News

POST TYPE

OPINION

ရန်သူ မှားတိုက်နေတဲ့ စစ်ပွဲလား
27-Jul-2017

“မူးယစ်ဆေးစွဲတယ်ဆိုတာ ကုသနိုင်တဲ့ ဦးနှောက်ရောဂါတစ်ခုပါ။”
			        - Nora D.Volkow,M.D.
			          Director
			          National Institute on Drug Abuse 

အထက်ပါစကားဟာ မူးယစ်ဆေးစွဲမှုနဲ့ပတ်သက်ပြီး အစဉ်အလာ အယူအဆတွေ လက်ခံထားတဲ့ လူ့အဖွဲ့အစည်းတစ်ခုက လူအများစုအတွက် နားစိမ်းနေနိုင်သလို အချို့အတွက် ဘာတွေ ပြောနေသလဲဆိုပြီး မေးစရာ၊ လှောင်ပြောင်ရယ်မောစရာ၊ မေးငေါ့စရာအထိပါ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုကနေ မူးယစ်ဆေးစွဲမှုအထိ မူးယစ်ဆေးဝါး ပြဿနာဟာ လူ့အဖွဲ့အစည်းတွေအတွက် နှစ်ပေါင်းများစွာ တိုက်နေခဲ့ရပေမယ့် ယခုအချိန်ထိ မအောင်နိုင်သေးတဲ့ စစ်ပွဲတစ်ခုပမာ ဖြစ်နေခဲ့တာ ကြာပါပြီ။

မူးယစ်ဆေးဝါးကြောင့် မူးယစ်ဆေးစွဲမှုကနေ ရာဇဝတ်မှုတွေအထိ ဦးတည်သွားတတ်သလို မူးယစ်ဆေးစွဲမှုကြောင့် နိုင်ငံအတွက်အရေးပါတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ထိခိုက်ဆုံးရှုံးပြီး ကုန်ထုတ် စွမ်းအားတွေ ကျဆင်းတာ၊ စိတ်မကျန်းမာတာ၊ ကူးစက်ရောဂါတွေဖြစ်တာ၊ သေဆုံးတာ၊ ထောင်လူဦးရေ တိုးပွားစေတာစတဲ့ မဆုံးနိုင်တော့တဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကို လူ့အဖွဲ့အစည်း တစ်ခုလုံးက အရွယ်မရွေး ဆက်နွှယ်ပြီး ခံရပါတယ်။ ဒေါ်လာသန်းချီတန်တဲ့ ပိုင်ရှင်မဲ့ ဘိန်းအမျိုးမျိုးနဲ့ မူးယစ်ဆေးဝါးတွေ၊ တွေ့ရှိသိမ်းဆည်း ရရှိနေမှုတွေ အပါအဝင် မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အမှုအခင်းတွေအရလည်း မူးယစ်ဆေးစွဲမှုတွေဟာ ဒေါ်လာသန်းပေါင်း များစွာအထိ ပြောင်းလဲသွားတတ်တာကို ပြနေတဲ့အတွက် လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိရှိ ထိထိရောက်ရောက် သုံးနိုင်တဲ့ ငွေပေါင်းများစွာဟာ မူးယစ်ဆေးစွဲမှုအတွက် အလဟဿကုန်ကျနေတဲ့ အဓိပ္ပာယ် ဆောင်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံအများစုဟာ မူးယစ်ဆေးဝါး ပြဿနာကို စစ်ပွဲတစ်ခုပမာ ပြစ်မှုအဖြစ် ဥပဒေတွေနဲ့ ကိုင်တွယ် တိုက်ဖျက်နေပြီး ထောင်ထဲ ရောက်တဲ့သူ အများစုဟာ မူးယစ်ဆေးနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်တဲ့အမှုတွေကြောင့် ရောက်လာတာ များပါတယ်။

အနာဂတ်လား၊ သားကောင်လား

ဒါပေမဲ့ အဲဒီစစ်ပွဲမှာ ထောင်ထဲရောက်တဲ့သူတွေသာ များလာပေမယ့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကုန်သွယ်မှုကို မလျှော့ချနိုင်သေးပါဘူး။ အကြောင်းကတော့ သံတိုင်ရဲ့ နောက်ကွယ်မှာ ရောက်နေတဲ့သူတွေဟာ မူးယစ်ဆေးဝါးကို အဓိက အများဆုံး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေတဲ့နေရာမှာ အဓိက တာဝန်ရှိသူတွေနဲ့ မူးယစ်ရာဇာတွေ မဟုတ်ဘဲ စီးပွားရေး၊ လူမှုရေး၊ ပညာရေး နိမ့်ကျပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ ငွေရလွယ်ဖို့ ဝင်လုပ်တဲ့ ကယ်ရီရာတွေပါသလို အများစုက မူးယစ်ဆေးစွဲပြီး သုံးစွဲမှု၊ ကိုယ်သုံးစွဲတဲ့ဆေး ရဖို့အတွက် ရောင်းပေးရမှုနဲ့ လက်ဝယ်တွေ့ရှိမှုကြောင့် ရောက်လာတဲ့ သားကောင်တွေ ဖြစ်နေလို့ပါပဲလို့ ပညာရှင်တွေက ဆိုပါတယ်။ သူတို့အဆိုအရ ထောင်ထဲ ရောက်နေသူ အများစုဟာ မူးယစ်ဆေးစွဲနေလို့ မူးယစ်ဆေးဝါး သုံးစွဲနေရတဲ့ မူးယစ်ဆေးဝါး သားကောင်တွေဖြစ်ပြီး အချို့ဆို နှစ်ဂရမ်ထက်မများတဲ့ ပမာဏ လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ထဲ ရောက်သွားတာပါ။ နောက်ပြီး ရောက်သွားတဲ့သူတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လို့ဆိုကြတဲ့ လူငယ်တွေ အများစုဖြစ်နေတဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ်တွေ ထောင်ထဲ ရောက်နေသလိုဖြစ်နေပါတယ်။

တစ်နည်းပြောရရင် ရေသောက်မြစ်ပင်စည်ကို မခုတ်လှဲနိုင်ဘဲ အရွက်တွေ အကိုင်းအခက်တွေပဲ ချိုးနိုင်လို့ ပြန်ပြီး ရေသောက်မြစ်ကြီးနဲ့ အခက်အလက် စိမ်းစိုဝေဆာလာကာ အညွန့်တလူလူ ရှင်သန်ကြီးထွားနေတဲ့ အပင်ကြီးလိုဖြစ်နေပါတယ်။ 

ဒါကြောင့်လည်း “ဆေးစွဲတဲ့သူတွေကို ထောင်ထဲပို့လိုက်တာဟာ သူတို့ရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး။ များသောအားဖြင့် ပိုပဲဆိုးဝါး သွားစေပါတယ်။ ပြဿနာက ထောင်သွင်း အကျဉ်းချတာဟာ ကုန်ကျစရိတ် များစေပြီး ထောင်က ပြန်ထွက်လည်း ဆေးပြန်သုံးလိုက် ထောင်ပြန်ကျလိုက်နဲ့ အဆိုးကျော့ သံသရာလည်နေတာပါ”လို့ နာဗ်ကြောသိပ္ပံ (Neuroscience) နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းပေါင်း များစွာရေးသား ဟောပြောရိုက်ကူးနေတဲ့ နာမည်ကျော် နာဗ်ကြောသိပ္ပံပညာရှင် David Eagleman က ဆိုတာဖြစ်ပါတယ်။ အဓိကကတော့ မူးယစ်စစ်ပွဲမှာ မူးယစ်ဆေးထုတ်လုပ် ရောင်းချနေသူတွေဟာ အန္တရာယ် ရှိတဲ့ရန်သူတွေ ဖြစ်ပေမယ့် မူးယစ်ဆေး စွဲနေသူတွေဟာ ရန်သူမဟုတ်ဘဲ သားကောင်တွေဆိုတာ သိပ္ပံပညာရှင်တွေ သိရှိလာတာပဲ ဖြစ်ပါတယ်။

တကယ်တော့ မူးယစ်ဆေး စွဲတဲ့သူကို သားကောင်လို့ မမြင်တာ အခုမှမဟုတ်ပါဘူး။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်လောက်ကတည်းက မူးယစ်ဆေးစွဲတဲ့ အမူအကျင့်ကို သိပ္ပံပညာရှင်တွေ စတင်လေ့လာချိန်မှာ လူတွေ မူးယစ်ဆေး စွဲတာဟာ ကိုယ်ကျင့်တရား ချို့ယွင်းမှုနဲ့ စိတ်စွမ်းအင် လျော့နည်းမှုလို့ ယူဆခဲ့ကြပါတယ်။ အဲဒီအမြင်တွေကြောင့်ပဲ လူ့အဖွဲ့အစည်းမှာ  မူးယစ်ဆေး စွဲတဲ့သူတွေကို ကျန်းမာရေး ပြဿနာလို့မမြင်ဘဲ ကိုယ်ကျင့်တရား ကျဆင်းမှုလို့ ရှုမြင်ပြီး ကြိုတင် ကာကွယ်တာတွေ၊ ကုသတာတွေထက် အပြစ်ပေး အရေးယူဖို့၊ ထောင်ထဲထည့်ထားဖို့ပဲ အလေးသာခဲ့ကြပါတယ်။

ဒါပေမဲ့ ယနေ့ခေတ်မှာတော့ သိပ္ပံပညာ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ အထူး လေ့လာလိုက်စားလာတဲ့ ပညာရပ်တစ်ခုဖြစ်တဲ့ လူတွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေနဲ့ အတွေးတွေကို ဦးနှောက်နဲ့ နာဗ်ကြောတွေရဲ့ လုပ်ဆောင်ချက်တွေကတစ်ဆင့် လေ့လာတဲ့ နာဗ်ကြောသိပ္ပံ (Neuroscience) အရ မူးယစ်ဆေးစွဲမှုအပေါ် အမြင်တွေကို လုံးဝ ပြောင်းလဲလိုက်ပါတယ်။ နာဗ်ကြောသိပ္ပံအရ ဦးနှောက်ထဲက အကြောင်းကို ရှာဖွေ တွေ့ရှိလာတဲ့အခါမှာတော့ မူးယစ်ဆေး မသုံးမနေရ စွဲလမ်းမှုနဲ့ပတ်သက်ပြီး အရင်က တွေ့ရှိ သိရှိထားတာတွေကို လုံးလုံးလျားလျား ပြောင်းလဲလိုက်တဲ့အတွက် မူးယစ်ဆေးစွဲတဲ့ ပြဿနာကို ထိထိရောက်ရောက် တုံ့ပြန်လာနိုင်သလို မူးယစ်ဆေးဝါး စစ်ပွဲမှာ ရန်သူမဟုတ်ဘဲ သားကောင်ဖြစ်နေသူတွေကို ကယ်တင်နိုင်ပြီဖြစ်ပါတယ်။

အတွင်းရန်

အဲဒီတွေ့ရှိချက်တွေအရ မူးယစ်ဆေး မသုံးမနေရ စွဲလမ်းမှုကို ဖြစ်စေတဲ့ရန်သူဟာ ဦးနှောက်ထဲမှာ ဖြစ်နေပါတယ်။ နာဗ်ကြောသိပ္ပံအရ မူးယစ်ဆေး စွဲတယ်ဆိုတာ ပြန်ပြန်ဖြစ်တတ်တဲ့ နာတာရှည်ဦးနှောက် ရောဂါဖြစ်ပြီး အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေ ရှိတာတောင် မူးယစ်ဆေးကို အာသာငမ်းငမ်း ရှာဖွေနေတဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ရောဂါလို့ ဆိုရတာကတော့ မူးယစ်ဆေးဟာ ဦးနှောက်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲစေတတ်တဲ့အတွက် ဖြစ်ပါတယ်။

အဲဒီဦးနှောက်ပြောင်းလဲမှုတွေဟာ အချိန်ကြာမြင့်စွာ ဖြစ်တည်နေနိုင်ပြီး ဆေးစွဲသူတွေမှာ တွေ့ရတတ်တဲ့ အန္တရာယ်ရှိတဲ့အပြုအမူတွေ လုပ်ဆောင်တဲ့အထိ ဦးတည်သွားစေပါတယ်။ မူးယစ်ဆေး စွဲတာဟာ နှလုံးရောဂါလို အခြားရောဂါတွေနဲ့ အတော်ဆင်ပါတယ်။ အခြားရောဂါတွေလိုပဲ ပုံမှန် ကျန်းကျန်းမာမာနဲ့ လုပ်ဆောင်နေတဲ့ ကိုယ်အင်္ဂါရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ဖျက်ဆီးတတ်ပြီး ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ အကျိုးဆက်တွေရှိပေမယ့် ကြိုတင် ကာကွယ်နိုင်သလို ကုသပျောက်ကင်းနိုင်ပါတယ်။ အဲဒီလို တိုးတက်တဲ့ လေ့လာတွေ့ရှိမှုတွေ ရှိလာပေမယ့် ယနေ့အထိ လူအများစုဟာ မူးယစ်ဆေး ဘာကြောင့်စွဲမှန်း သေချာ နားမလည်ကြသေးသလို မူးယစ်ဆေးဟာ မသုံးမနေရ စွဲလမ်းတဲ့အထိ ဦးနှောက်ကို ဘယ်လိုပြောင်းလဲပစ်သလဲဆိုတာ မသိကြသေးပါဘူး။ ဒါ့အပြင် အခြားရောဂါတွေလို ကုသပျောက်ကင်းနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုလို မမြင်ဘဲ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့ မကောင်းဆိုးဝါး ရန်သူလိုမြင်ပြီး ထောင်သွင်း အပြစ်ပေးထားလိုက်ပေမယ့် မူးယစ်သားကောင်နဲ့ သူ့မိသားစု ဆွေမျိုးသားချင်းတွေကတော့ ဒုက္ခသုက္ခမျိုးစုံကို ခံစားရတတ်ပါတယ်။ အရင်တုန်းက စိတ်ကျန်းမာရေး မကောင်းသူကို ကျန်းမာရေးကြောင့်လို့ မသိဘဲ မကောင်းဆိုးဝါး ပူးဝင်နေသူတစ်ယောက်လို သတ်မှတ်တာ၊ ထောင်သွင်း ချုပ်နှောင်ခဲ့တာမျိုးနဲ့ သွားတူနေပါတယ်။
ဒါကြောင့် မူးယစ်ဆေးက ဦးနှောက်ကို ဘယ်လိုပြောင်းလဲပစ်သလဲ ဆိုတဲ့အကြောင်း သိနိုင်ဖို့ လူတိုင်းရဲ့အထက်မှာ တစ်သက်လုံး အတူရှိနေပြီး မူးယစ်ဆေးစွဲမှုမှာ အတွင်းရန်ဖြစ်မှန်း မသိသေးတဲ့ ဦးနှောက်အကြောင်း အရင်ဆုံး အနည်းငယ် ပြောချင်ပါတယ်။

သတင်းအချက်အလက်စင်တာ

တကယ်တော့ ဦးနှောက်ဟာ လူ့ခန္ဓာကိုယ်မှာ အရှုပ်ထွေးဆုံး၊ အလုပ် အများဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး သုံးပေါင်လေးတဲ့ တို့ဖူးပုံစံ တစ်ရှူး ဖြစ်ပါတယ်။ အဲဒီလို သေးငယ်ပေမယ့် အသက်ရှူတာ၊ နှလုံးခုန်တာကအစ မနက်အိပ်ရာထ၊ မျက်နှာသစ်၊ ရေချိုး၊ အစာစား၊ လမ်းလျှောက်၊ ကားမောင်း၊ စကားပြော၊ အလုပ်လုပ် စတဲ့ ညအိပ်တဲ့အထိ လူတစ်ယောက်ရဲ့ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုတွေကို ခံစားလုပ်ဆောင်နိုင်ဖို့ ခန္ဓာကိုယ်ရဲ့ အခြေခံလှုပ်ရှားလည်ပတ်မှုတွေ လည်ပတ်နိုင်အောင် ထိန်းကျောင်းပေးပါတယ်။

တစ်နည်းပြောရရင် လူတစ်ယောက်ရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ အပြုအမူတွေကို ထိန်းချုပ်ပုံသွင်းပေးဖို့၊ ကျန်တဲ့အဖွဲ့ အင်္ဂါအစိတ်အပိုင်းတွေ လည်ပတ်နိုင်ဖို့ ဦးနှောက် အစိတ်အပိုင်းတွေ အားလုံးဟာ အတူတကွ ပူးပေါင်း လုပ်ဆောင်နေတဲ့ သတင်းအချက်အလက် စင်တာတစ်ခုလို လုပ်ဆောင်ပေးနေပြီး သတင်း အချက်အလက်တွေ အပြန်အလှန် ဆက်သွယ် ပို့ဆောင်ပေးဖို့ သတင်းအချက်အလက်တွေ သယ်ယူပို့ပေးတဲ့ နာဗ်ဆဲလ် (Neuron-နျူရွန်) ဘီလီပေါင်း များစွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နာဗ်ဆဲလ်ရဲ့ ပုံသဏ္ဌာန်က အမျိုးမျိုးဖြစ်ပေမယ့် ယေဘုယျအားဖြင့် သေးသွယ်ရှည်လျားပါတယ်။

အဲဒီနာဗ်ဆဲလ်တစ်ခုဟာ အခြားနာဗ်ဆဲလ်ပေါင်း များစွာနဲ့ ဆက်သွယ်နိုင်ပြီး သတင်းအချက်အလက်တွေကို လက်ခံတာ၊ အခြားနာဗ်ဆဲလ်ဆီ ပို့ပေးတာတွေကို လုပ်ဆောင်ပါတယ်။ နာဗ်ဆဲလ် တစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့နေရာကို နာဗ်ကြောဆက် (Synapse) လို့ခေါ်ပြီး ဆက်သွယ်တဲ့အခါ တိုက်ရိုက်ထိတွေ့မှုမရှိဘဲ အနည်းငယ်က ကွာဟနေပြီး အရည်တစ်ခု ဖြည့်ထားပါတယ်။ အဲဒီကွာဟနေတဲ့နေရာကို နာဗ်ကြောဆက်ဟာကွက် (Synaptic Gap) လို့ ခေါ်ပါတယ်။ အဲဒီနာဗ်ကြောနှစ်ခု ဆက်သွယ်တဲ့ နေရာမှာ ရှိနေတဲ့ဟာကွက်ကိုဖြတ်ပြီး သတင်းအချက်အလက်တွေကို ပို့ပေးတဲ့ သဘာဝဓာတုပစ္စည်းကို နာဗ်ကြောပို့ပစ္စည်း (Neurotransmitter)လို့ ခေါ်ပါတယ်။ အဲဒီသတင်းအချက်အလက်တွေက လူအများ သိထားကြတဲ့စိတ်ပဲဖြစ်ပါတယ်။

(စကားချပ်-ဗုဒ္ဓဘာသာ အယူအဆအရ စိတ်ဟာ ဟဒယနှလုံးအိမ်မှာ အစပြုတယ်လို့ ယူပါတယ်။) 

ဦးနှောက်ထဲမှာ နာဗ်ကြောပို့ပစ္စည်း (Neurotransmitter)လို့ ခေါ်တဲ့ သဘာဝ ဓာတုပစ္စည်း အမျိုးအစားတွေ အများကြီးရှိပါတယ်။ အဲဒီ သဘာဝ ဓာတုပစ္စည်းတွေထဲမှာ ဒိုပါမင်း (Dopamine) ဆိုတဲ့ ဓာတုပစ္စည်းဟာ မူးယစ်ဆေးစွဲမှုမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ (နောက်ပိုင်း ရှင်းပါမည်။)

နာဗ်ဆဲလ်တစ်ခုရဲ့ အဖျားတစ်ဖက်ကနေ နာဗ်ကြောပို့ပစ္စည်းတွေကို ထုတ်ပေးပါတယ်။ အဲဒီပစ္စည်းတွေကို နောက်နာဗ်ဆဲလ်တစ်ခုရဲ့ လက်ခံအစိတ်အပိုင်း (Receptor) က လက်ခံရယူပါတယ်။ (ဥပမာ - လူနှစ်ယောက်မှာ စကားပြောတဲ့အခါ တစ်ယောက်ပါးစပ်က စကားတွေကို ပို့လွှတ်ပြီး နားထောင်တဲ့သူရဲ့နားက လက်ခံနားထောင်သလိုပါပဲ။)

နာဗ်ဆဲလ်တစ်ခုဟာ လုံလောက်တဲ့ လှုံ့ဆော်မှုကိုဖြစ်စေတဲ့ နာဗ်ကြောပို့ပစ္စည်းတွေကို အခြားနာဗ်ဆဲလ်တစ်ခုကနေ ရရှိတာနဲ့ မီးကြိုးတွေမှာ မီးခလုတ်နှိပ်တာနဲ့ လျှပ်စစ်စီးသွားသလိုပဲ လျှပ်စစ်တွေဟာ နာဗ်ဆဲလ်တစ်လျှောက် တောက်လျှောက်စီးသွားပါတယ်။ ကြားမှာမစီးဘဲ ရပ်တာမျိုးမရှိပါဘူး။ ဆိုလိုတာက လုံလောက်တဲ့ လှုံ့ဆော်မှု (သတင်းအချက်အလက်ဆိုတဲ့ နာဗ်ကြောပို့ပစ္စည်း) မရရင် မလောင်ကျွမ်းဘဲ နာဗ်ဆဲလ် တစ်လျှောက် လျှပ်စစ်ဓာတ် မစီးပါဘူး။ အဲဒီလျှပ်စစ်ဓာတ်ကြောင့် နာဗ်ဆဲလ်ရဲ့တစ်ဖက်စွန်းရှိ နာဗ်ကြောဆက်မှာ သဘာဝ ဓာတုပစ္စည်းဖြစ်တဲ့ နာဗ်ကြောပို့ပစ္စည်းတွေ ထုတ်လွှင့်မှု ဖြစ်ပေါ်ပါတယ်။ အဲဒီပစ္စည်းတွေကို အခြားနာဗ်ဆဲလ်တစ်ခုရဲ့ လက်ခံ အစိတ်အပိုင်းကနေ လက်ခံရယူပါတယ်။ လက်ခံရရှိတဲ့ ဓာတုပစ္စည်းတွေက နောက် နာဗ်ဆဲလ်တစ်ခုကို လှုံ့ဆော်မှု ပေးပါတယ်။ လုံလောက်တဲ့ လှုံ့ဆော်မှု ပမာဏရရင် နောက်နာဗ်ဆဲလ် တစ်ခုမှာလည်း လျှပ်စစ်စီးမှု ဖြစ်ပေါ်ပါတယ်။

ဘာနဲ့တူသလဲဆိုတော့ ဝါယာကြိုးတွေ၊ ကွန်ရက်တွေနဲ့ချိတ်ဆက်ပြီး သတင်း အချက်အလက်တွေ အပြန်အလှန် ပို့ဆောင်လုပ်ကိုင်နေတဲ့ သတင်း အချက်အလက် စင်တာကြီးတစ်ခုနဲ့တူပါတယ်။

မူးယစ်ဦးနှောက်

အဲဒီတော့ ရှုပ်ထွေးနက်နဲစွာနဲ့ အလုပ်အများကြီး လုပ်နေရတဲ့ ဦးနှောက်ရဲ့ ဆက်သွယ်မှုစနစ်ကို ဓာတုပစ္စည်းတွေဖြစ်တဲ့ မူးယစ်ဆေးက ဟန့်တားနှောင့်ယှက်နိုင်ပါတယ်။

သတင်းအချက်တွေကို လက်ခံတာ၊ ပို့ဆောင်တာတွေ လုပ်ဆောင်နေတဲ့ နာဗ်ဆဲလ် (Neuron) တွေကို ကြားဝင် နှောင့်ယှက်နိုင်ပါတယ်။ မူးယစ်ဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေက နာဗ်ကြောပို့ပစ္စည်း (Neurotr-ansmitter) ပုံစံကိုတုပပြီး နာဗ်ဆဲလ်တွေကို လှုံ့ဆော်နိုင်ပါတယ်။ အဲဒီလို နာဗ်ကြော ပို့ပစ္စည်းပုံစံ တုပထားပေမယ့် နာဗ်ကြော ပို့ပစ္စည်းတွေက နာဗ်ဆဲလ်တွေကို လှုံ့ဆော်သလိုမျိုး တစ်ပုံစံတည်း တူအောင် မလှုံ့ဆော်နိုင်သလို မူမမှန်တဲ့ သတင်းအချက်အလက် အမှားတွေကိုပဲ ပို့ထုတ်လွှတ်ပါတယ်။ အဲဒီလိုနဲ့ နာဗ်ဆဲလ်တွေဟာ မူမမှန်တဲ့ နာဗ်ကြောပို့ ပစ္စည်း အမြောက်အမြားကို ထုတ်လွှတ်ပြီး တစ်ခုနဲ့တစ်ခု ပို့ပါတော့တယ်။ အဲဒီလိုနဲ့ ပုံမှန် လည်ပတ်နေတဲ့ ယန္တရားကို ကပြောင်းကပြန်ဖြစ်အောင် လုပ်ပါတော့တယ်။

မူးယစ်ဆေး အများစုဟာ ဦးနှောက်ထဲက (ရှေ့မှာပြောခဲ့တဲ့) ဒိုပါမင်း (Dopamine) ဆိုတဲ့ သဘာဝဓာတုပစ္စည်းတွေ ပြည့်နေတဲ့ ဆုလာဘ် (အသိအမှတ်ပြု ချီးမြှောက်ခံရမှု ဆိုတဲ့ဝမ်းမြောက်မှု) နဲ့ဆိုင်တဲ့ အစိတ်အပိုင်းကို အဓိက ပစ်မှတ်ထား နှောင့်ယှက်ပါတယ်။

ဒိုပါမင်း (Dopamine) ဟာ လှုပ်ရှားမှု၊ စိတ်ခံစားမှု၊ တက်ကြွမှု၊ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ဆိုင်တဲ့ ဦးနှောက်ရဲ့အပိုင်း တော်တော်များများမှာရှိနေတဲ့ နာဗ်ကြောပို့ပစ္စည်းဖြစ်ပါတယ်။ ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက် အစိတ်အပိုင်းဟာ ဝမ်းမြောက်ပျော်ရွှင်မှုဆိုတဲ့ ဆုလာဘ်နဲ့ ဆိုင်တဲ့အရာတွေကိုစွဲလမ်းပြီး ထပ်တလဲလဲ လုပ်အောင် လုပ်ဆောင်ပေးပါတယ်။ အပြင်မှာ ပျော်ရွှင်ဝမ်းမြောက်စရာ (ဆုလာဘ်) တစ်ခုခုကြုံတာနဲ့ ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်ပတ်လမ်းဟာ လှုပ်ရှားလာပြီး ဒိုပါမင်းတွေ ထုတ်လွှတ်သလို မှတ်သားရမယ့် အရေးကြီးတဲ့ အရာတစ်ခုတော့ ဖြစ်နေပြီဆိုပြီး ဦးနှောက်က မှတ်ထားလိုက်ပါတယ်။ မှတ်ရုံမက အဲဒီအရာကို ဘာမှမစဉ်းစားဘဲ နောက်ထပ် အကြိမ်ကြိမ် အခါခါ လုပ်ဖို့ သင်ပေးပါတယ်။ မူးယစ်ဆေး သုံးလိုက်တာနဲ့ စွဲသွားအောင် လုပ်တာ အဲဒီဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်ပတ်လမ်းမှာ ဖြစ်တာ ဖြစ်ပါတယ်။

မူးယစ်ဆေးသုံးတဲ့အခါ ဒိုပါမင်းကို အခြားဆုလာဘ်နဲ့ ဆိုင်တဲ့အခါ ထုတ်လွှတ်တဲ့ ပမာဏထက် နှစ်ဆကနေ ဆယ်ဆအထိ ပိုထုတ်လွှတ်ပြီး ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်ပတ်လမ်းမှာ ဒိုပါမင်းတွေ များလာပြီး မူးယစ်ဆေးကို ထပ်ခါတလဲလဲသုံးဖို့ ပိုပြီး လှုံ့ဆော်လိုက်ပါတယ်။

အဲဒီလိုနဲ့ ပြင်ပက ဝမ်းမြောက်စရာ တစ်ခုခုကြောင့် ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်ပတ်လမ်းမှာ ဒိုပါမင်းထွက်တာဟာ မူးယစ်ဆေးကြောင့် ထွက်တာနဲ့ယှဉ်ရင် ဘာမှမပြောပလောက်တဲ့အတွက် မူးယစ်ဆေးကို ထပ်ခါတလဲလဲ ထပ်သုံးချင်လောက်အောင် စွဲလမ်းမှုကို ဖြစ်စေပါတယ်။

အဲဒီတော့ ပုံမှန်ပြင်ပက ဝမ်းမြောက်စရာ တစ်ခုခုကြောင့်ဖြစ်တဲ့ ဆုလာဘ်ရတာနဲ့ မူးယစ်ဆေးကြောင့်ဖြစ်တဲ့ ဆုလာဘ် ဘာကွာသလဲဆိုတော့ နားနားကပ်ပြီး တိုးတိုးဖွင့်တဲ့အသံနဲ့ ဆောင်းဘောက်စ်နဲ့ အနီးကပ် အကျယ်ကြီး ဖွင့်တဲ့အသံ ကွာသလိုမျိုး ကွာခြားပါတယ်။ အသံကျယ်ရင် အသံကို လျှော့ချညှိသလိုပဲ ဦးနှောက်ကလည်း ဒိုပါမင်း အထွက်များလာရင် ညှိဖို့အတွက် ဒိုပါမင်းကို လျှော့လွှတ်တာဖြစ်ဖြစ်၊ နာဗ်ဆဲလ်က လက်ခံတဲ့ အရေအတွက်ကို လျှော့ချတာဖြစ်ဖြစ် လုပ်ပါတယ်။ အဲဒီလိုနဲ့ ဆေးစွဲသူရဲ့ ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက် အစိတ်အပိုင်းမှာ ဒိုပါမင်းရဲ့ သက်ရောက်မှု အစွမ်းအာနိသင်ဟာ လျော့ကျလာပြီး အခြားပျော်ရွှင်ဝမ်းမြောက်စရာ (ဆုလာဘ်)နဲ့ဆိုင်တဲ့အရာတွေကို ခံစားနိုင်စွမ်း ကျဆင်းလာပါတယ်။

ဒါကြောင့်လည်း မူးယစ်ဆေးစွဲသူတွေမှာ မတက်ကြွထိုင်းမှိုင်းတာ၊ အသက်မဲ့သလိုဖြစ်တာ၊ ဝမ်းနည်းညှိုးငယ်တာ၊ အရင်က ပျော်ရွှင်စရာဖြစ်ခဲ့တဲ့အရာတွေကို မခံစားနိုင်တော့တာ စတဲ့လက္ခဏာတွေ တွေ့ရတာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ မူးယစ်ဆေးစွဲသူဟာ အရင်က ပုံမှန် အခြေအနေမှာရှိခဲ့တဲ့ ဒိုပါမင်းပမာဏ ပြန်ရောက်ဖို့အတွက် ဆေးကို ထပ်တလဲလဲ သုံးဖို့လိုလာတာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ဆေးသုံးလိုက် ဒိုပါမင်းတွေ အလွန်အကျွံထွက်လိုက် ဦးနှောက်က ညှိလိုက်လို့ ဒိုပါမင်းအာနိသင် ကျသွားလိုက် ဒိုပါမင်း ပုံမှန်အတိုင်းဖြစ်ဖို့ ဆေးပြန်သုံးလိုက်နဲ့ အဆိုးကျော့ သံသရာလည်ရင်း ဆေးစွဲတယ်ဆိုတာ ဖြစ်တာဖြစ်ပါတယ်။

ဒါကြောင့် မူးယစ်ဆေးကြောင့် မူလက လူကောင်း တစ်ယောက်ရဲ့ ဦးနှောက်ဟာ ပြောင်းလဲသွားပြီး ဆေးစွဲတဲ့သူတစ်ယောက်အဖြစ် ရောက်ပြီး ပြဿနာတွေ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မူးယစ်ဆေးကြောင့် အရင်က မိတ်ဆွေလို အကျိုးပြုတဲ့ ဦးနှောက်ဟာ ရန်သူ ဦးနှောက်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့်လည်း မူးယစ်ဆေး စွဲလမ်းမှုကိုဖြစ်စေတဲ့ ဝယ်လိုအားက ဦးနှောက်ထဲမှာ ရှိတဲ့အတွက် ဦးနှောက် ကို ကိုင်တွယ်ဖို့ David Eagleman ကဆိုတာ ဖြစ်ပါတယ်။

အပြင်ရန်

အဲဒီလိုဦးနှောက်ကို အတွန်းရန်သူတစ်ယောက်လိုဖြစ်အောင် တစ်နည်း ဦးနှောက်မူးယစ်ဆေးစွဲအောင် သုံးစွဲတတ်ဖို့ဆိုတာလည်း မူးယစ်ဆေးကို စသုံးဖြစ်မှဖြစ်တာ ဖြစ်တဲ့အတွက် လူတစ်ယောက်ကို မူးယစ်ဆေး သုံးဖြစ်အောင် လုပ်တဲ့အရာတွေကိုလည်း မေးစရာ ရှိလာပါတယ်။

လူတစ်ယောက်ကို မူးယစ်ဆေး သုံးဖြစ်အောင် လုပ်တဲ့အရာတွေ အများကြီးရှိတဲ့အထဲမှာ ကလေးဘဝကတည်းက ရန်လိုတဲ့အပြုအမူရှိတာ၊ အုပ်ထိန်းသူက သေချာမထိန်းကျောင်းနိုင်တာ၊ လူမှုဆက်ဆံရေး အားနည်းတာ၊ အသစ်အဆန်းကို စမ်းချင်တာ၊ ကျောင်းပတ်ဝန်းကျင်မှာ မူးယစ်ဆေး အလွယ်တကူ ရနိုင်တာ စတာတွေ ပါဝင်ပေမယ့် အဓိကကျတာတော့ ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ လူတစ်ယောက် ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ဟာ မူးယစ်ဆေး မသုံးအောင် မှန်ကန်တဲ့ အတွေးအခေါ် အသိပညာ မပေးနိုင်တာ၊ မူးယစ်ဆေး အလွယ်တကူ ရနိုင်ပြီး သုံးစွဲဖြစ်အောင်လည်း ဖိအားပေးတာတွေက မူးယစ်ဆေးကို စမ်းသပ်သုံးစွဲမိပြီး စွဲသွားစေတာဖြစ်ပါတယ်။

ရေသောက်မြစ်သုံးခု 

ဒါကြောင့် ပြန်ချုပ်ရရင် မူးယစ်ဆေးစွဲမှု ပြဿနာမှာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေတဲ့ ပင်မရေသောက်မြစ်၊ မူးယစ်ဆေး သုံးစွဲဖြစ်အောင် ဖန်တီးပေးတဲ့ ပတ်ဝန်းကျင် ရေသောက်မြစ်နဲ့ မူးယစ်ဆေး မသုံးမနေရ စွဲလမ်းအောင် လုပ်ဆောင်တဲ့ ဦးနှောက်ဆိုတဲ့ ရေသောက်မြစ်ဆိုပြီး ရေသောက် မြစ်သုံးခု ရန်သူသုံးခုရှိနေတာ သိရပါတယ်။ ဒါပေမဲ့ ရေသောက်မြစ်သုံးခုမှာ အဓိကကျနေတဲ့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူတွေဆိုတဲ့ ရေသောက်မြစ်ကြီးကို အမြစ်မဖြတ်နိုင်တောင် ကျန်တဲ့ရေသောက်နှစ်ခုကို အမြစ်မပြတ်တောင် ရှင်သန်ကြီးထွား မလာအောင် လုပ်လို့ရပါတယ်။ ဦးနှောက်ကြောင့် စွဲလမ်းမှုဖြစ်နေတာကို ကုသလို့ရသလို အဲဒီစွဲလမ်းမှုကိုဖြစ်စေတဲ့ ပတ်ဝန်းကျင်အကြောင်းတွေ မဖြစ်အောင် ကာကွယ်လို့ရပါတယ်။

ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ကုသနည်းလို့လည်းဆိုတဲ့အတွက် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးတာ၊ အသိပညာပေးတာ အကောင်းဆုံး ကာကွယ်နည်းဖြစ်သလို မကာကွယ်နိုင်လို့ သုံးမိပြီး စွဲသွားရင်လည်း ကုသလို့ရပါတယ်။ အနောက်နိုင်ငံတွေမှာတော့ မူးယစ်ဆေးစွဲသူတွေကို ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေနဲ့ လူကောင်း ပကတိပြန်ဖြစ်အောင် လုပ်ဆောင်ပေးနေကြပါပြီ။ သူတို့အဆိုအရ မူးယစ်သားကောင်တွေအတွက် ထောင်က အဖြေမဟုတ်ဘဲ အဆိုးကျော့သံသရာလည်စေတဲ့အတွက် ပြန်လည် ထူထောင်ရေးစင်တာတွေနဲ့ ကျန်းမာရေးတစ်ခုလို ကုသပေးတာသာ မူလအခြေအနေအတိုင်း ပြန်ကောင်းနိုင်ဖို့ အကောင်းဆုံးပဲ ဆိုပါတယ်။ တစ်နည်းဆိုရရင် မူးယစ်ဆေးစွဲသူကို ရန်သူလို့ မသတ်မှတ်ဘဲ သားကောင်အဖြစ် ပြန်လည်ထူထောင်ရေးတွေနဲ့ လူကောင်းပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။

အဲဒီအမြင်ဟာ အစဉ်အလာ အယူအဆတွေကို သွေးတိုးစမ်း စိန်ခေါ်နေတဲ့အမြင်မျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ သိပ္ပံပညာဟာ အကြောင်းရှာတဲ့ပညာဖြစ်တဲ့အတွက် မူးယစ်ဆေးစွဲတဲ့ တကယ့်အကြောင်း ရင်းကိုရှာတွေ့လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ သိပ္ပံပညာရပ် တစ်ခုဖြစ်ပြီး ခေတ်စားလာတဲ့ နာဗ်ကြောသိပ္ပံအရ တွေ့ရှိထားတာတွေကို တင်ပြပေးတာဖြစ်တဲ့အတွက် အဲဒီပညာရပ်နဲ့ စိမ်းနေတဲ့သူတွေအတွက်တော့ သို့လောသို့လော ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကမ္ဘာကြီးက ရွာကြီးဖြစ်လာပြီး တစ်နေရာမှာ ထွန်းကားတဲ့ အရာဟာ နောက်တစ်နေရာကို ချက်ချင်း ဆိုသလို ရောက်လာတတ်တဲ့အတွက် အခု မထွန်းကားသေးပေမယ့် တစ်ချိန်မြန်မာနိုင်ငံမှာ ထွန်းကားခေတ်စားလာနိုင်တဲ့ ပညာရပ်တစ်ခုအရ တွေ့ရှိထားတာကို လူအများအတွက် အသုံးတည့်မယ်ထင်လို့ ပြန်လည်ဝေမျှရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် နာဗ်ကြောသိပ္ပံ (Neuroscience) မိတ်ဆက်လို့လည်း ဆိုနိုင်ပါတယ်။ တကယ်တော့ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် ပြောမှ ပိုကောင်းပေမယ့် သတင်းစာမှာ ပေးနိုင်မယ့်စာမျက်နှာ အခက်အခဲ ရှိနိုင်တာကြောင့် အများကြီး ဖြုတ်လိုက်ရပြီး စာအုပ်အဖြစ် ထွက်မှ ထည့်နိုင်မှာကိုတောင်း ပန်လိုက်ရပါတယ်။

စာဖတ်ပရိသတ်အားလုံး အကြောင်းတရား အစစ်မှန် ရန်သူအမှန်ကို ရှာတွေ့ပြီး သားကောင်ဖြစ်နိုင်တဲ့ ဘေးအမျိုးမျိုးမှ ကင်းပလွတ်မြောက်နိုင်ကြပါစေ။ 

ဖြိုးဝေ (မဟာဝိဇ္ဇာ)

ရည်ညွှန်း။   ။
1.The Brain: The Story of  You by David Eagleman
2.Drugs,Brains and Behavior: The Science of Addiction  by National Institute on Drug Abuse
3.Neuroscience: the Science of the Brain  by British Neuroscience Association
4.101 Key Ideas Psychology by Dave Robinson
5.Buddha's Brain by Richard Hanson
6.Manage Your Emotions, Improve Your Health  by Dr.C.R.Chandrashekar

  • VIA