News

POST TYPE

OPINION

တပ်မတော်နှင့် မီဒီယာသမားများ တွေ့ဆုံမှု နှစ်ဖက် သဘောတူညီချက်ရရန် ဆွေးနွေးခြင်းမဟုတ်ဟုဆို
27-Jul-2017

နေပြည်တော်၊ ဇူလိုင်၂၇

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့သော တပ်မတော်နှင့် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပွဲမှာ နှစ်ဖက် သဘောတူညီချက်ရရန် တွေ့ဆုံဆွေနွေးသည့်ပွဲ မဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောကြားသည်။

တပ်တော်၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မီဒီယာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်ခြင်း ရှိ မရှိနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ဆွေးနွေးပွဲကတော့ သူ့ဘက်က အမြင်၊ ကိုယ့်ဘက်က အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်တော့ ရခဲ့တယ်။ သဘော တူညီချက် တစ်စုံတစ်ရာတော့ မထွက်ခဲ့ဘူး၊ ဒီတိုင်းပဲ သူ့ရဲ့ စိတ်ပူပန်မှု၊ ကိုယ့်ရဲ့ စိတ်ပူပန်မှု၊ ကိုယ့်ရဲ့ ရှုမြင်မှုတွေကို အပြန်အလှန် လွတ်လပ်စွာ ပြောခွင့်ရတဲ့ပွဲလို့ပဲ ပြောလို့ ရပါတယ်”ဟု မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က မှတ်ချက်ပေးသည်။

တပ်မတော်နှင့် သတင်းမီဒီယာ အဖွဲ့များမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ဆွေးနွေးခဲ့ကြပြီး ရေတိုကိစ္စဖြစ်သော သတင်းမီဒီယာသမားများကို မတရားအသင်း ဥပဒေ ၁၇ (၁)၊ ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ ) ဖြင့် တရားစွဲဆိုနေမှုနှင့်  စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂလိကမီဒီယာများ ရှင်သန် ရပ်တည်နိုင်ရေး စသည့် ရေရှည်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောသည်။

တပ်မတော်၏ ရာထူး အဆင့်အတန်း ခေါ်ဝေါ် သုံးစွဲမှုများနှင့် မီဒီယာသမားများ တရားစွဲဆို ခံထားရသည့် ၆၆(ဃ)ကိစ္စနှင့် ၁၇ (၁)ဖြင့် သတင်းထောက်များ တရားစွဲဆိုခံရမှု ကိစ္စများကို ဆွေးနွေးခဲ့သော်လည်း တိကျသော သဘောတူညီမှုများ မရရှိခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရသည်။

“ရလဒ်ကို အသေးစိတ်မပြောနိုင်တာ တွေ့ရတယ်၊ ဖြေတာက အကြမ်းဖျင်း လောက်သာ ဖြေသွားတာကို တွေ့ရပါတယ်”ဟု ဧရာဝတီသတင်းဌာန နေပြည်တော် တာဝန်ခံ ဦးထက်နိုင်ဇော်က ဆိုသည်။

တပ်မတော်နှင့် ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် မီဒီယာအဖွဲ့များ တွေ့ဆုံပွဲတွင် မီဒီယာအဖွဲ့ ၁၂ ဖွဲ့ တက်ရောက်ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။


  • VIA