News

POST TYPE

OPINION

ကံ့ကော်ပင်နှင့် ဖဲကြိုးပြာများ ပြေလည်စေချင် (Daily, Vol-5/No-92)
27-Jul-2017

မကြာသေးခင်က တက္ကသိုလ်အချို့တွင် ကာလကြာမြင့်စွာ တာဝန် ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့်ပေးမှုနှင့် ပတ်သက်၍ စိတ်တိုင်းမကျဖြစ်ကာ ဖဲကြိုးပြာ တပ်ဆင်သည့် လှုပ်ရှားမှုဖြင့် ဆန္ဒဖော်ထုတ်သွားရန် ပြင်ဆင်လျက်ရှိသည်ဟု သိရပါသည်။ ဆယ်စုနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ရာထူးတိုးမြှင့်ခြင်း မခံရသည့်ကိစ္စတွင် တာဝန်ထမ်းဆောင်သူများအကြား ခွဲခြားဆက်ဆံမှု၊ တစ်နည်းအားဖြင့် စိတ်ဝမ်းကွဲအောင် လုပ်ဆောင်မှုများ ရှိနေသည်ဟု ယူဆသောကြောင့် ထိုသို့ ဖဲကြိုးပြာ Campaign ဖြင့် ဆန္ဒဖော်ထုတ်ရန် စီစဉ်ကြခြင်း ဖြစ်ပေသည်။ 

ရာထူးတိုးမြှင့်ရာတွင် မမျှမတ ဖြစ်နေသည်ဟုဆိုသော ပြဿနာကို ချဉ်းကပ်လေ့လာကြည့်သောအခါ အစိုးရသစ်လက်ထက်၌ ဖျက်သိမ်းခံလိုက်ရပြီး ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းလိုက်ရသော ယခင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များသာမက ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဆေးနှီးနွှယ် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ပေါင်းစပ်ခြင်း ခံလိုက်ရသော ဝန်ကြီးဌာနနှစ်ခုမှ ရာထူး တိုးမြှင့်ရေးကိစ္စ အဆုံးအဖြတ်ပေးသူများ၏ ထိပ်တိုက်တွေ့မှုဟု ယေဘုယျ ဆိုရပါမည်။

ထို့အတူ ဝန်ကြီးဌာန နှစ်ခုပေါင်းစပ်ကာ တစ်ခုတည်း ဖြစ်သွားသော်လည်း ရာထူးတိုးမြှင့်ရေးဆိုင်ရာ မူဝါဒချမှတ်ရာတွင် ဌာနအလိုက် ဆုံးဖြတ်ချင်သလို ဆုံးဖြတ်မှုများ ရှိနေပုံရသည်ဟု ဆိုရပါမည်။ အစိုးရဝန်ကြီးဌာနတစ်ခုခု လက်အောက်တွင် အမှုထမ်းဆောင်နေသူ မည်သူမဆို လုပ်အားခ ခံစားခွင့်နှင့် ရာထူးတိုးမြှင့်ခြင်း ခံရမည့်အရေးကို စိတ်မဝင်စားသူ တစ်ဦးမှမရှိသလို ယင်းသို့ စိတ်ဝင်စားကြသည်မှာလည်း ယခုမှမဟုတ်၊ ဘုရင်စနစ် ကျင့်သုံးသည့် ခေတ်ကာလများကတည်းကပင်ဖြစ်သည်။ ဌာန အသီးသီးသို့ ဝင်ရောက်ပြီး လုပ်သက်ကလေး အတော်အတန်ရလာချိန်တွင် ပရိုမိုးရှင်း ပေးမည့်၊ တစ်နည်းအားဖြင့် ရာထူးတိုးခံရမည့်အခါကို စောင့်မျှော်ကြသည်မှာ တက္ကသိုလ် ဆရာ၊ ဆရာမများသာမက ဝန်ထမ်းများ အားလုံး၏ သဘောသဘာဝပင် ဖြစ်ပေသည်။

ယခု တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ပရိုမိုးရှင်း ပြဿနာကိုကြည့်လျှင် ဝန်ကြီးဌာနတွင်း စီမံအုပ်ချုပ်မှုပိုင်းများ၌ ပွင့်လင်းမြင်သာမှု အားနည်းနေသလို ဌာနတစ်ခုချင်းစီ၏ HR ခေါ် Human Resource Department တို့ ကောင်းစွာ အလုပ်လုပ်နိုင်ခြင်း မရှိသေးသည်ကိုလည်း တွေ့ရပေသည်။ ပရိုမိုးရှင်း မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် မပေးဘဲထားသည်၊  ဆရာ၊ ဆရာမများတွင် မည်သို့သော အားနည်းချက်များ ရှိနေသည် အစရှိသည့် အခြေခံကျသော အကြောင်းအရင်းများကို ထုတ်ပြန်နိုင်ခြင်း မရှိဘဲ ယခင်အာဏာရှင် ခေတ်ကာလကအတိုင်း ထင်တိုင်းကြဲသည့် ပုံစံမျိုးမြင်တွေ့ရသည်မှာ ဝမ်းနည်းစရာပင်ဖြစ်ပေသည်။ 

မည်သို့ပင်ဖြစ်စေ တက္ကသိုလ် ဆရာ၊ ဆရာမများဟူသည် ကိုယ်တိုင်လည်း ပညာတတ် စကော်လာ(Scholar)များနှင့် အကဲဒမစ်(Academic)များ ဖြစ်သလို နိုင်ငံတွင် ပညာတတ်များ ပေါ်ထွန်းလာနိုင်ရေးအတွက် တာဝန်ယူ သင်ကြားနေသူများဖြစ်ရာ ၎င်းတို့အကြား စိတ်ဝမ်းကွဲခြင်း၊ မိမိပညာပို့ချပေးနေသော လုပ်ငန်းခွင်တွင်း ပျော်ရွှင်မှုသာမက ယုံကြည်မှုပါ ပျောက်ဆုံးခြင်းထိ ဖြစ်လာမည်ဆိုပါက အဆင့်မြင့်ပညာရေး အခန်းကဏ္ဍ တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်သည်ဖြစ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များအနေနှင့် ပညာသည်ဟု ဆိုအပ်သော ဆရာ၊ ဆရာမများကို ထိုက်တန်သည့် ချီးမြှောက်မှုမျိုးပေးနိုင်ရေးနှင့် ၎င်းတို့ဆန္ဒအတိုင်း ကိုက်ညီမှုရှိမည့် ပရိုမိုးရှင်းဆိုင်ရာ မူဝါဒများကို ပွင့်လင်းမြင်သာစွာ ချမှတ်ရေးဆွဲနိုင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။ 

အယ်ဒီတာ (၂၇-၇-၂၀၁၇)

  • VIA