News

POST TYPE

OPINION

အောင်မြင်သော ဘဝတစ်ခုအတွက် အဆောတလျင် စွန့်လွှတ်ရမည့် အမူအကျင့်များ
28-Jul-2017
အောင်မြင်မှုဆိုတာ ခရီးဆုံးပန်းတိုင်တစ်ခု မဟုတ်ပါဘူး။ စာရေးသူတို့ အသက်ရှင်နေသမျှ ကာလပတ်လုံး တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းနေရမယ့် ခရီးရှည်ကြီး တစ်ခုသာ ဖြစ်ပါတယ်။ ခရီးရှည်ကြီးကို လျှောက်လှမ်းရာမှာ မလိုအပ်တဲ့ အမူအကျင့်တွေ၊ အပြုအမူတွေကို အဆောတလျင် စွန့်လွှတ်နိုင်လေ ပိုမိုပေါ့ပါး ပျော်ရွှင်စွာ အောင်မြင်မှုလမ်းဆီ ဦးတည်နိုင်မှာ ဖြစ်ပါတယ်။ 

(၁) ကျန်းမာရေးနှင့် မညီညွှတ်သော လူနေမှုပုံစံ

ကျန်းမာနေစဉ်မှာ ကျန်းမာခြင်းရဲ့တန်ဖိုးကို သတိမထားမိတတ်ကြပါဘူး။ အမှန်တကယ်တော့ ဘဝရဲ့ အရေးကြီးဆုံး လိုအပ်ချက်ဟာ ကျန်းမာခြင်းပါပဲ။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို ပုံမှန်လေးဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ့်ဆီမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ လူနေမှုပုံစံတွေ ရှိနေတယ်ဆိုရင် အချိန်မလွန်ခင် အမြန်စွန့်လွှတ်လိုက်ပါ။

(၂) ရေရှည်အတွက် မစဉ်းစားတဲ့အကျင့်

အောင်မြင်သူ အများစုဟာ ရေရှည်အတွက် အစီအစဉ်ဆွဲ စဉ်းစားပြီး လုပ်ကြပါတယ်။ ဟိုစပ်စပ်၊ ဒီစပ်စပ် ကြုံရင်ကြုံသလို မလုပ်ဘဲ ရည်မှန်းချက်တစ်ခုထားပြီး ရေရှည်အတွက် စဉ်းစားလုပ်ကိုင်ကြဖို့ လိုပါတယ်။ ရှင်သန်နေထိုင်ရတဲ့ တစ်ဘဝတာအတွင်း မှန်ကန်တဲ့အလုပ်၊ မှန်ကန်တဲ့ ရည်ရွယ်ချက် ဖြစ်မယ်ဆို တစ်ခုတည်းနဲ့ လုံလောက်ပါတယ်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍ အားလုံးအတွက် လတ်တလော အဆင်ပြေမှု တစ်ခုတည်းကိုသာ စဉ်းစားတတ်တဲ့ အကျင့်တွေကို အခုပဲ စွန့်လွှတ်လိုက်ပါ။

(၃) အရေးမကြီးတဲ့ အရာတွေအတွက် အချိန်ကုန်ခြင်း

လူသားအားလုံးမှာ ညီတူမျှတူ ပိုင်ဆိုင်ခွင့်ရှိတာဟာ အချိန်ပါ။ လူတိုင်း တစ်ရက်ကို ၂၄ နာရီ ပိုင်ဆိုင်ပါတယ်။ ပိုင်ဆိုင်တာချင်း အတူတူ အသုံးပြုပုံ ကွာတာနဲ့အမျှ အချိန်ရဲ့ တန်ဖိုး၊ မိမိရဲ့ တန်ဖိုး ကွာသွားပါတယ်။ အရေးမပါတာ၊ အရေးမကြီးတာတွေနဲ့ အချိန်ကုန်နေရင် မိမိပတ်ဝန်းကျင်မှာ အရေးမပါသူ၊ အရေးမကြီးသူ တစ်ယောက်သာ ဖြစ်လာပါလိမ့်မယ်။ တစ်နေ့တာမှ တစ်သက်တာအတွင်း အရေးမကြီးတဲ့ ကိစ္စတွေ၊ အရေးမပါတဲ့ ကိစ္စတွေမှာ အချိန်ကုန်နေတဲ့ အကျင့်ကို ချက်ချင်းပဲ စွန့်လွှတ်လိုက်ပါ။

(၄) ဆင်ခြေပေးခြင်း

‘အကမတတ် ဖျာကြမ်းရိုးမယ်ဖွဲ့’ ဆိုတဲ့ စကားပုံအတိုင်း စာရေးသူတို့ မြန်မာလူမျိုးတွေဟာ ဆင်ခြေပေး အများဆုံး လူမျိုးတွေ ဖြစ်ပါတယ်။ ကိစ္စတိုင်း၊ ပြဿနာအတိုင်းအတွက် အဖြေကို မရှာဘဲ ဆင်ခြေသာပေးလေ့ ရှိပါတယ်။ ဆင်ခြေပေးခြင်းဟာ ပျင်းရိမှုတစ်ခုသာ ဖြစ်ပြီး ပြဿနာတစ်ခု၊ အခက်အခဲတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်းမရှာဘဲ ရှောင်ထွက်ဖို့ ကြိုးစားတာဖြစ်တဲ့ အတွက် ဆင်ခြေပေးရုံသာတတ်တဲ့ အကျင့်ကို စွန့်လွှတ်လိုက်ပါ။ 

(၅) ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်

ကမ္ဘာကြီးက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ဒီနေ့ ကျွန်တော်တို့ သိထား၊ တတ်ထားတာတွေ အတွက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် ဝင်မိလိုက်တာနဲ့ မနက်ဖြန်မှာ ကျွန်တော်တို့ နောက်ကောက်ကျပါလိမ့်မယ်။ ကိုယ်သိထားတာ၊ တတ်ထားတာဟာ လုံလောက်ပြီလို့ထင်တဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်ကို အမြန်စွန့်ပစ်လိုက်ပါ။

(၆) အားနာခြင်း

အားနာခြင်းဟာ အားနည်းချက်သာ ဖြစ်ပါတယ်။ ကူညီနိုင်တာကို ကူညီပါ။ ကိုယ်မဖြစ်မနေလုပ်ရမယ့် ကိစ္စမျိုးများ မည်သူ့ကိုမျှ အားမနာပါနဲ့။ အားနာလို့မရတဲ့ ကိစ္စတွေအတွက် ချက်ချင်းသာ ငြင်းပယ်လိုက်ပါ။

(၇) မှားမှာကြောက်တဲ့စိတ်

အမှားဆိုတဲ့ စကားလုံးသာ မရှိရင် အမှန်ဆိုတဲ့ စကားလုံးလည်း ရှိလာစရာ မရှိပါဘူး။ အမှားဆိုတာ အမှန်ဖြစ်လာဖို့အတွက် လေ့ကျင့်ခြင်း တစ်မျိုးသာ ဖြစ်ပါတယ်။ လူတိုင်းမှားဖူးကြပါတဲ့ အတွက် 'To error is human' ဆိုတဲ့ စကားဖြစ်လာတာပါ။ ရည်ရွယ်ချက်တစ်ခုအတွက် မှားမှာကြောက်လို့ တွန့်ဆုတ်နေတဲ့စိတ်ကို ပယ်ဖျောက်ဖို့ လိုပါတယ်။

(၈) Comfort Zone မှာ ပျော်တဲ့စိတ်

ကိုယ့်ရဲ့လက်ရှိအနေအထားဟာ ဘယ်လောက်ဆိုးဆိုး ရုန်းထွက်ဖို့ တွန့်ဆုတ်တတ်တာဟာ Comfort Zone မှာ ပိတ်မိနေလို့ပါ။ လူအများစုဟာ မလှုပ်၊ မရှုပ်၊ မပြုတ်ပုံစံနဲ့ပဲ ဒီအနေအထားမှာ ကျင်လည်နေတတ်ကြပါတယ်။ ကြက်ဥအခွံလေးဟာ Comfort Zone နဲ့ တူပါတယ်။ ကြက်ပေါက်စလေးဟာ ကြက်ဥခွံက ထွက်နိုင်တဲ့အခါမှ လောကကြီးရဲ့ အဆိုး၊ အကောင်းတွေကို စတင်ခံစားရတာပါ။ ဥထဲကနေ ထွက်မလာနိုင်ရင် ကြက်တစ်ကောင် ဖြစ်လာမှာ မဟုတ်ပါဘူး။ စာရေးသူတို့ တစ်တွေလည်း Comfort Zone ထဲ ပိတ်မိနေရင် လူပီသတဲ့လူ ဖြစ်လာမှာ မဟုတ်တဲ့ အတွက် ရုန်းထွက်ဖို့ လိုပါတယ်။

(၉) အတိတ်ကို ဖက်တွယ်တဲ့စိတ်

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အတိတ်ကို အတိတ်မှာ ထားခဲ့ဖို့ လိုပါတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တာကို တမ်းတနေရုံနဲ့ လက်ရှိဘဝကြီးက ဘာမှထူးခြားမလာပါဘူး။ ပစ္စုပ္ပန်မှာ အမြဲရှင်သန်နေဖို့ လိုပါတယ်။ အတိတ်က ကျရှုံးမှုကိုလည်း သင်ခန်းစာယူပြီး လက်ရှိပို ကောင်းအောင် လုပ်ဖို့သာ လိုပါတယ်။

မိမိပိုင်ဆိုင်ထားသော တန်ဖိုးရှိ အချိန်ကာလများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲ အသုံးချနိုင်သော လူငယ်များ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်တောင်း ရေးသားမျှဝေလိုက်ပါတယ်။

Ref: 13 Things You Should Give Up If You Want To Be Successful by Zdravko Cvijetic

မေတ္တာဖြင့်
အုန်းဇင်လင်း (ပညာရေး)