News

POST TYPE

OPINION

အုပ်စုကွဲများ လက်တွဲနိုင်ခဲ့လျှင် (Daily, Vol-5/No-94)
30-Jul-2017
လက်ရှိ မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးက တစ်ဖက်နှင့်တစ်ဖက် အုပ်စုဖွဲ့က ဝေဖန်ပုတ်ခတ်မှုများနှင့် တိုက်ခိုက်မှုများ လုပ်နေသည့် အဆင့်တွင်ပင် ရှိသေးပြီး နိုင်ငံတည်ဆောက်ရေးအဆင့်သို့ ရောက်ရှိနေခြင်း မရှိဟု ဇူလိုင်လဆန်းပိုင်းလောက်က မှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါသည်။ ဒီမိုကရေစီအစိုးရ အာဏာရရှိလာပြီဟု ဆိုသည့်တိုင် မြန်မာနိုင်ငံရေးမှာ ဘက်ရွေးချယ်ခိုင်းသည့် သဘောတွင်သာရှိပြီး ဒီမိုကရေစီ နည်းလမ်းတကျ မူဝါဒတူသူများ ပူးပေါင်း အလုပ်လုပ်နိုင်သည့် သဘောမျိုးကို လုံးလုံးလျားလျား မရောက်သေးကြောင်း ၎င်းက ပြောလိုဟန် ရှိပေသည်။ 

မှန်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီနှင့် ယင်းရွေးကောက်ပွဲ ကာလတစ်ခုလုံး The Voice အနေနှင့် ယင်းအုပ်စုကိစ္စကို မဖယ်နိုင်သေးသရွေ့ တည်ဆောက်ရန်ရှိသည့် နိုင်ငံသစ်မှာ ထူးခြားမှုရှိမည် မဟုတ်ဟု သတိပေးခဲ့ဖူးသည်ကို စာဖတ်သူများ မှတ်မိပါလိမ့်ဦးမည်။ ရွေးကောက်ပွဲ လမ်းစဉ်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းကောင်းမရှိနိုင်ဟု ဆိုခဲ့သဖြင့် စစ်တပ်ဘက်က လော်ဘီ ဝင်လုပ်ပေးနေသော မီဒီယာဟုပင် အတိုက်အခံ အင်အားစု အတော်များများ၏ တံဆိပ်ကပ်ခြင်း ခံခဲ့ရပါသည်။ အဆိုပါ ရွေးကောက်ပွဲ လမ်းစဉ်ကြောင့်ပင် တစ်ချိန်က (နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ်က) ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်တစ်ရပ်ဖြစ်သော တပ်မတော်၊ NLD နှင့် တိုင်းရင်းသားများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးရေး၊ တစ်နည်းအားဖြင့် Political Dialogue ဟူသည့်ကိစ္စမှာ ယခင်ကထက် များစွာ နီးစပ်သွားသည် မဟုတ်ပါလော။

ဤနေရာတွင် ပြောလိုသည်မှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် တွန်းအားပေးခဲ့သည့်ကိစ္စ မှန်ခြင်း၊ မှားခြင်း မဟုတ်ပေ။ NLD ပါတီ အနိုင်ရရှိပြီး ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်ပြီဟု ဆို၍ရသော်လည်း တစ်ဖက်နှင့်တစ်ဖက် ကူညီရိုင်းပင်းကြရမည့်အစား ယုံမှားသံသယစိတ်ကြီးစွာဖြင့် ထိုးနှက် တိုက်ခိုက်မှုများကို ဖန်တီးပေးလျက်ရှိသော အုပ်စုကွဲ ပြဿနာပင်ဖြစ်ပေသည်။ လက်ရှိမြန်မာ့အရေးကိုကြည့်လျှင် တပ်မတော်ဘက်တော်သားနှင့် NLD ဘက်တော်သားမှာ အဓိက အင်အားစုကြီး နှစ်ရပ်သဖွယ်ရှိနေကာ ၎င်းတို့ပြီးလျှင် လူမျိုးခြားများ လွှမ်းမိုးမည်ကို စိုးရိမ်ထိတ်လန့်သည့် အမျိုးသားရေး အင်အားစုတစ်ရပ်က အတော်အတန် အားကောင်းနေသည်ကို တွေ့ရပေမည်။ အကယ်၍ NLD ပါတီနှင့် အစိုးရကို ဝေဖန်ပြောဆိုမိပါက စစ်တပ်ဘက်ယိမ်းသူအဖြစ် သတ်မှတ်ခံရမည်ဖြစ်သလို စစ်တပ်နှင့် ၎င်းတည်ထောင်ခဲ့သော နိုင်ငံရေးပါတီကို ဝေဖန်မည်ဆိုပါက တပ်ကို ဆန့်ကျင်သူအဖြစ် မလွဲမသွေ တံဆိပ်ကပ်ခံရမည်ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမိပါက အမျိုးသားရေး အင်အားစုများက မျိုးမချစ်သူ၊ တစ်နည်းဆိုပါက အမျိုးသား သစ္စာဖောက်ဟု မလွဲမသွေ ဝေဖန်ကြမည်ကို အားလုံး ရိပ်စားမိကြပြီး ဖြစ်ပါလိမ့်မည်။ အနီ၊ အစိမ်းနှင့် အဝါဟူသည့် အုပ်စုကွဲ သုံးခုတွင် အင်အားအကြီးဆုံးမှာ အနီနှင့် အစိမ်းဟု ဆို၍ရနိုင်ပါသည်။

လူမှုကွန်ရက် စာမျက်နှာများကိုကြည့်မည်ဆိုလျှင် အဆိုပါ အနီ၊ အစိမ်း၊ အဝါ စသည်ဖြင့် ဘက်အရ စဉ်းစားသည့် အတွေးအခေါ်က ရှေ့ရောက်နေပြီး ဒီမိုကရေစီ နည်းလမ်းတကျ ဝေဖန်ဆန်းစစ်နိုင်မှုတို့ အားနည်းလျက်ရှိသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ရမည်ဖြစ်ပါသည်။ သုံးယောက်ရှိပါက အုပ်စုသုံးစုကွဲ၊ နှစ်ယောက်ရှိပါက နှစ်စုကွဲဟူသည့် မြန်မာတို့၏ အားနည်းချက်အပေါ် ဝေဖန် ထောက်ပြသည့် ဆိုရိုးရှိသော်လည်း ယခုအချိန်သည် အုပ်စုကွဲများ အသာစီးရရေး၊ အနိုင်ပိုင်းရေးကိစ္စထက် တစ်ဖက်၏ အားနည်းချက်များကို တစ်ဖက်က ဖေးမကူညီကာ အမှန်တကယ် လက်တွဲ အလုပ်လုပ်ကြရတော့မည့်အချိန်သာဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၃၀-၇-၂၀၁၇)


  • VIA