News

POST TYPE

OPINION

မူးယစ်ဆေးစွဲသူအပေါ် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ပေးမယ်ဆိုရင်
28-Jul-2017
မူးယစ်ဆေးနဲ့ ပတ်သက်ရင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို စံတင်လောက်တယ်။ မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းချသူ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိသူ အားလုံးကို ပစ်သတ်ခွင့်ပြုခဲ့တယ်။ ဖိလစ်ပိုင်မှာ မူးယစ်ဆေး မရှိတော့ဘူး ဆိုရသလောက် ဘိန်းစားတွေ၊ မူးယစ်ရာဇာတွေ ကင်းသွားတယ်။ ကိုယ့်သဘောနဲ့ကိုယ် အချုပ်ခန်း၊ ရဲစခန်းတွေမှာ လာရောက်အဖမ်းခံတယ်။ အစိုးရက ဆေးဖြတ်ပေးသင့်တဲ့သူ ဖြတ်ပေးတယ်။ အောင်မြင်တယ်လို့ ဆိုရမှာပါ။ 

မြန်မာနိုင်ငံနဲ့ မူးယစ်ဆေးဝါး ပြဿနာက အင်္ဂလိပ်နယ်ချဲ့တွေ လူနေကျဲပါးတဲ့ တိုင်းရင်းသား ဒေသတွေမှာ တရားဝင် စိုက်ပျိုးစေပြီး တရုတ်နိုင်ငံ ပစ်မှတ်ထားပြီး တင်ပို့ရောင်းချစေတယ်။ တရားဝင် ဘိန်းခန်းတွေ ဖွင့်လှစ်ပြီး ဘိန်းစွဲအောင် လုပ်ခဲ့တယ်။ တရုတ်နိုင်ငံကို စစ်မတိုက်ဘဲ ဘိန်းနဲ့အနိုင်ယူ ငွေကြေးရှာခဲ့တယ်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ပါ ပူးတွဲရရှိခဲ့တဲ့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ရေရှည်တည်တံ့ရေးအတွက် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိခဲ့တယ်။ ဘိန်းစိုက်စေတယ်။ မြန်မာနိုင်ငံ ပါဝင်တဲ့ ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ ဒုတိယ ဘိန်းဖြူအများဆုံး ထွက်တဲ့ဒေသ ဖြစ်နေတယ်။ ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးကို ဖမ်းဆီးတဲ့နေရာမှာ ထုတ်လုပ်ရောင်းချသူကို မမိဘဲ ဆေးသုံးစွဲသူတွေ ဖမ်းနေလို့ ‘ထိတာတလွဲ ရှတာတခြား’ ဖြစ်နေတယ်။ ယခုလာပြန်ပြီ။ မူးယစ်ဆေး သုံးစွဲသူတွေကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်နဲ့ အရေးယူဖို့ ပြင်ဆင်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သိရတယ်။ 

‘နိုင်ငံတကာမှာ မူးယစ်ဆေး စွဲသူတွေကို လူနာအနေနဲ့ မှတ်ယူပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်နေတယ်။ မူးယစ်ဥပဒေပုဒ်မ (၁၅) အရ သုံးစွဲသူကို အရင်လို ထောင်ဒဏ်မချဘဲ လူမှုပြစ်ဒဏ်နဲ့ အစားထိုးတယ်။ ဥပဒေကြမ်းကိုလည်း ရေးဆွဲပြီးပြီ။ မကြာခင် လွှတ်တော်မှာ အတည်ပြု ဆွေးနွေးတော့မယ်” လို့ ဇူလိုင် ၂ ရက်က ပြည်ထဲရေး အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုတယ်။ 

‘နိုင်ငံတကာ မူးယစ်ဆေး သုံးစွဲသူတွေကို ပြန်လည်ထူထောင်ရေး နည်းလမ်းနဲ့ ဦးတည်လုပ်ကိုင်နေတယ်။ ဆေးစွဲသူတွေဟာ အရင်တုန်းက ခံစားမှုရှိတဲ့ (Feel) လိုချင်လို့ စမ်းသပ်သုံးစွဲတယ်။ တကယ့်မူးယစ်ဆေးစွဲ လူနာဖြစ်သွားတဲ့အခါ သူတို့ ဆေးသုံးတာက သာမန်လူကောင်းတစ်ယောက်လို နေထိုင်ရဖို့ သုံးစွဲနေတယ်” လို့ မူးယစ်ဥပဒေကြမ်းရေးဆွဲတဲ့ ကဏ္ဍပညာရှင်အဖြစ် ဦးဆောင်ပါဝင်တဲ့ မူးယစ်ဆေးစွဲရောဂါ ကုသရေး ဆရာဝန်ကြီး ဒေါက်တာဂျော်ထက်ဒိုးက ဆိုတယ်။ 

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို အမျိုးသားရေးအန္တရာယ် အနေနဲ့ တိုက်ဖျက်နေပေမယ့် ယနေ့လူငယ်တွေ ပါဝင်သုံးစွဲလျက်ရှိပြီး ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ (UNODC) အဖွဲ့က ထုတ်ပြန်ချက်အရ မူးယစ်ဆေး သုံးစွဲသူဦးရေ ၃ သိန်းခန့်ရှိရာ ဆေးစွဲမှတ်ပုံတင်စာရင်းမှာ ၉၂၅၈ ဦးသာ ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း၊ ၃ ရာခိုင်နှုန်းသာ ကုသပေးနိုင်ခဲ့ကြောင်း သိရတယ်။ 

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကုသရေး အနေနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ မူးယစ်ဆေးစွဲ ကုသရေးဌာနကြီး ၂၆ ခုနဲ့ ဌာနငယ် ၄၇ ခု၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က လူငယ်ပြုစုပျိုးထောင်ရေးစခန်း ၃ ခု ဖွင့်ထားကြောင်း၊ ဥပဒေသစ် ပြင်ဆင်ပြီးရင် ဆေးဖြတ်လိုတဲ့ လူနာတွေ ပိုမိုမြင့်တက်လာနိုင်ပြီး ဆေးကုသရေးနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍ လုံလောက်မှု မရှိလို့ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်မှာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရပါတယ်။ လက်ရှိရေးဆွဲတဲ့ မူးယစ်ဆေးဝါး ဥပဒေကြမ်းကို ပြည်ထဲရေး၊ လူ/ကယ်/ပြန် ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန သုံးခုတို့ ပူးပေါင်းလုပ်ဆောင်နေတယ် ဆိုတယ်။ 

မူးယစ်ဆေးဝါး မှုခင်းတွေနဲ့ ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်သူတွေကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ရုရှား၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ အမေရိကန် စတဲ့ နိုင်ငံတွေနဲ့ နှစ်နိုင်ငံ သဘောတူညီချက်တွေ လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။ ဓာတုဆေးဝါးပစ္စည်းက တစ်ဆင့် ထုတ်ယူတဲ့ စိတ်ကြွဆေးပြား ပြဿနာက ၁၉၉၆ ခုနှစ်ကစပြီး ပျံ့နှံ့လာကာ လူငယ်ထုအတွင်း စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲမှု မြင့်တက်လာတာကို တွေ့ရှိရတယ်။ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားတွေ လူငယ်ထုအတွင်း ပျံ့နှံ့မှု မရှိစေရေး၊ လက်လီလက်ကား ဈေးကွက်မှာ လျော့နည်းပပျောက်အောင် ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့က လက်မှတ်ရေးထိုးလို့ ယင်းတို့ ပူးပေါင်းကာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေ ကျဆင်းရေးတို့ ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတယ်။ 

၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက် အကြိမ် ၃၀ မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး ၃ မြို့မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး အမျိုးအစား ၂၅ မျိုးဖြစ်ပြီး တန်ဖိုးငွေကာလ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၁၇ ဒသမ ၉၄ သန်း၊ မြန်မာငွေ ကျပ် ၂၉ ဒသမ ၄ ဘီလီယံဖြစ်ပြီး ၂၀၁၆ ခုနှစ် ယင်းနေ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ တန်ဖိုးထက် ဆယ်ဆကျော် များပြားနေတာပဲ ဖြစ်တယ်။ 

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးနွံထဲက မရုန်းထွက်နိုင်ဘဲ ကျေးလက်အထိ ပျံ့နှံ့နေတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ပုဇွန်တောင်လမ်းမှာ ကွန်တိန်နာယာဉ်နဲ့အပြည့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးနဲ့အတူ ထိုင်ဝမ်အမျိုးသား ၄ ဦး၊ ဟောင်ကောင်သား ၁ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းမိပြီးတဲ့နောက် ယင်းအမှုနဲ့ ပါဝင်ပတ်သက်ဆက်နွှယ်သူတွေ စုံစမ်းဖော်ထုတ်ခဲ့တယ် ဆိုတယ်။ သံသယ ရှိသူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဓာတ်ပုံတွေကို အိမ်နီးချင်း ရဲတပ်ဖွဲ့ထံ ပေးပို့ထားသလို တရားမဝင်လမ်းကြောင်းက ခိုးဝင်လာရင် ဖမ်းဆီးအကြောင်းကြားပေးဖို့ ညွှန်ကြားထားတယ်။ မြန်မာနိုင်ငံက မူးယစ်ရာဇာတွေ ပါဝင်မနေတာတော့ ဆန်းပြားလို့ နေပါတယ်။ 

၂၀၁၆ ခုနှစ် မေလ ၉ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်ရဲ့ ‘အခြေခံကျသော မူးယစ်ဆေးဝါး ထုတ်လုပ်သူနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာ စက်ရုံ၊ အလုပ်ရုံတို့ကို အဘယ့်ကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိပါသနည်း’ မေးခွန်းကို ပြည်ထဲရေး ဒုဝန်ကြီးက ‘နယ်စပ်မှာ ဥပဒေမစိုးမိုးတဲ့ ဒေသတွေမှာ လုပ်ကိုင်ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ အားလုံး အပစ်ရပ် NCA စာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအတူ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နိုင်တာနဲ့အမျှ မူးယစ်ဆေးဝါး အန္တရာယ် အမြစ်ပြတ် ချေမှုန်းရေးကိုပါ အမျိုးသားအသွင်နဲ့ ဖော်ဆောင်နိုင်မယ်’ လို့ အကြောင်းပြချက်ပေးပြီး ‘လူတွေက ဆင်းရဲတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေကြောင့် ဝင်မဖမ်းနိုင်ဘူး’ ပြောရာ “တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သတင်းအရ လျှပ်တစ်ပြက် စစ်ဆင်ရေးလိုမျိုး ဝင်စီးတာ မရှိဘူး။ မူးယစ်ဆေးဝါး ကင်းချင်ရင် ထုတ်လုပ်သူတွေ ချေမှုန်းရမှာပေါ့” လို့ ဒေါက်တာမောင်အောင်က ဆိုတယ်။ 

၂၀၁၆ ခုနှစ် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ဩဂုတ်လ ၁ ရက်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းက ‘မူးယစ်ဆေးဝါး ဖမ်းဆီးရာမှာ သုံးစွဲသူသာမိပြီး ရောင်းချသူ၊ အပြစ်ကျူးလွန်သူတွေ ရှောင်တိမ်းနိုင်ခြင်း၊ ပိုင်ရှင်မဲ့ဖြစ်ခြင်း၊ ရောင်းချသူကို မဖမ်းမိနိုင်ခြင်းတို့ဟာ တရားဥပဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း’ အဆိုကို ‘မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းထိန်းချုပ်ဖို့၊ မူလအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ထိန်းချုပ်နိုင်ဖို့က အဓိကကျတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးမှုဖြစ်စဉ်မှာ အချို့က ပိုင်ရှင်မဲ့ဖြစ်နေပြီး သုံးစွဲသူသာ မိကာ ရောင်းချသူကို ဖမ်းဆီးနိုင်မှု မရှိခြင်း၊ ရှာဖွေဖမ်းဆီးမယ်သတင်း ကြိုတင်သိရှိတဲ့အလား ကျူးလွန်သူတွေ ရှောင်တိမ်းနိုင်ခြင်း၊ ပြည်သူတွေအကြား သက်ဆိုင်ရာ တာဝန်ရှိသူတွေ အပေါ်မျာ သံသယ အထင်အမြင် လွဲမှားမှုကို ဖြစ်ပေါ်စေပြီး တရားဥပဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်’ လို့ ဆွေးနွေးခဲ့တယ်။ ပြည်ထဲရေး ဝန်ကြီးဌာန အောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မူးယစ်အထူးရဲတို့ တာဝန်ရှိတယ်။ 

မူးယစ်ဆေးစွဲသူအပေါ် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာ ပေးမယ်ဆိုရင် ကောင်းကျိုးက ဆေးပြတ်သွားလို့ လူကောင်းဖြစ်သွားနိုင်တယ်။ ဘေးထွက်ဆိုးကျိုးက ဝယ်ရောင်းလုပ်သူတွေကပါ မူးယစ်ဆေးစွဲ ဟန်ဆောင်ပြီး ဒီထက်မက ရောင်းဝယ်ဖောက်ကားမှု လုပ်လာနိုင်တယ်။ ပြစ်ဒဏ်က ‘လူမှုရေးပြစ်ဒဏ်လောက်ပဲ ဆိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးပြား ရောင်းဝယ်မှု အကြီးအကျယ် ဖြစ်လာနိုင်တယ်။ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား ကင်းစင်ရမယ့်အစား တရားဝင် သုံးစွဲရောင်းဝယ်နေကြမယ့်အသွင် ဖြစ်လာမယ်။ 

ဒေါက်တာထူးပြည့်စုံသျှင်