမှုရှိကြသော်လည်း ခွဲထွက်ခြင်း မပြုရဟူသော စည်းကမ်းကို မနှစ်သက်ကြပေ။ အချို့အုပ်စုများက ထိုစည်းကမ်းကို အခြေခံရပိုင်ခွင့်များ ပေးခြင်းအပေါ် မူတည်ကာ ဆက်စပ်ထားလိုကြသည်။ ၁၉၄၇ အခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်ဆုံးဖြတ် စီမံခွင့်ရရှိသည့်အပြင် အခြေခံဥပဒေ စတင် အကျုံးဝင်ပြီး ဆယ်နှစ်အကြာမှသာ ခွဲထွက်ခွင့်ကို ရရှိခဲ့သည်။ သို့ဖြစ်ရာ ခွဲထွက်ခြင်းမပြုရဟူသော အချက်သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူခဲ့ကြသော ဖက်ဒရယ်မူကို ဖြစ်ပေါ်စေခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်၏ အနှစ်သာရကို ထင်ဟပ်သည့် ၁၉၄၇ အခြေခံဥပဒေနှင့် ဝိရောဓိဖြစ်နေသည်ဟု အချို့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက စောဒကတက်ကြသည်။

သို့သော်လည်း ပြည်ထောင်စုကို ထိန်းသိမ်းစောင့်ရှောက်ရေးသည် တပ်မတော်၏ ကာလရှည် ယုံကြည်ချက်တစ်ခု ဖြစ်နေသည်။ ထို့အပြင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုများနှင့် နိုင်ငံရေး ကြားဝင်စွက်ဖက်မှုများအတွက် အကြောင်းပြချက်တစ်ခုလို ဖြစ်နေခဲ့သည်။ သာဓကအနေနှင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပြည်ထောင်စုကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မပြိုကွဲအောင် တားဆီးရန်ဟူသော အကြောင်းပြချက်များဖြင့် ၁၉၆၂ တွင် ဦးနုအစိုးရထံမှ အာဏာသိမ်းခဲ့သည်။ သို့ဖြစ်ရာ တပ်မတော်က ၎င်း၏ ယုံကြည်ချက်အပေါ် အလျှော့ပေးကာ ညှိနှိုင်းလာမည်ကို မြင်တွေ့ရဖို့ ခက်ခဲပေသည်။

တပ်မတော် ခေါ် မြန်မာစစ်တပ်၏ အလျှော့မပေးသည့် သဘောထားသည် တိုင်းရင်းသားလက်နက် ကိုင်အုပ်စုများ လက်နက် ဆက်ကိုင်ထားခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး တိုက်ပွဲများကို ဆက်လက် ဖြစ်ပွားစေနိုင်သည်။ ထိုသို့ တိုက်ပွဲများ ဆက်ဖြစ်နေခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအပေါ် တပ်မတော်က စစ်ဆင်ရေးများ ဆက်လုပ်နိုင်ရန် နောက်ထပ် အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်သည်။ စဉ်းစားကြည့်လျှင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအကြား နိုင်ငံရေးသဘောတူညီချက် မရနိုင်သေးပါက အကြမ်းဖက် တိုက်ခိုက်မှုသံသရာ ဆက်လည်နေဦးမည့် အလားအလာ ရှိနေသည်။

မြန်မာနိုင်ငံတွင် တပ်မတော် ခေါ် မြန်မာစစ်တပ် က အဓိက နိုင်ငံရေးပလေယာအဖြစ် ဆက်ရှိနေသော အချက်သည် အကဲခတ်လေ့လာသူများအကြား အငြင်း ပွားစရာ မရှိပေ။ သိသာထင်ရှားသော အပြောင်းအလဲ မှန်သမျှသည် တပ်မတော်အတွင်းကသာ စတင်ဖြစ်ပေါ် လာနိုင်စရာရှိသည်။ ၁၉၆၂ နောက်ပိုင်း နှစ်ငါးဆယ် အတွင်း ပေါ်ထွက်လာသော ပထမဆုံး အရပ်ဘက်အစိုးရ သည် တပ်မတော်က ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် ရေးရာ အဓိကသုံးဌာနကို ဆက်လက်ချုပ်ကိုင်ထား သည့်ကြားမှ တိုင်းပြည်ကို ခက်ခက်ခဲခဲ စီမံအုပ်ချုပ်နေ ရခြင်းဖြစ်သည်။ ဤအခြေအနေသည် နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင်ကဏ္ဍမှ ပါဝင်ရေးဟူသော စစ်တပ်၏အယူအဆမှ မြစ်ဖျားခံ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

NLD ပါတီ၏ အာဏာရမှုသည် ခိုင်မြဲမှု မရှိ သေးသောကြောင့် ပထမဆုံး အရပ်ဘက် ဒီမိုကရေစီ အစိုးရအနေနှင့် စစ်တပ်အာဏာသိမ်းမှုကို တားဆီးရန် အတွက် တပ်မတော် ခေါ် စစ်တပ်ကို အနှောင့်အယှက် ဖြစ်အောင် သေချာပေါက် ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ထိုသို့ စစ်တပ်အာဏာသိမ်းမှုကို စိုးရိမ်ရသောအချက် ကြောင့် NLD အစိုးရသည် တပ်မတော်နှင့် နိုင်ငံရေးအရ သဘောကွဲလွဲမှုကို ဖန်တီးလိမ့်မည်ဟု ယူဆစရာ အကြောင်းမရှိပေ။ ကိုယ်ပိုင်ဆုံးဖြတ်စီမံခွင့်နှင့် ခွဲထွက် ခွင့်ကဲ့သို့ နိုင်ငံရေး အလျှော့အတင်း ကိစ္စများသည် နိုင်ငံတော်ကို သစ္စာဖောက်ခြင်းဟု ရှုမြင်ခံရမည်ဖြစ် သည်။ သို့ဖြစ်ရာ NLD အစိုးရသည် ၎င်း၏ ရွေးချယ်တင်မြှောက်ခံ အာဏာကို အန္တရာယ်ပေးနိုင်သည့် နိုင်ငံရေး အလျှော့ပေးမှုများကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကမ်းလှမ်းလိမ့်မည် မဟုတ်ပေ။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့သို့တိုးရာလမ်းတွင် ကြီးမားသော စိန်ခေါ်မှုများ ပြည့်နှက်နေသည်။ သို့ရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အခွင့်အလမ်းမှန်သမျှကို ဖမ်းဆုပ်လိုပါက တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား ယုံကြည်မှု တည်ဆောက်ရေးကို စတင်တာ ထွက်မှတ်အဖြစ် စဉ်းစားရမည်ဖြစ်သည်။ ပဋိပက္ခများသည် သဘောသဘာဝအရ နိုင်ငံရေး ပြဿနာဖြစ်သည့်အလျောက် နိုင်ငံရေးအရ သဘောတူညီမှုကို လိုအပ်သည်။ နှစ်ဖက်စလုံး တစ်ဖက်နှင့်တစ်ဖက် စိုးရိမ်မှုများကို အပြန်အလှန် နားထောင်ကြပြီး တိုင်းပြည်နှင့်လူထု၏ အကျိုးစီးပွားကို ရှေးရှုကာ အလျှော့ပေးညှိနှိုင်းရန် အဆင်သင့်ဖြစ်နေခြင်းသည်သာလျှင် အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်နိုင်စရာရှိသည်။

Ref : The Diplomat