News

POST TYPE

OPINION

ဘင်္ဂလားဒေ့ရှ်တို့ ခေါင်းခဲစေရတော့မယ်
25-Sep-2017
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ဘင်္ဂါလီ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ဖိအားပေးလာခဲ့တဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ၁၉၉၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ချုပ်ဆိုခဲ့ တဲ့ ဘင်္ဂလားနဲ့မြန်မာ နားလည်မှုစာချွန်လွှာ (Memorandum Of Understanding-MoU 1993) အတိုင်းသာ ပြန်လည်လက်ခံမယ်၊ အဲ့ဒီ MoU အရ နှစ်နိုင်ငံအကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မူတည်ပြီး မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့ကြောင်း နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ် (Verification Process) ကို အချိန်မရွေး စတင်နိုင်ဖို့အတွက် ပြင်ဆင်ထားကြောင်း၊ အဲဒီအပေါ် မူတည်ပြီးတော့သာ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မတို့ အဆင်သင့်ရှိကြောင်းနဲ့ အဲဒီအချိန်က သဘောတူညီထားတဲ့ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာမှာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ကမ္ဘာ့နိုင်ငံတွေက သံတမန်တွေကို ရှင်းလင်းပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

အခုဆိုရင် နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေ အရဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးလာနေကြတဲ့ ဘင်္ဂါလီ ဒုက္ခသည် အရေအတွက်ဟာ လေးသိန်းကျော် ရှိပြီလို့ ဖော်ပြနေကြသလို ဒီလူတွေဟာ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ၊ သူတို့လူမျိုးတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေကြောင့်လို့ စွပ်စွဲပြောဆိုနေကြပြီး ဒီလူတွေကို မြန်မာအစိုးရက ပြန်လက်ခံပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ကြိုးစားမှုကို ကျန်တဲ့အနွယ်တူ နိုင်ငံတွေက ထောက်ခံအားပေးခဲ့ကြပြီး ယခုရက်ပိုင်း ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မှာ ဆွေးနွေးချက်အဆိုတစ်ရပ် တင်သွင်းကြဖို့ စီစဉ်ထားကြတာပါ။ ဒီလိုအခြေအနေတွေကို ကြိုတင်သိရှိထားတဲ့ မြန်မာအစိုးရအနေနဲ့ ကြိုကြိုတင်တင် တုံ့ပြန်ထားခဲ့ခြင်းပဲ ဖြစ်သလို ထွက်မပြေးဘဲ ကျန်ခဲ့တဲ့ မွတ်ဆလင် ကျေးရွာပေါင်း တစ်ဝက်ကျော်ကျော်ဟာ ခြေရာလက်ရာမပျက် ကျန်ရှိနေပြီး နယ်မြေရှင်းလင်းရေးကို စက်တင်ဘာ ၅ ရက် နေ့မှာ ရပ်ဆိုင်းခဲ့ပေမယ့် ဘာလို့ဆက်တိုက်ဆိုသလို နေ့စဉ်နဲ့အမျှ ထွက်ပြေးနေရတာလဲဆိုတဲ့ အဖြေကို ကမ္ဘာ့နိုင်ငံက သံတမန်တွေကပါ ရှာရမယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

မွတ်ဆလင်တွေနေတဲ့ နေရာတိုင်း ပြဿနာဖြစ်ခဲ့တာ မဟုတ်တဲ့အတွက် ပြဿနာဖြစ်ခဲ့တဲ့ နေရာရော၊ မဖြစ်ခဲ့တဲ့ နေရာမှာလည်း ဘာကြောင့် မဖြစ်တာလဲ၊ ဘာကြောင့် ပြဿနာဖြစ်တဲ့ နေရာတိုင်းမှာ ဆက်နေကြရတာလဲဆိုတဲ့ အမှန်တရားကို သိရဖို့ ဒီလူတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်မေးမြန်းကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ သံတမန်တွေကို ပြောကြားတဲ့အထဲမှာ ရဲရဲဝံ့ဝံ့ချပြပြီး အမှန်တရားအတွက် ထပ်တလဲလဲ စိန်ခေါ်သွားခဲ့တာကို တွေ့ရှိကြရမှာပါ။

ဒါ့အပြင် နိုင်ငံသားစိစစ်ရေးလုပ်ငန်း (Verification Process) မှာ အချို့မွတ်ဆလင်တွေက ပါဝင်ဖို့ ငြင်းဆန်နေတဲ့အတွက် ဒီလိုလူတွေ ပါဝင်အောင် ကူညီပေးမယ့် အဖွဲ့အစည်းတွေကို လှိုက်လှဲစွာ ကြိုဆိုမှာဖြစ်ပြီး ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အပေါ် အခြေခံပြီး နိုင်ငံသားစိစစ်ရေးကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဒီလိုပြောလိုက်ခြင်းဖြင့် တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပဲဖြစ်ပြီး တရားဝင် နေထိုင်သူတွေ အားလုံးကို အချိန်မရွေး ပြန်လည်လက်ခံဖို့ အဆင်သင့် ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ကို နာမည်ထုတ်ဖော်ပြီး အတိအလင်း ပြောသွားခဲ့ပါတယ်။ ပြန်လည်လက်ခံမယ်လို့ အသိပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ချင်ရင် အတူပူးတွဲ လုပ်ဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ကျေးရွာတွေ  မီးရှို့ခံရတယ် ဆိုတာနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေတဲ့အတွက် နှစ်ဖက်စလုံးရဲ့ အသံတွေ နားထောင်ပြီး ပြဿနာဇာစ်မြစ်ကို ရှာရမယ်လို့ ပြောလိုက်ခြင်းဖြင့် အချက်အလက် မခိုင်လုံဘဲ ၎င်းတို့ ပြောသလို တပ်မတော်ကို ရှုတ်ချရမယ်လို့ ပြောဆိုနေမှုတွေကိုပါ ပယ်ချခဲ့တာကို တွေ့ရပါတယ်။

ကုလသမဂ္ဂအနေနဲ့ နိုင်ငံများ လူမျိုးများအကြား ငြိမ်းချမ်းရေးနဲ့ သဟဇာတ ဖြစ်ရေးကို ဦးတည်ပြီး ဖွဲ့စည်းကာ ရှေ့လျှောက် ဒုတိယကမ္ဘာစစ်ကြီးလို ပဋိပက္ခကြီး ထပ်မံမဖြစ်ရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ် ဆိုတာ အလေးအနက်ထား သတိပေးသွားခဲ့ပြန်ပါတယ်။

ကမ္ဘာ့မီဒီယာများနဲ့ OIC နိုင်ငံများ အသိုင်းအဝိုင်းက UNGA မှာ ဆွေးနွေးရမယ့်ကိစ္စ အနေနဲ့ မြောက်ကိုရီးယား နျူကလီးယားအရေးပြီးရင် ဒုတိယနေရာအဖြစ် သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်မှ ထွက်ပြေးနေရတဲ့ မွတ်ဆလင်များကို မြန်မာအစိုးရက ဖြေရှင်းရေးအဖြစ် ရှုမြင်ခဲ့ကြပေမယ့်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂမှာ ပြောကြားသွားတဲ့ မိန့်ခွန်းမှာတော့ ဒီဘင်္ဂလားဒေ့ရှ်က သူတို့ပြောတဲ့ ဒုက္ခသည်တွေအကြောင်း တစ်လုံးတစ်ပါဒမျှ ရည်ညွှန်းပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ကြိုဆိုလိုက်ပြီး အမေရိကန် အနေနဲ့ ဘာအကူအညီ ပေးရမလဲလို့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဘင်္ဂါလီဒုက္ခသည်ဆိုတဲ့ သူတွေကို ပြန်လက်ခံဖို့ဆိုတဲ့အပေါ် ယခင်က ချမှတ်ပြီးသား စိစစ်ရေးနည်းလမ်း (Verification Method) အတိုင်း စိစစ်လက်ခံသွားမယ်။ ဒီအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံအောင်နဲ့ သူတို့ဘက်က အစစ်ဆေးခံအောင်သာ နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းပေးကြဖို့ ပြောကြားခဲ့တာကိုကြည့်ရင် မြန်မာအစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း သွားမယ်ဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာပါပဲ။ အာနန် အစီရင်ခံစာမှာပါတဲ့ ထိုဥပဒေကို ပြင်ဆင်သင့်ရင် ပြင်ဆင်ရမယ်ဆိုတဲ့ အကြံပြုချက်အတိုင်း ဖြစ်မလာဘူးလို့လည်း အရိပ်အမြွက် ပြသခဲ့ရာ ရောက်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ ရခိုင်ဒေသက မွတ်ဆလင် လူ့အသိုင်းအဝိုင်းလို့ သုံးသွားတဲ့အတွက် ရိုလိန်ညာဆိုတဲ့ အမည်ကို လက်မခံခဲ့တာလည်း ပေါ်လွင်ခဲ့သလို မြန်မာကို ခြိမ်းခြောက်၊ ပြစ်တင်၊ အပုပ်ချတာတွေဟာ ဘာမှထိရောက်မှာ မဟုတ်ဘူး၊ အကျိုးမရှိဘူး၊ အကောင်းမြင် စိတ်သဘောနဲ့ ပူးပေါင်းကူညီပေးခြင်းကသာ ပြဿနာကို ပြေလည်စေနိုင်တယ်လို့ ပြည်ပကမ္ဘာမှာ အပြစ်တင်ပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့တာကို မြင်ရပါတယ်။

ဒီဘင်္ဂါလီ ဒုက္ခသည် အရေးတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား သူ့ဘက်ကိုယ့်ဘက် ပြန်လည်လက်ခံရေးတွေနဲ့ ပတ်သက်ပြီး ပါဝင်တဲ့ အချက်တွေကို အကြမ်းဖျင်း လေ့လာကြည့်ရင် ပထမတစ်ချက်က ဘင်္ဂါလီ ဒုက္ခသည်တွေ အနေနဲ့ သူတို့မြန်မာနိုင်ငံမှာ နေခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာ တင်ပြနိုင်ရမှာဖြစ်ပြီး ဒုတိယအချက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ မွေးခဲ့တဲ့ သက်သေခံ စာရွက်စာတမ်းပြနိုင်တဲ့လူတွေ ဖြစ်ရမယ်ဆိုတာ ပါပါတယ်။ ဒါ့အပြင် နောက်အရေးကြီးဆုံး အချက်တွေကတော့ မြန်မာနိုင်ငံ အစိုးရကို ပြန်လည်ဆန့်ကျင် တိုက်ခိုက်နေတဲ့လူတွေ မဖြစ်ရမယ့်အပြင် သူတို့ကိုယ်တိုင် မြန်မာပြည်ကို လိုလိုချင်ချင်နဲ့ ပြန်လာချင်တဲ့လူတွေ ဖြစ်ရမယ် ဆိုတာတွေ ပါဝင်ပါတယ်။ ကျန်တဲ့အချက်တွေလည်း  အများကြီး ကျန်နေသေးတာမို့ ရှည်ရှည်ဝေးဝေးတော့ မပြောတော့ပါဘူး။ ဒီအချက်တွေနဲ့တင် သူတို့ကို ပြန်လက်ခံဖို့ ဆိုတာ အတော်လေးကို စိစိစစ်စစ်နဲ့ လုပ်ဆောင်စဉ်းစားကြရမှာ ဖြစ်တဲ့အပြင် အစိုးရ အနေနဲ့လည်း ဒုက္ခသည်ဆိုသူတွေနဲ့ အချက်အလက် အတော်များများကို ထောက်လှမ်းစုဆောင်းထားရှိပြီးပြီလည်း ဖြစ်နိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က လူမှန်သမျှ မည်းမည်းမြင်ရာ ပြန်လက်ခံကြဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရခိုင်အကြမ်းဖက်ခံရမှုအတွက် ဘင်္ဂလားကို ကူညီမယ်လို့ မပြောပါဘူး။ ဘာထင်မြင်ချက်မှ မပြောခဲ့ပါဘူး။

စက်တင်ဘာ ၁၈ ရက်နေ့က United Nations မှာလုပ်တဲ့ GA အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ Bangladesh ဝန်ကြီးချုပ် Sheikh Hasina တို့ တွေ့ဆုံခဲ့ကြတုန်းကလည်း ဒေါ်နယ်ထရမ့် အနေနဲ့ ရခိုင်ကိစ္စကို ဘာထင်မြင်ချက်မှ မပြောခဲ့တာမို့ သူတို့ (United America-UA) အကူအညီ မရနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေသွားခဲ့တာ မြင်ရပါသေးတယ်။ ဆိုလိုချင်တာကတော့ ဘင်္ဂလားဒေ့ရှ် အနေနဲ့ သူတို့နိုင်ငံ အတွင်းမှာ ကြီးမားတဲ့ လူဦးရေ ပေါက်ကွဲမှုတွေအတွက် ထိန်းချုပ်ဖို့ ကြိုးစားကြရမယ့်အစား ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ ထောက်ခံမှုအားကိုသာ လိုက်တောင်းယူပြီး မြန်မာအစိုးရဘက်ကို ဖိအားတစ်ရပ် အနေနဲ့ ပြန်လက်ခံဖို့အရေး ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အမှန်ဆိုရင် ဒီဒုက္ခသည်တွေ ဆိုတာကလည်း သူတို့နိုင်ငံဘက်က လူတွေသာ အများစု ဖြစ်နေခဲ့တာပါ။

ဒါတွေအပြင် အိန္ဒိယနိုင်ငံအ နေနဲ့ပါ ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာဆိုသူ ဒုက္ခသည်တွေကို လက်ခံကြဖို့ဆိုတဲ့ အရေးကို ခံစားနေရပြီး ဒီရိုဟင်ဂျာ ဆိုသူများထဲမှာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပါကစ္စတန် အခြေစိုက် လက်နက်ကိုင်အုပ်စုများနဲ့ အဆက်အသွယ်ပြုသူများ၊ တရားမဝင် လမ်းကြောင်းဖြင့် ငွေပို့/ယူ လုပ်နေကြသူများ ပါဝင်နေတာမို့ ဒုက္ခသည် အမည်ခံ ၄၀,၀၀၀ လောက်က အိန္ဒိယအစိုးရ နှင်ထုတ်တော့မယ်လို့လည်း စက်တင်ဘာ ၁၅ ရက်နေ့က Al Jzaeera သတင်းဌာနက ရေးသားဖော်ပြခဲ့တာကို မြင်ရပါတယ်။

ဒီအတွက် ဖော်ပြခဲ့သမျှကို ပြန်ပြီးချုပ်လို့ နိဂုံးချုပ်လိုက်ရင် ယခုရက်ပိုင်း ကျင်းပနေတဲ့ UNGA အစည်းအဝေးကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ အဆိုတင်သွင်း ကြိုးစားလာတော့မယ့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ အရေးဆိုတဲ့ အရေးကို မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ထားရှိခဲ့တဲ့ 93MoU နဲ့သာ ဆက်လက်ဆောင်ရွက်မယ့်အကြောင်း နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းကို ကြိုကြိုတင်တင် ချပြထားခြင်းအားဖြင့် သူတို့ရဲ့ကြိုးပမ်းချက်တွေဟာ အရာမထင်တော့ဘဲ ကိုယ့်အတတ်နဲ့ ကိုယ်စူးသလို အလိမ်အညာတွေဟာ ကမ္ဘာ့အလယ်မှာ ဘူးပေါ်သလို ပေါ်လာတော့မှာ အမှန်ပင် ဖြစ်ပါကြောင်း သုံးသပ်ရေးသား တင်ပြလိုက်ရပါတယ်။ 

အောင်ဇေယျ