News

POST TYPE

OPINION

တပ်မတော်နှင့် သတင်းမီဒီယာအကြား ပဋိပက္ခဖြေလျှော့ရေး
31-Jul-2017
-“ကိုကျော်မင်းဆွေကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ဖိအားပေးထားတာ ဘာမှမရှိဘူး”

ယခုကဲ့သို့ ပြောကြားလိုက်သူမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ရဲဝင်းဖြစ်သည်။ နေရာက နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမမှာ ဖြစ်သည်။ ဇူလိုင် ၂၇ ရက် နေ့ မွန်းလွဲပိုင်းက တပ်မတော်၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် သတင်းမီဒီယာ အဖွဲ့အစည်း သုံးရပ် မျက်နှာချင်ဆိုင် တွေ့ဆုံဖြစ်ခဲ့ကြသည်။ ထိုအစီအစဉ်ကို ပြန်ကြားရေး ဝန်ကြီးဌာနက စီစဉ်ခြင်းဖြစ်ပြီး ခေါင်းစဉ်က “မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ”ဖြစ်သည်။ သတင်းမီဒီယာဘက်က မီဒီယာကောင်စီအပြင် သတင်းစာဆရာအသင်း၊ သတင်းစာ ဆရာသမဂ္ဂ၊ သတင်းစာ ဆရာများကွန်ရက် အဖွဲ့ သုံးဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

မွန်းလွဲ ၁ နာရီတွင် အခမ်းအနား စတင်ပြီး ညနေ ၄ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့သည်။ ယခု တွေ့ဆုံဆွေးနွေးပွဲက စိတ်လှုပ်ရှားစရာ ကောင်းသည်။ တပ်မတော်၊ ပြန်ကြားရေး၊ မီဒီယာ သုံးဖွဲ့စလုံးမှာ ပြောစရာတွေ ကိုယ်စီရှိနေကြသည်။ ပြီးခဲ့သည့်လများအတွင်း သတင်းမီဒီယာသမားများ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ တရားစွဲဆိုခံရခြင်းများ ဆက်တိုက် ဖြစ်ပွားခဲ့သလို ရက်ပိုင်းအတွင်းမှာပင် တပ်မတော်ဘက်က စစ်ဘက်ဆိုင်ရာ အသုံးအနှုန်း အခေါ်အဝေါ်နှင့်ပတ်သက်ပြီး သဘောထား ကြေညာချက် ထုတ်ပြန်ထားတာ ရှိသည်။ ဖြစ်ပေါ်နေသော အခြေအနေအရ တပ်မတော်သည် ဆတ်ဆတ်ထိမခံသော (Sensitive) အဖွဲ့အစည်း ဖြစ်နေပြီလား၊ တပ်မတော်က သတင်းမီဒီယာများအပေါ် အမြင်ကြည်လင်မှု မရှိတော့ပြီလားဆိုသော မေးခွန်းတွေ သံသယတွေ ကိုယ်စီ ရှိနေကြသည်။ ထိုအချိန်တွင် ယခုကဲ့သို့ တပ်မတော်နှင့် မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံရခြင်းမှာ အကောင်းဆုံး ဖြစ်သည်။ တပ်မတော်ဘက်ကလည်း သူတို့၏ သဘောထား၊ သူတို့၏အယူအဆ၊ သူတို့ဖြစ်စေချင်တာ ပြောမည်။ သတင်းမီဒီယာတွေဘက်ကလည်း လက်ရှိကြုံတွေ့နေရသော အခက်အခဲတွေ အခြေအနေတွေကို တင်ပြမည်။ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း ဖြစ်သင့်ဖြစ်ထိုက်တာတွေကို တင်ပြဆွေးနွေးမည်။ ဒီလိုပဲ မျှော်လင့်ထားခဲ့သည်။

တကယ် ဆွေးနွေးကြတော့ လိုရင်းကိုမရောက်။ တပ်ဘက်ကတော့ သူတို့ သဘောထားနှင့် ဖြစ်စေချင်တာတွေ၊ ဖြစ်ပေါ်နေသော ကိစ္စတွေကို အစီအစဉ်တကျ ပါဝါပွိုင့်သုံးပြီး ရှင်းပြသွားသည်။ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးကတော့ ယေဘုယျဆန်ဆန် ပြောသည်။ ပစ်မှတ် တိတိကျကျ မရှိ။ သတင်းမီဒီယာဘက်ကတော့ လတ်တလော ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းမီဒီယာသမားများကိစ္စ အပါအဝင် သတင်းမီဒီယာတွေ ကြုံတွေ့နေရသည့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အွန်လိုင်းမီဒီယာ ခြိမ်းခြောက်မှုတွေ တစ်ဦးချင်း ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတစ်ခုလုံးကို အနှစ်ချုပ် ကြည့်လိုက်တော့ ကျေနပ်အားရစရာ မဖြစ်ခဲ့ပါ။ တစ်စုံတစ်ရာ အဖြေထုတ်နိုင်ခြင်း မရှိခဲ့သလို အဖွဲ့အစည်း သုံးခုစလုံးက ကိုယ်ပြောချင်တာ ပြောပြီး နိဂုံးချုပ်သွားသော ဆွေးနွေးပွဲတစ်ခုဟုသာ ကောက်ချက်ချမိသည်။ “ဒါ အစပဲရှိသေးတယ်၊ နောက်ထပ်လည်း ဆုံတွေ့ဖို့ ရှိပါတယ်”ဆိုပြီး ပြန်ကြားရေးဝန်ကြီးကတော့ ပြောပါသည်။

ဆွေးနွေးပွဲခန်းမက ထွက်လာတော့ ဒီဆွေးနွေးပွဲက ဘာရခဲ့သလဲ ဆိုတာပဲ ပြန်မေးခွန်းထုတ်နေမိသည်။ အမှန်ပြောရလျှင် ကျေနပ်အားရမှု မရှိခဲ့ပါ။ သတင်းမီဒီယာသမားများ ဖမ်းဆီး တရားစွဲဆိုခံထားရခြင်းသည် ဥပဒေချိုးဖောက်၍ဟု တပ်မတော်ဘက်က ပြောသည်။ ပုဒ်မ ၁၇/၁ တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု။ အခေါ်အဝေါ်ကိစ္စ။ တပ်မတော်သည် တရားဝင်အမည်။ တပ်မတော်တွင် စစ်ဘက်ဆိုင်ရာ အသုံးအနှုန်း အခေါ်အဝေါ်တွေရှိသည်။ ထိုအခေါ်အဝေါ်အတိုင်း သုံးနှုန်းစေချင်သည်။  ဗိုလ်ချုပ်ဂွမ်မော်တို့၊ ဗိုလ်မှူးကြီးခွန်ဥက္ကာတို့၊ ဗိုလ်ချုပ်ကြီး မူတူးဆေးဖောတို့ကျ ဘယ်လိုပြောမလဲ။ ဘိန်းဘုရင်ခွန်ဆာက ဦးခွန်ဆာ ဖြစ်သွားတာ၊ ငမြက ဗိုလ်ချုပ်မြ ဖြစ်သွားတာ ပြောစရာဆွေးနွေးစရာ ဖြစ်သော်လည်း အကျယ်တဝင့် ဆွေးနွေးဖို့ အချိန်မရှိခဲ့။

စစ်ဘက် အခေါ်အဝေါ်က တပ်မတော်နှင့်သာ သက်ဆိုင်ပြီး လွတ်လပ်သော မီဒီယာတွေအနေနှင့်ကျတော့ သူ့ ရပ်တည်ချက်အပေါ် မူတည်ပြီး လွတ်လပ်စွာ သုံးနှုန်းခွင့်ရှိဖို့ လိုသည်။ တပ်မတော်ဘက်က မီဒီယာတို့၏ သဘော သဘာဝကို နားလည်သဘောပေါက်ဖို့လိုသည်။ မီဒီယာတို့ ဘက်မလိုက်ဟု ဆိုသော်လည်း တစ်ဖက်ဖက်ကိုတော့ လိုက်သည်။ ဒါက လွတ်လပ်သော မီဒီယာတစ်ခုက ကိုင်စွဲသော မူဝါဒနှင့်ပဲ ဆိုင်သည်။ အစိုးရကသော်လည်းကောင်း၊ တပ်မတော်ကသော်လည်းကောင်း ဖော်ပြစေလိုသည့် အသုံးအနှုန်းအတိုင်း မီဒီယာအားလုံးက သုံးချင်မှသုံးမည်။ မသုံးသည့်အတွက် ထိုမီဒီယာကို အပြစ်တင်စရာမလို။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုဆီ ချီတက်နေသော နိုင်ငံမှာ မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်ရမည်။

မီဒီယာ အသုံးအနှုန်းက ထိုမီဒီယာ၏ မူဝါဒ၊ ရပ်တည်ချက်နှင့်သာ ဆိုင်သည်။ အီရတ်စစ်ပွဲဖြစ်တော့ American and allied forces ကို “အမေရိကန်နှင့် အပေါင်းပါတပ်ဖွဲ့”ဟု အစိုးရမီဒီယာက သုံးနှုန်းသည်။ လွတ်လပ်သော မီဒီယာတွေက “အမေရိကန်နှင့် မဟာမိတ်တပ်များ”ဟု သုံးစွဲသည်။ အဓိပ္ပာယ် တူသော်လည်း မီဒီယာရပ်တည်ပုံချင်း မတူသည့်အခါ ကွဲပြားမှုတွေ ရှိနိုင်သည်။ ဒီမိုကရေစီနိုင်ငံများ၏ မီဒီယာတွေမှာ အခေါ်အဝေါ် အသုံးအနှုန်း ကန့်သတ်ထားတာမရှိ။ မီဒီယာ လွတ်လပ်ခွင့် အပြည့် ရှိသည်။ ဒီမိုကရေစီ မရှိသေးဟုဆိုလျှင်တော့ ကန့်သတ်ခံရနိုင်သည်။ လက်ရှိ အခြေအနေမှာ ဒီမိုကရေစီကို လက်ခံကျင့်သုံးနေသောစနစ်။

ကျွန်တော်တို့က သဘောထားကြီးပြီး အမြင်ကျယ်သော တပ်မတော် ဖြစ်စေချင်သည်။ ဒီမိုကရေစီအရ မတူကွဲပြားမှုကို လက်ခံနိုင်သော အင်စတီကျူးရှင်းတစ်ခု ဖြစ်စေချင်သည်။ ထိုအင်စတီကျူးရှင်းမှာ ကျန်အင်စတီကျူးရှင်းများနှင့်မတူသော စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ညွှန်ကြားမှုတွေကို လိုက်နာရသည့်စနစ် ရှိသည်။ သို့သော် ထိုစနစ်၊ ထိုစည်းမျဉ်းကို ကျန်အင်စတီကျူးရှင်းများကပါ အတင်းအကျပ် လိုက်နာစေဖို့ အခွင့်အရေး မရှိ။ သဘောထားကြီးစေလိုခြင်းမှာ ယခုလို အကူးအပြောင်းကာလ (Transitional Period) မှာ မဖြေရှင်းနိုင်သေးသည့် နိုင်ငံရေးပဋိပက္ခတွေက အလွန် သိမ်မွေ့နက်နဲသည့်အတွက်ဖြစ်သည်။ NCA ၏ ပြင်ပတွင် ရှိနေပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေဆဲရှိသော လက်နက်ကိုင် TNLA အဖွဲ့မှာ တပ်မတော်က မလိုလားသောအဖွဲ့ဖြစ်သည်။ တိုက်ပွဲများ မကြာခဏ ဖြစ်နေဆဲ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ထံသို့ သွားရောက် သတင်းရယူမှုမှာ လွတ်လပ်သော သတင်းမီဒီယာတစ်ခုက သူ့အလုပ် သူလုပ်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန်လက်ထက်ကဆိုလျှင် သတင်းမီဒီယာသမားတွေ KIA နယ်မြေ လိုင်ဇာအထိ သွားရောက်သတင်း ရယူတာတွေ ရှိခဲ့သည်။ ပြဿနာ တစ်စုံတစ်ရာ မကြားမိခဲ့ပါ။ ယနေ့နိုင်ငံ အခြေအနေက အသွင်ကူးပြောင်းဆဲ၊ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရန်ကြိုးပမ်းဆဲ အခြေအနေမှာသာ ရှိသည်။

သဘောမတူမှုများ ရှိနေခဲ့ကြသော်လည်း တပ်မတော်၊ ပြန်ကြားရေးနှင့် သတင်းမီဒီယာ အဖွဲ့၁အစည်းများ ယခုလို မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးလိုက်ခြင်းက အလွန် ကောင်းပါသည်။ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် မတွေ့ရဘဲ မမြင်ကွယ်ရာမှာ မှန်းဆအပြစ်တင် ဝေဖန်နေကြမည့်အစား ယခုလို မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေး အဖြေရှာကြခြင်းက အားလုံးအတွက် အကျိုးရှိသည်။ တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား မယုံသင်္ကာဖြစ်မှုတွေ ပျောက်ကွယ်သွားနိုင်သည်။ သူ့ပရော်ဖက်ရှင်နယ်ကို ကိုယ်က နားလည်၊ ကိုယ့်ပရော်ဖက်ရှင်နယ်ကို သူက နားလည်ပေးခြင်းဖြင့် တပ်မတော်နှင့် မီဒီယာကြားက ပဋိပက္ခတွေ တဖြည်းဖြည်းချင်း လျှော့ချသွားနိုင်လိမ့်မည် ထင်ပါသည်...။

ချစ်ဝင်းမောင်


  • VIA