News

POST TYPE

OPINION

နိုင်ငံရေးသမားကောင်း စစ်သားများ အလိုရှိသည် (Daily, Vol-5/No-95)
01-Aug-2017
ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသော ပဋိပက္ခများနှင့် ပြဿနာများ ပြေလည်ရေးတွင် ပြည်သူလူထု တင်မြှောက်ထားသော အစိုးရနှင့် အရပ်သား ကိုယ်စားလှယ်လောင်းများချည်းသက်သက် ဆောင်ကြဉ်း၍ မရနိုင်ဘဲ တိုင်းပြည်နိုင်ငံရေးကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ခဲ့သည့် တပ်မတော်မှ စစ်ဘက်ခေါင်းဆောင်များ ပါဝင်မှရမည်ဆိုသော အချက်ကို ပြည်သူများ အားလုံး သဘော ပေါက်နှင့်ပြီးဖြစ်ပါလိမ့်မည်။ တစ်နည်းဆိုရသော် အရပ်သား နိုင်ငံရေးသမားများနှင့် နိုင်ငံရေးကျွမ်းကျင်သည့် စစ်သားများလက်တွဲကာ နိုင်ငံတည်ဆောက်ကြရမည့်သဘော ဖြစ်ပါသည်။ သို့သော်လည်း စစ်သားဟုဆိုလိုက်သည်နှင့် ၂၀ဝ၈ အခြေခံဥပဒေကြောင်းအရ လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရယူထားကာ စစ်ယူနီဖောင်းဝတ်ဆင်ထားသော အရာရှိများကိုဖြစ်စေ၊ ယူနီဖောင်းချွတ်ကာ ကြံ့ခိုင်ရေးပါတီမှတစ်ဆင့် ကိုယ်စားလှယ်အဖြစ် နိုင်ငံရေး လောကထဲကိုဝင်သူ တစ်ဦးကိုဖြစ်စေ ပြေးမြင်ကြစမြဲဖြစ်သည် မဟုတ်ပါလော။
 
လက်ရှိအချိန်တွင် အာဏာရပါတီမှ အရပ်သား နိုင်ငံရေးသမားများနှင့် စစ်သားများအကြား ယုံကြည်မှု တည်ဆောက်နေဆဲပင်ဖြစ်ကာ ဆက်ဆံရေး ကောင်းတစ်ရပ် ထူထောင်ထားပြီး ဖြစ်သော်လည်း တစ်ဖက်နှင့်တစ်ဖက် အမှားမခံသည့် အနေအထားတွင်ရှိနေသည်ကို တွေ့ရပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံအုပ်ချုပ်ရေးကို တာဝန်ယူခဲ့သည့် တပ်မတော်ဘက်တွင် ရပ်တည်လိုသူများက အရပ်သားများ ဦးဆောင်သော အစိုးရအနေနှင့် အုပ်ချုပ်ရေး အတွေ့အကြုံ မရှိသည့်အတွက် မိမိမပါလျှင် မည်သို့မျှမဖြစ်နိုင်ဟု ယူဆထားဟန်ရှိသလို အစိုးရဘက်ကလည်း တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဟူသည့် စစ်အုပ်ချုပ်မှုပုံစံခွက်ထဲ ပြန်မရောက်ရေးနှင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် သတိကြီးစွာ လုပ်ကိုင်ဟန်ရှိပါသည်။ ထို့ပြင် အရပ်သား နိုင်ငံရေးသမားများကလည်း စစ်သားများဟူသည် အမိန့်နာခံမှုနှင့် တပ်မတော်အပေါ် သစ္စာစောင့်သိမှုကိုသာ အလေးထားသူများဖြစ်ပြီး နိုင်ငံရေးတတ်ကျွမ်းသူများ မဟုတ်ဟု ယူဆလေ့ရှိကြသည် မဟုတ်ပါလော။
 
ဤသို့သော ယူဆချက်မှာ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နှင့် ယူနီဖောင်းချွတ်ကာ ယခင်အာဏာရပါတီ(ကြံ့ခိုင်ရေး)တွင် ပါတီနိုင်ငံရေး လုပ်သော အငြိမ်းစား စစ်ဘက်ခေါင်းဆောင်များ ကိစ္စကြောင့် ဖြစ်သလို ၂၅ ရာခိုင်နှုန်းရသည့် လွှတ်တော်သို့မဟုတ် ကြံ့ခိုင်ရေးနှင့် မပတ်သက်သည့် နိုင်ငံရေးသမားကောင်း စစ်သားများ မွေးထုတ်နိုင်ခြင်း မရှိသောကြောင့် ဟု ဆိုရပေမည်။ တစ်နည်းဆိုပါက တပ်မတော်အစိုးရလက်ထက် တပ်မှ အငြိမ်းစားယူပြီး တပ်၏ပံ့ပိုးမှုကူညီမှု တစ်စုံတစ်ရာမပါဘဲ NLD နှင့် ကြံ့ခိုင်ရေးတို့ကဲ့သို့ အင်အားကြီးသည့် နိုင်ငံရေးပါတီကြီးတစ်ခုကို ဦးဆောင်နိုင်သော နိုင်ငံရေးသမားကောင်း စစ်သားများ မရှိသေးသောကြောင့်ဟု ဆိုလျှင်ပို၍ မှန်ပေမည်။ ကမ္ဘာ့နိုင်ငံများကိုကြည့်မည်ဆိုပါက စစ်မြေပြင်တွင် မျိုးချစ်စိတ် အပြည့်ဖြင့် ထူးထူးချွန်ချွန်နှင့် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ဖူးသော စစ်သားကောင်းများ တာဝန်မှ အငြိမ်းစားယူပြီးနောက် နိုင်ငံရေးလောကတွင်လည်း လျှမ်းလျှမ်းတောက် ပုဂ္ဂိုလ်အဆင့် ရောက်သွားသူ မြောက်မြားစွာ ရှိနေသည်ကို စာဖတ်သူများ သိကြပါလိမ့်မည်။ ဥပမာအားဖြင့်ဆိုရလျှင် အမေရိကန် နိုင်ငံရေးသမားကြီးများ ဖြစ်သော ဂျွန်မက်ကိန်းနှင့် ဂျွန်ကယ်ရီတို့ပင်ဖြစ်သည်။ သူတို့သည် ဗီယက်နမ် စစ်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ဖူးကြသည့် စစ်သား အရင့်အမာကြီးများဖြစ်သည်ကို ၎င်းတို့၏ အထ္ထုပ္ပတ္တိ ဖတ်ရှုဖူးသူတိုင်း သိရှိကြပါလိမ့်မည်။ နှစ်ဦးစလုံး အမေရိကန် ရွေးကောက်ပွဲ၌ ကပ်၍ ရှုံးနိမ့်ခဲ့ကြသော်လည်း ပြည်သူလူထု၏ ထောက်ခံမှု အများစု ရရှိခဲ့ကြသူများ ဖြစ်သည်ဟုဆိုလျှင်လည်းမှားမည် မဟုတ်ပေ။ 

၎င်းတို့သည် နိုင်ငံရေးတွင် အမေရိကန်စစ်တပ်၏ ပံ့ပိုးမှုတစ်စုံတစ်ရာမပါရှိဘဲ အောင်မြင်ခဲ့ကြသူများ ဖြစ်သလို ယင်းသို့ အောင်မြင်ရခြင်းမှာလည်း အဆိုပါ လောင်းရိပ် ကင်းခြင်းကြောင့်ဟု ဆို၍ရနိုင်ပေသည်။ မြန်မာနိုင်ငံတွင် တပ်မတော်ဟူသည် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ တစ်ခုတည်းသာမက ရေရှည် တည်ဆောက်ယူရမည့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသည့် အင်အားစုကြီးတစ်ခုဖြစ်ပေရာ အတွေးအခေါ်နှင့် နိုင်ငံရေးအမြင် လွတ်လပ်ပြီး လောင်းရိပ်ကင်းကာ အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေး သမားကောင်း စစ်သားများ မွေးထုတ်ပေးရန်လည်း တပ်မတော်တွင် အထူး တာဝန်ရှိကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၃၁-၇-၂၀၁၇)


  • VIA