News

POST TYPE

OPINION

ကားကို စိတ်နဲ့မောင်းပါ
31-Jul-2017

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာ အနီး ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၄၆/၆ နှင့် ၄၆/၇ အကြား၌ ဇူလိုင်လ ၂၆ ရက်နေ့က ရဲအောင်လံ ခရီးသည်တင်ယာဉ်နှင့် စေတနာရှင် ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြရာ လေးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုအနီး YBS အမှတ် ၅၅ လိုင်းမှ ခရီးသည်တင်ယာဉ်သည် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး YBS ယာဉ်လိုင်း အမှတ် ၃၇ မှယာဉ်ကို မျက်နှာချင်းဆိုင် တိုက်မိပြီး ခရီးသည် ၁၀ ဦးခန့် သေဆုံးကာ သုံးဆယ်ကျော် ဒဏ်ရာ ရရှိခဲ့ပါသေးသည်။

အဆိုပါဖြစ်စဉ်များမှာ ယခုနှစ်အတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်များအနက် လူအသေအပျောက် အများဆုံးဖြစ်စဉ်များဖြစ်မည်ဟု ယူဆပါသည်။ မကြာသေးမီက သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ခဲ့ရာတွင် တစ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၊ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်များအရ လူအသေအပျောက်စာရင်းများမှ ကြောက်ခမန်းလိလိ ဖြစ်သည်ကို တွေ့ရပါသည်။

ဤကဲ့သို့ဖြစ်ရသည့်ဖြစ်စဉ်များကို စဉ်းစားကြည့်ရာ၌ ရရှိသောအဖြေမှာ ယာဉ်မောင်းတို့သည် ယာဉ်ကို မောင်းနှင်ရာ၌ ခြေ၊ လက်တို့ကိုသာ အသုံးပြု၍ မောင်းနှင်ကြသည့်အတွက် ဤကဲ့သို့ မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်ရသည်ဟူ၍ ထင်မြင်ယူဆမိပါသည်။ ဤသို့ဆိုလျှင် “ကားကို ခြေနဲ့ လက်နဲ့ မမောင်းလို့ ဘာနဲ့မောင်းရမှာလဲ၊ ပါးစပ်နဲ့ မောင်းရမှာလား”ဟူ၍ ကျွန်တော့်အား အထူးအဆန်းသဖွယ် ဝိုင်း၍ပြောကြမည်ကို မြင်ယောင်မိပါသည်။ သာမန်အားဖြင့်ကြည့်လျှင်တော့ “ကားသော့ကို လက်ဖြင့် လှည့်၍ဖွင့်၊ စက်နိုးလာလျှင် ဂီယာ (Gear) တံကို လက်ဖြင့် ရွှေ့ပြောင်းပြီး၊ လီဗာ (Lever) ကို ခြေဖြင့်နင်းကာ စတီယာရင် (Steering)ကို လက်နှင့်ကိုင်လျက် မောင်းထွက်ရုံမျှပင်ဖြစ်သည်”ဟု လွယ်လွယ်ပင် တွေးကြပေလိမ့်မည်။ ထိုကဲ့သို့ အလွယ်တွေးကာ အလွယ် လုပ်ကြ၍လည်း ယခုလို ယာဉ်တိုက်မှုများ ပေါများနေရခြင်း ဖြစ်ပါသည်။ သို့သော် တကယ်တမ်းကျတော့ ထိုသို့မလွယ်ပါ။ တစ်ချိန်ကဆိုလျှင် ကားအားလုံးပင် အရှိန်ပြောင်းတော့မည်ဆိုပါက ကလပ်ခ်ျ (Clutch) ကိုနင်းရသည်။ ထို့နောက်မှ မိမိ ရွှေ့ပြောင်းလိုသည့်ဂီရာသို့ ချိန်းပြောင်းကာ ကလပ်ခ်ျကို ပြန်လွှတ်ပြီး လီဗာ ကိုနင်းမှသာ ကားက အရှိန်အပြောင်းအလဲ ဖြစ်ပါသည်။

ယခုသော် ထိုသို့မဟုတ် ကားအသစ်များ အားလုံးလိုလိုသည် အော်တိုဂီယာများ ဖြစ်လာကြသည်။ အော်တိုဂီယာဆိုသည်က သာမန်မြေပြင်/ မြေပြန့်တွင် မောင်းနေသမျှ ကာလပတ်လုံး ဂီယာကို လက်မှအချိန်းအပြောင်း လုပ်စရာမလိုဘဲ ခြေထောက်မှ လီဗာကို အတိုးအလျှော့ နင်းပေးရုံမျှနှင့် ကား၏ အလျင်ပြောင်းလဲနှုန်း (အရှိန်)ကို ထိန်းချုပ် မောင်းနှင်နိုင်သည်ဖြစ်ရာ ယာဉ်မောင်းသူအတွက် အထူးပင် လွယ်ကူနေပါတော့သည်။ ပြဿနာကား ဤမှပင်စတင်ပါသည်။ မောင်းနှင်ရ လွယ်ကူလာသည့်အတွက် အသက်အရွယ် မရွေး၊ ကျား မ-မဟူ ကားတက်မောင်းလာကြသည်။ အချို့က အသက် မပြည့်ဘဲ လိုင်စင် မရမီပင် တက်မောင်းလာကြသည်။ အသက်ပြည့်၍ လိုင်စင်ယူလျှင်လည်း အလွယ်တကူပင် ရရှိကြသည်။ (ယခုအခါ အသေအချာ စိစစ်နေသည်ဟု သိရပါသည်)။ မော်တော်ကားလိုင်စင်မှာ အနက်ဟုခေါ်သော ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်၊ အညိုဟုခေါ်သော အငှားယာဉ်ငယ်များ မောင်းနှင်နိုင်သည့် လိုင်စင်နှင့် အနီရောင်ဟုခေါ်သည့် ခရီးသည်တင် ယာဉ်ကြီးများအထိ မောင်းနှင်နိုင်သော လိုင်စင်ဟူ၍ အဆင့် အမျိုးမျိုးရှိပါသည်။ အနီလိုင်စင်နှင့်ပတ်သက်၍ ယခင်ကပင် ရယူရန်ခက်ခဲပြီး စိတ် အခြေအနေ စစ်ဆေးခြင်း ပြုလုပ်ကြောင်းကိုလည်း သိရှိရပါသည်။ ယာဉ် မောင်းလောကတွင် အနီရောင်လိုင်စင်မှာ ရရှိရန်ခက်ခဲပြီး ငွေကြေးကုန်ကျမှုများကြောင်း သိရှိရပါသည်။ သို့ရာတွင် နိုင်ငံတော်သို့ တရားဝင် မည်မျှ ပေးသွင်းရကြောင်းကိုမူ မသိရှိပါ။

ကျွန်တော်တို့ငယ်စဉ်က ရန်ကုန်မြို့တွင်း ပြေးဆွဲကြသော ခရီးသည်တင်ယာဉ် အများစုမှာ မြန်မာတွေက ဗိုက်ပူကား/ချက်ပက်လက်ကား ဟူ၍ နောက်ပြောင်၍ အသံထွက်ခေါ်ဆိုကြသည့် Chevrolet ခေါ် စစ်ပြန် ဘတ်စ်ကားကြီးများဖြစ်ရာ ဂီယာတံကို တုတ်ဖြင့်ထောက်ကာ မောင်းနှင်ရပြီး အရှိန်လည်း များများတင်၍မရသဖြင့် ဖြည်းဖြည်းမှန်မှန်ပင် မောင်းနှင်ရသည့်အတွက် ယာဉ်တိုက်မှု ဆိုသည်ကလည်း မကြားရသလောက်ပင် ဖြစ်ပါသည်။ နောက်ပိုင်းတွင် တစ်စတစ်စနှင့် အင်ဂျင်ပါဝါ ကောင်းသော မော်တော်ယာဉ်ကြီးများ ပေါ်ပေါက်လာကြသလို ယာဉ်လိုင်းများလည်း မြောက်မြားစွာ ပေါ်ပေါက်လာကြပါသည်။ ထိုအခါ ယာဉ်လိုင်း အချင်းချင်း အပြိုင်အဆိုင် မောင်းနှင်လာကြသည့်အပြင် ကိုယ်ရကိုယ်ယူစနစ် ကျင့်သုံးလာကြသဖြင့် ယာဉ်လိုင်းတစ်ခုတည်း အတွင်းမှာပင် ယာဉ်တစ်စီးနှင့် တစ်စီး၊ အပြိုင်အဆိုင် မောင်းနှင်ကာ ကျော်တက်မှုများ၊ လမ်းပြောင်းပြန် မောင်းနှင်မှုများ ဖြစ်လာသည့်အချိန်မှစ၍ ယာဉ်တိုက်မှု သတင်းများ၊ လူ အများ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသည့် သတင်းများမှာ နေ့စဉ် သတင်းစာများပေါ်တွင် မဖတ်ချင်အဆုံး၊ မမြင်ချင်အဆုံးပင်ဖြစ်ပါသည်။

ကားတွေကလည်း အကောင်းစား၊ ယာဉ်မောင်း အများစုကလည်း အသက်ငယ်ရွယ်သူတွေ၊ စနစ်ကလည်း ကိုယ်ရကိုယ်ယူစနစ်၊ ထို့ကြောင့် မောင်းလိုက်သည့်ကားတွေမှာ နိုင်ငံခြားက ပြိုင်ကားကွင်းတွင် ကားပြိုင်ပွဲများ ကျင်းပနေသည့်အလား ပမာပင်ဖြစ်တော့သည်။ ကားဘီးများမှာ မြေကြီးနှင့်ပင် မထိကြတော့ချေ။ သတ္တုချလိုက်သည့်အခါ ကိုယ်ရ ကိုယ်ယူ စနစ်ဖြစ်သည့်အတွက် လူသားများပီပီ လောဘကတက်သည်။ လူငယ်ပီပီ အပြိုင်အဆိုင် လုပ်ချင်သည်။ ကိုယ့်ကားကို သူများက ကျော်သွားတော့ မခံချင်၊ ဒေါသကထွက်လာသည်။ သည်ကြားထဲ (ယခုဖြုတ်လိုက်ပြီ ဖြစ်သော) စပယ်ယာတွေကလည်း မြှောက်ပင့်ပေးကြပြန်သဖြင့် အတင်း အဓမ္မလိုက်၍ ဖိုက်ကြပြန်တော့သည်။

သည်တော့ ကားတွေတိုက်ကြသည်မှာ အဆန်း မဟုတ်တော့။ နေ့စဉ် ကြားနေကျ သတင်းဖြစ်၍ ရိုးနေကြပြီ ဖြစ်သည်။ သို့သော် သေဆုံး၊ ဒဏ်ရာ ရသူများ၏ မိသားစုများ အတွက်ကား ဤအဖြစ်ဆိုးကို တစ်သက်တာမေ့၍ ရတော့မည်မဟုတ်။ ထို့ကြောင့်လည်း ယခင် နဝတခေတ်က မထသကားများတွင် ယာဉ်မောင်း၏ရှေ့၌ “ဘေးရန်ကင်းစွာ အိမ်ပြန်လာသော သင့်ကို  သင့်မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများနှင့် ဇနီးသားသမီးများက စောင့်မျှော်နေကြသည်”ဟူသော ရန်ကုန်တိုင်း တဝတဥက္ကဋ္ဌ၏ စာသားလေးက များစွာ ထိရောက်မှုရှိခဲ့ပါသည်။ ကျွန်တော်တို့သည် မထသ၏ မကောင်းတာတွေကိုထားခဲ့၍ ကောင်းတာတွေကိုတော့ ဆက်လက်၍ သယ်ဆောင် သွားစေလိုပါသည်။

ကျွန်တော်သည် ယခု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မဖောက်လုပ်မီ ယခင် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် အနည်းဆုံး ဆယ်ခေါက်ခန့် နေ့ရောညပါ ကားမောင်းဖူးပါသည်။ အဆိုပါ လမ်းဟောင်းမှာ အချို့ နေရာများတွင် အနည်းငယ် ကျဉ်းမြောင်းပြီး ကားနှစ်စီး ရှောင်လျှင် သတိပြု၍ ရှောင်ရပါသည်။ အထူးသဖြင့် ယာဉ်ကြီးနှစ်စီး ရှောင်၍မလွယ်ပါ။ တစ်ချိန်ကဆိုလျှင် လမ်းပခုံးမရှိသောနေရာများတွင် မိုးတွင်းအခါများ၌ ကားချင်း ရှောင်ရသည်မှာ အလွန်ခက်ခဲပါသည်။ ကျွန်တော် ကားမောင်းသည့်အခါတိုင်း ယာဉ်နှစ်စီး ရှောင်ရပြီဆိုလျှင် မိမိကပင် အမြဲ အရှိန်လျှော့၍ ပေးပါသည်။ လမ်းကျဉ်းသော နေရာများတွင် (ကုန်တင်/သစ်တင်) ယာဉ်ကြီး များသည် မည်သည့်အခါမျှ လမ်းဘေးသို့ ချမပေးသောကြောင့် မိမိကပင် အရှိန်လျှော့၍ အမြဲလမ်းဘေးသို့ ချပေးပါသည်။ လိုအပ်လျှင် ကားရပ်ပေးပါသည်။ အချို့ ယာဉ်မောင်းများမှာမူ ထိုသို့ မဟုတ်ကြ။ ကားနှစ်စီး ရင်ဆိုင်ကြုံတွေ့ပြီဆိုလျှင် ခေါင်းချင်းဆိုင်၍ မောင်းလာကြပြီး အနီးကျမှ ကပ်၍ ရှောင်ကြပါသည်။ ယခု ပန်းတနော်ဖြစ်စဉ်မှာ ထိုကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ သူရှောင်မလို၊ ကိုယ်ရှောင်မလိုနှင့် အနီးကျမှ သူလည်းမရှောင် ကိုယ်လည်းမရှောင်ဘဲ ခေါင်းချင်းဆိုင်မိကြခြင်း ဖြစ်ပါလိမ့်မည်။ ညဘက် မောင်းနှင်သည့်အခါများတွင် အချို့ယာဉ်မောင်းများမှာ အပေါ်မီးကြီးကို မချဘဲ တစ်ဖက်လူမျက်စိစူးအောင် တမင် ထိုးထားကြပါသည်။ ထိုကဲ့သို့ ထိုးထားခြင်းဖြင့် တစ်ဖက်ယာဉ်မောင်းမှာ မျက်စိစူးပြီး မိမိကားကို မမြင်ရတော့ဘဲ ဝင်တိုက်မိနိုင်ပါသည်။

ကျွန်တော်ကတော့ ကားချင်းဆုံလျှင် မိမိက အရင်ဦးအောင် မီးချပေးပါသည်။ ထိုအခါ သူကလည်း အလိုက်တသိ မီးချပေးပါသည်။ သို့မှသာ တစ်ဦး၏ကားကို တစ်ဦးကမြင်နိုင်ပြီး ရှောင်တိမ်းနိုင်မည် ဖြစ်ပါသည်။ အကယ်၍ သူက မီးမချပေးသော် မိမိက ကားကိုအရှိန်လျှော့၍ ဘေးသို့ ကပ်ပေးလိုက်ပါသည်။ ဤသည်ကား ဘေးအန္တရာယ် အကင်းဆုံးသော ယာဉ်မောင်းနှင်နည်းပင်ဖြစ်ပါသည်။ ယခုလိုပြုမူဆောင်ရွက်သည်ကို ယာဉ်မောင်းအများစုက သဘောကျကြမည် မဟုတ်ပါ။ သို့သော် အမြန်ရောက်ဖို့နှင့် အန္တရာယ်ကင်းဖို့ မည်သည်က အရေးကြီးသည်ကို မိမိဘာသာ ရွေးချယ်ကြဖို့ပင် ဖြစ်ပါသည်။ အမြန်လို၍ အမြန်မောင်းကြသူများ မည်သည့် နေရာသို့ အမြန်ရောက်ကြသည်ကို အားလုံး အသိပင်ဖြစ်ပါသည်။တောင်ပေါ်လမ်းများတွင် မောင်းနှင်ရာ၌လည်း ထိုနည်းအတူပင် ဖြစ်ပါသည်။ လမ်း အကွေ့များ၌ “ယာဉ်ကိုအရှိန်လျှော့ပါ”၊ “အတက်ကားကို ဦးစားပေးပါ”၊ “လမ်းကွေ့များတွင် ဟွန်းတီးပါ”၊ “ဂီယာကြီးဖြင့်ဆင်းပါ”ဟူသော လမ်းညွှန်ဆိုင်းဘုတ်များ ရှိသော်လည်း ယာဉ်မောင်း အများစုက လိုက်နာလေ့ မရှိပါ။

၁၉၉၈/၂၀ဝ၀ ဝန်းကျင်ကာလ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန် ထမ်းဆောင်ခဲ့စဉ်က တောင်ပေါ်လမ်းများတွင် တိုယိုတာနောက်ဆွဲ ဗင်ကားများ ခေတ်စားပါသည်။ ထိုကားများသည် အကွေ့များတွင် အရှိန်လည်းမလျှော့၊ ဟွန်းလည်းမတီးဘဲ မောင်းနှင်ကြပြီး ကားနှစ်စီး ဘွားခနဲတွေ့သောအခါမှ မောင်းသူ၏ညာဘက်သို့ဆွဲ၍ ကွေ့ရှောင်ကြသဖြင့် ချောက်ထဲသို့သာ ထိုးကျပါတော့သည်။ ထိုစဉ်က ခရီးသွားလျှင် ၎င်းကားများကို လမ်းဘေးချောက်ထဲရှိ သစ်ပင်များပေါ်တွင် မှောက်လျက် တစ်မျိုး၊ လှန်လျက်တစ်ဖုံ တွေ့မြင်ရလေ့ ရှိပါသည်။

ယခုတင်ပြခဲ့သည်တို့မှာ မိမိ၏ခြေ၊ လက်၊ မျက်စိတို့ကိုသာ အားကိုးပြီး မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲကြသူတို့ မကြာခဏ ယာဉ်အန္တရာယ် ကြုံတွေ့ကြရသည့်အကြောင်းပင် ဖြစ်ပါသည်။ မိမိ၏ခြေ၊ လက်၊ မျက်စိတို့၏ လျင်မြန်ဖျတ်လတ်မှုကို အားကိုးရမည် မှန်သော်လည်း ခြေ၊ လက်၊ မျက်စိတို့ကို ညွှန်ကြား/ အမိန့်ပေးနေသည်မှာ မိမိ၏ဦးနှောက် (ဝါ)စိတ်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ အမိန့်ပေးစေခိုင်းနိုင်ဖို့အတွက် မိမိ၏စိတ်/ ဦးနှောက်သည် ကြည်လင် လန်းဆန်းနေဖို့ လိုပါသည်။ ထိုသို့ဖြစ်ရန်မှာ အိပ်ရေးဝခြင်းသည် မဖြစ်မနေ လိုအပ်ချက်ဖြစ်ပြီး အိပ်ငိုက်နေပါက မည်သည့်အခါမျှ ခရီးဝေးကား မမောင်းသင့်ပါ။ ခရီးဝေးကား မောင်းနှင်ရာ၌ (အထူးသဖြင့်) လမ်းဖြောင့်များတွင် ရှေ့တည့်တည့်ကိုသာ မပြောင်းမလဲ ကြည့်နေရသဖြင့် မျက်စိအာရုံကြောများ တုံ့ဆိုင်းသွားပြီး ရှေ့မှမြင်ကွင်း ပြောင်းလဲသွားသော်လည်း မိမိအမြင်တွင် မပြောင်းလဲသဖြင့် ယာဉ်တိုက်မှုများ၊ လမ်းဘေးသို့ ထိုးကျမှုများ ဖြစ်ပေါ်တတ်ပါသည်။

နောက်တစ်ချက်မှာ စိတ်ကြည်လင် လန်းဆန်းရန်အတွက် မိမိ၏စိတ်တွင် လောဘ၊ ဒေါသ စသည့် စိတ်အခြေအနေမျိုး မဖြစ်ဖို့လိုပါသည်။ အခြားသူများနှင့် စကားများ ရန်ဖြစ်လာခြင်း၊ နေအိမ်တွင် တစ်ခုခု မကျေမနပ်ဖြစ်လာခြင်း စသည်တို့သည် ယာဉ်ကို မောင်းနှင်ရာ၌ စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းဖို့ ခက်ခဲသော အခြေအနေမျိုးကို ကြုံတွေ့ရတတ်ပါသည်။ 

ထိုသို့သော စိတ်အခြေအနေမျိုးတွင် အခြားယာဉ်က မိမိယာဉ်ကို ကျော်တက်သွားပါက မခံနိုင်ဖြစ်ခြင်း၊ မိမိရှေ့မှယာဉ်က နှေးနေပါက စိတ်မရှည်ဘဲ (ရှေ့တွင် လမ်းရှင်းမရှင်း၊ လမ်းကျဉ်းမကျဉ်း မကြည့်တော့ဘဲ) အတင်းကျော်တက်ခြင်း စသည်တို့ကို ပြုမူလေ့ရှိပြီး ယာဉ်အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ပင် ရှိပါတော့သည်။

ထို့ကြောင့် ခြေ၊ လက်၊ မျက်စိတို့ကို အသုံးပြု၊ အားပြုမောင်းနှင်နေကြသည့် မျိုးဆက်သစ် ခရီးသည်တင်ယာဉ်မောင်းများသို့ တစ်နေ့တာ စိတ်ကြည်လင်စွာ မောင်းနှင်နိုင်ရေးအတွက် အောက်ပါအတိုင်း အကြံကောင်းတစ်ခု ပြုလိုက်ချင်ပါသည်။

- စိတ်ထဲမှနေ၍ “ကျွန်တော်သည် ယနေ့ ခရီးသည်များကို မိမိကားဖြင့် သယ်ယူပို့ဆောင်သည့်အခါ ၎င်းတို့၏ အသက်အန္တရာယ်/ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုံးဝ တာဝန်ယူ၍ မိမိ၏ကားကို ထိခိုက်/တိုက်ခိုက်မှု မဖြစ်အောင် အထူးသတိပြု၍ မောင်းနှင်ပါမည်”ဟု အာရုံပြုပါ။

- ယခင်က မကျေမနပ်ဖြစ်ခဲ့မှုများ၊ လောဘ၊ ဒေါသ စသည့် တပ်မက်မှုများ၊ မခံချင်စိတ်များကို ဤနေရာ၌ပင် ထားခဲ့၍ ယာဉ်ကို မောင်းနှင်ရာသို့ ယူဆောင် မသွားပါနှင့်။

- မိမိ၏ မိဘ၊ ဇနီး၊ သားသမီးတို့ကို ပျော်ရွှင်ကြည်နူးစွာ နှုတ်ဆက်၍ ထွက်ခွာပါ။ ဆူပူကြိမ်းမောင်း၍ မထွက်ခွာပါနှင့်။ ၎င်းတို့ကလည်း မိမိ မထွက်ခွာမီ စိတ်ညစ်စရာ၊ စိတ်တိုစရာ မပြောကြားအောင် မှာထားပါ။ နေ့စဉ်နှင့်အမျှ ဤကဲ့သို့ မိမိ၏စိတ်ကို သန့်ရှင်းစင်ကြယ်စေလျက် လောဘ၊ ဒေါသများ ကင်းစင်သည့် ဖြူစင်သော စိတ်ထားဖြင့် မိမိ၏ယာဉ်ကို ဂရုစိုကကာ မောင်းနှင်မည်ဆိုပါလျှင် မိမိနှင့်တကွ ခရီးသည်တို့၏ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် အသက်ဘေးအန္တရာယ် ကင်းလိမ့်မည်ဖြစ်ပါကြောင်း စေတနာ ကောင်းဖြင့် အကြံပြုလိုက်ရပါသည် ...။ 

သိန်းထက်အောင်

  • VIA