News

POST TYPE

OPINION

ထမံသီ ဘေးမဲ့တောတွင် ကျားကောင်ရေ စစ်တမ်းကောက်မည်
26-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဧရိယာအတွင်းရှိ ကျားကောင်ရေကို ဒီဇင်ဘာလမှစ၍ စောင့်ကြည့် ကင်မရာ ၅၀ ကျော်ဖြင့် စစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS ထံမှ သိရသည်။

စစ်တမ်း ကောက်ယူရေး အစီအစဉ်တွင် ထမံသီ တောအတွင်းရှိ နန်ဖီးလင်းနှင့် နန်ရမ်းယင် ဧရိယာနှစ်ခုတွင် အပိုင်းလိုက် ကင်မရာများ တပ်ဆင်မည်ဖြစ်ကြောင်း၊ ကျားကောင်ရေ ၂၀ ဝန်းကျင်ခန့်ရှိမည်ဟု မျှော်မှန်းကြောင်း အဆိုပါအဖွဲ့မှ အကြီးတန်း နည်းပညာ အကြံပေးဖြစ်သူ ဦးစောထူးသာပိုက ဆိုသည်။

“ကျားမှာ ဘယ်နဲ့ညာ အစင်းရှိတယ်။ တောထဲမှာ ကင်မရာ တပ်ဆင်မယ့် ပွိုင့်လေးတွေ ခွဲထားတယ်။ တစ်ပွိုင့်ကို နှစ်လုံးစီလောက် တပ်မယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂလား ကျားမျိုးစိတ်နှင့် အင်ဒိုချိုင်းနား ကျားမျိုးစိတ်ဟူ၍ နှစ်မျိုး ကျက်စားနေထိုင်ပြီး စစ်တမ်းကောက်ယူမှုပြီးဆုံးပါက ကျားပမာဏနှင့် ညီမျှသော အစာကွင်းဆက်ကို တောဧရိယာအတွင်း ထည့်သွင်း လွှတ်ပေးရန် စီစဉ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS မှ သိရသည်။

မြန်မာနိုင်ငံ သစ်တောဧရိယာအတွင်း ၁၉၉၀ ခုနှစ်ကျော်အထိ ကျားကောင်ရေ သုံးထောင်နီးပါး ကျက်စားနေထိုင်သည်ဟု သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ပညာရှင်များက ခန့်မှန်းထားခဲ့သည်။

၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် သစ်တော အလွန်အကျွံ ပြုန်းတီးမှု၊ သားရိုင်းတိရစ္ဆာန် အမဲလိုက် သတ်ဖြတ်ခံရမှုနှင့် တိရစ္ဆာန် အစာကွင်းဆက် ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ကာ ကျားကောင်ရေ အလွန်အမင်း လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သဘာဝပ တ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကမ္ဘာပေါ်မှာ ကျားက မျိုးတုံး အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။ ကျားရဲ့ မျိုးပွားနှုန်းက နှေးကွေးတယ်။ ကျားတွေ အသက်ရှင်ဖို့က တောနဲ့ညီညွှတ်တဲ့ဝန်းကျင်၊ သူစားသောက်တတ်တဲ့ သတ္တဝါ အကောင်ငယ်လေးတွေ ရှိဖို့လိုတယ်”ဟု ၎င်းက ပြောကြားသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် မြန်မာ့ကျားမျိုးစိတ် မပျောက်ကွယ်ရေးအတွက် ထိန်းသိမ်းရေး ဧရိယာအချို့ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပြီး ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသကို ကျားထိန်းသိမ်းရေး ဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။

လက်ရှိတွင် ကျားကောင်ရေ အများဆုံး ကျက်စားနေထိုင်သော ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်သည့်အပြင် ရှားပါး ပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ ကျားများ၊ ဆင်များ၊ အခွံမာလိပ်မျိုးများ ခိုလှုံရာ ဒေသတစ်ခုလည်း ဖြစ်သည်။

ဟူးကောင်း ချိုင့်ဝှမ်းဒေသ သဘာဝ ဘေးမဲ့တော ထိန်းသိမ်းရေး နယ်မြေအဖြစ် ကချင်ပြည်နယ်ရှိ မိုးကောင်း၊ ဖားကန့်၊ တနိုင်း၊ ရှင်ဗွေယန်၊ စစ်ကိုင်းတိုင်းရှိ ခန္တီး၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင်ဒေသများကို သတ်မှတ်ထားပြီး ဧရိယာ စတုရန်း မိုင် ၈၄၅၂ မိုင်ခန့် ကျယ်ဝန်းကာ ကမ္ဘာ့ အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည်။

J-17


  • VIA