News

POST TYPE

OPINION

ပလက်ဝရှိ စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ စတင်ထောက်ပံ့
19-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၁၈

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ တိုက်ပွဲများကြောင့် ပလက်ဝမြို့သို့ ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေး ဒုက္ခသည်များကို ချင်းပြည်နယ် အစိုးရ၊ လူ/ကယ်/ပြန် ဝန်ကြီးဌာနနှင့် ဝေဠုကျော် ဖောင်ဒေးရှင်းက ရိက္ခာများ သုံးလစာ ကနဦး ထောက်ပံ့ပေးခဲ့ကြောင်း ပြည်နယ်အစိုးရ စည်ပင်သာယာ ရေးဝန်ကြီး ဆလိုင်းအက်ဇက်ခင်က ပြောကြားသည်။

တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များထံသို့ ပြည်နယ်အစိုးရ၊ လူ/ကယ်/ပြန် ဝန်ကြီးဌာနနှင့် ဝေဠုကျော် ဖောင်ဒေးရှင်းတို့ သွားရောက်ပြီး စစ်ဘေးရှောင်များအတွက် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆန်အိတ် ၂၀ဝ၊ လူ/ကယ်/ပြန်က ၁၀၄ အိတ်နှင့် အခြား အလှူများက ၇၆ အိတ်နှင့် တပ်မတော်က ၁၀ အိတ် စုစုပေါင်း ၃၉၀ ကျော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့က လှူဒါန်းခဲ့ပြီး ယင်းရိက္ခာများသည် စစ်ဘေးရှောင် လေးရာကျော်အတွက် သုံးလစာ ဖူလုံမည်ဟု ခန့်မှန်းရကြောင်း ၎င်းကဆိုသည်။

“အခု ထောက်ပံ့တာတွေကတော့ သုံးလလောက်တော့ ဖူလုံမယ်ထင်တယ်။ ကျွန်တော်တို့ ခန့်မှန်းတာကတော့ သူတို့က အနည်းဆုံး သုံးလေးလလောက်တော့ နေရမယ့်သဘောရှိတယ်။ တိုက်ပွဲထိတွေ့မှုတွေကတော့ ရှိနေတုန်းပဲ။ အထူးသဖြင့် ရွာဘက်တွေမှာ ဖြစ်တဲ့အတွက် ရွာသားတွေက ရွာမပြန်ရဲဘူး။ တောထဲမှာပဲ နေရမယ့် အနေအထားမျိုး ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က အရေးပေါ် လိုအပ်တာတွေ ဖြည့်ဆည်းထားပေးနိုင်တဲ့သဘော ရှိပါတယ်”ဟု စည်ပင်သာယာရေး ဝန်ကြီးက ဆိုသည်။

စစ်ဘေးရှောင်များ ယာယီနေထိုင် စားသောက်နိုင်ရန် ဆန်၊ ဆီ၊ ဆားအပြင် ချက်ပြုတ် စားသောက်ရန် အိုးခွက်ပန်းကန်များ၊ အဝတ်အစား၊ စောင်များလည်း ပံ့ပိုးပေးထားပြီး လက်ရှိတွင် စစ်ဘေးရှောင်များသည် အမျိုးတော်စပ်သူများထံနှင့် အခြားသော နေရာများတွင် ဖြစ်သလို နေထိုင်နေရပြီး အရေးပေါ် နေထိုင်နိုင်ရန် ယာယီရွက်ဖျင်တဲများ လိုအပ်နေပြီး အစိုးရအနေဖြင့် နောက်ပိုင်းတွင် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပလက်ဝမြို့နယ် အနီးတိုက်ပွဲများ ကြောင့် အိမ်ထောင်စု ၆၇ စုမှ လူဦးရေ ၃၃၄ ဦးနေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး အခြားသော စာရင်းမရရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိနိုင်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်ပြီး တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ ကုလားတန်မြစ် အနောက်ဘက် ခြမ်းကန်သရက်တောင်တန်းအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်သည်များ ကျဆုံးမှုများရှိခဲ့သည်။

ယင်းထိတွေ့မှုတွင် AA အဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသော်လည်း AA ဘက်ကမူ တပ်မတော်ဘက်က စတင် ဝင်ရောက်၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) သည် ပြီးခဲ့သည့် ၂၀၁၅ နှစ်ကုန်ပိုင်းခန့်က စတင်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် NCA ရေးထိုးရခြင်းမရှိ သေးသည့် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များပါဝင်သည့် နိုင်ငံရေးမဟာမိတ်အဖွဲ့ (FCNPP) အတွင်းပါဝင်နေသည်။

J-09


  • VIA