News

POST TYPE

OPINION

ဘာကြောင့် ပြည်နယ်တောင်းသလဲ
10-Sep-2016

ခွဲထွက်ခွင့် အပါအဝင် တိုင်းရင်းသား မျိုးနွယ်စုများအတွက် ကိုယ်ပိုင်ပြည်နယ်များ တောင်းဆိုခဲ့သော်လည်း ယခု ပြည်နယ် တောင်းဆိုမှုက ထိုသို့ မဟုတ်တော့။ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့်နှင့် စီးပွားရေး၊ ယဉ်ကျေးမှုတို့က အခရာ ဖြစ်လာသည်။

ကိုယ်ပိုင်ပြည်နယ် မရှိသော တိုင်းရင်းသားအချို့ လူမျိုးစု ပြည်နယ်များတွင် ဖိနှိပ်ခံရခြင်း၊ ခွဲခြား ဆက်ဆံခံရခြင်းတို့ကလည်း ပြည်နယ် တောင်းဆိုရခြင်း၏ အကြောင်း တစ်ခုဖြစ်သည်။ ကိုယ်ပိုင် လူမျိုးစု အမည်ဖြင့် ပြည်နယ်ရမှ ထိုပြဿနာများကို ကျော်လွှားနိုင်မည်ဟု ယူဆကြခြင်းလည်း ဖြစ်သည်။

ရှမ်းနီနှင့် “ဝ”တို့၏ ပြည်နယ် တောင်းသံက အကျယ်လောင်ဆုံးနှင့် အငြင်းပွားရဆုံး ဖြစ်နေသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင် ရှစ်ခုကို ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုသည်။

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရှိ ခြောက်မြို့နယ်အပါအဝင် ကျိုင်းတုံဒေသ လေးမြို့နယ်ကို ထပ်ပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁ဝ ခုကို စုစည်းကာ “ဝ”ပြည်နယ်အဖြစ် တောင်းဆိုထားသည်။

ရှမ်းနီပြည်နယ် တောင်းမှုကို ကချင်တို့က အပြင်းအထန် ကန့်ကွက်သည်။ “ဝ” ပြည်နယ်ကိစ္စလည်း ရှမ်းတို့က လက်မခံပါ။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းများ ဖွဲ့ထားသည်။

နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများနှင့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတို့ ဖြစ်သည်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် တိုင်းအတွက် အဖွဲ့ဝင် ၁ဝ ဦးပါ ဒေသဦးစီး အဖွဲ့များ ဖွဲ့ရမည်ဖြစ်ပြီး ယင်းအဖွဲ့ ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၏ ဝန်ကြီးလည်း ဖြစ်သည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေအတွက် ကိုယ်ပိုင် ဥပဒေများ အကန့်အသတ်ဖြင့် ရေးဆွဲခွင့် ရှိသလို ဘတ်ဂျက်ကိုလည်း ရေးဆွဲ သတ်မှတ်နိုင်သည်။

ယင်းနယ်မြေအတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကို ကြီးကြပ် ကွပ်ကဲပိုင်ခွင့် ရှိသည်။

ပြည်နယ်များတွင်မူ အခွင့်အရေးက များစွာ ပိုသည်။ သီးခြား အစိုးရနှင့် သီးခြား လွှတ်တော်များ ရှိသည်။ ပြည်နယ်အရေးကို ပိုမို လွတ်လပ်စွာ စီမံ ခန့်ခွဲနိုင်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာလည်း ပြည်နယ် အစိုးရများက ပိုမို ရရှိသည်။

စီးပွားရေး စီမံခန့်ခွဲခွင့်နှင့် ဘတ်ဂျက် သုံးစွဲပိုင်ခွင့်လည်း ပိုရသဖြင့် သက်ဆိုင်ရာ မျိုးနွယ်စုများ၏ ဘာသာစကား၊ ယဉ်ကျေးမှု အပါအဝင် လူမှုဘဝ ဖွံ့ဖြိုးရေးကို ထိုပြည်နယ် အစိုးရက ပိုမို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိမည်ဖြစ်သည်။

သယံဇာတ ပေါများသည့် နယ်မြေဒေသ ဖြစ်လျှင် ကိုယ်ပိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်း ပိုများပေမည်။ 

သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်း ဗဟိုအစိုးရကို အာဏာအများစု ပုံအပ်ထားသဖြင့် အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်နယ်များသို့ အာဏာ ခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးနှင့် အခွန်အကောက် ခွဲဝေရေးကို အလေးထားလုပ်ရဖွယ် ရှိသည်။

တပ်မတော်ကလည်း ယင်းအချက်ကို လက်ခံထားသည်။

ပြည်နယ် တောင်းကြခြင်းမှာ ယခင်ကလို ခွဲထွက်ခွင့်အတွက် မဟုတ်တော့။ တိုင်းရင်းသား လက်နက်ကိုင် ဝါရင့်ကြီးများ ကိုယ်တိုင် ခွဲထွက်ရေးကို စွန့်လွှတ်ကြောင်း ကြေညာထားသည်။ ယခု တောင်းဆိုကြသည်က တန်းတူ အခွင့်အရေး ဖြစ်သည်။

များပြားလှသော တိုင်းရင်းသား မျိုးနွယ်စု အချင်းချင်းအကြား မျိုးနွယ်စုအမြင်ဖြင့် ကိုယ်ပိုင်ပြည်နယ်ရှိသူများ အခွင့်အရေး ပိုရခြင်း၊ ပြည်နယ် မရှိသူများ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူမှုစီးပွားများ လျစ်လျူရှုခံရခြင်း၊ မျိုးနွယ်စု အမည်များဖြင့် ပြည်နယ်အမည် သတ်မှတ်ထား၍ “ထိုမျိုးနွယ်စု ပြည်နယ်ရှိလျှင် ငါတို့လည်း ပြည်နယ် ရှိရမည်”ဟူသော အမျိုးဇာတိမာန်များ ပြင်းပြခြင်းတို့က ပြည်နယ် တောင်းကြခြင်း အကြောင်းရင်းခံများ ဖြစ်သည်။

၂၁ ရာစု ပင်လုံညီလာခံတွင် ရှမ်းနီ၊ ပအိုဝ်း၊ ပလောင်နှင့် “ဝ”တို့က ပြည်နယ်သစ်များ တောင်းဆိုသည်။ လက်နက်ကိုင် အဖွဲ့ရှိသော ပလောင်တို့က ညီလာခံတွင် တောင်းဆိုသလို အစိုးရနှင့် ညှိနှိုင်းစဉ်ကလည်း ကိုယ်ပိုင် ပြည်နယ်အတွက် နယ်မြေများ သတ်မှတ် တောင်းဆိုထားသည်။

မြေပုံ အကိုးအကား - ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးတွင် တင်သွင်းခဲ့သော စာတမ်းများကို ကိုကား ရေးဆွဲထားပါသည်။ တအာင်း/ပလောင် နယ်မြေအတွက်မူ တအာင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (TNLA) ဦးသိန်းစိန်အစိုးရနှင့် တွေ့ဆုံစဉ် ဆွေးနွေး တောင်းဆိုချက်မှ ရယူထားသည်။

နော်ကိုကို


  • VIA