News

POST TYPE

OPINION

သေနတ်မကိုင်သော မြန်မာ့စားတော်ကဲကြီးများ၏ တာဝန် (Daily, Vol-5/No-91)
27-Jul-2017
ယခုသီတင်းပတ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက် အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA) က ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်များအနက် တားမြစ်ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ စာရင်းကို ထုတ်ပြန်ခဲ့ရုံမက မြန်မာလူမျိုးတို့ လွန်စွာ နှစ်သက်သည့် မုန့်ဟင်းခါး၊ နန်းကြီးသုပ် စသည့် အစားအစာများတွင် မပါမဖြစ်ပါဝင်သော မုန့်ဖတ်များ သာမက အခြားပဲသွေး၊ ပဲပြား စသည်တို့၌ လည်း ဖော်မလင်များ တွေ့ရှိသည့်ကိစ္စကို ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရပါသည်။ အမှန်တွင် ဓာတုဆိုးဆေးများ အစားအသောက် အတော်များများတွင် ပါဝင်နေမှုနှင့် ဖော်မလင်ပါသော မုန့်ဖတ်ကိစ္စမှာ လွန်ခဲ့သည့်နှစ်များကတည်းက FDA ကပင် သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူးရာ မြန်မာတို့အတွက် ထူးခြားသည့် သတင်းတော့ မဟုတ်ပေ။ သို့သော်လည်း ယခုနှစ်အတွင်း ဆေးဝါးနှင့် အစားအသောက်များ လုံခြုံစိတ်ချရရေးနှင့် ပတ်သက်၍ FDA ၏ ခြေလှမ်းများ ယခင်ကထက် ပိုသွက်လာသည်ကို တွေ့ရသလို စားသောက်ဆိုင်များ၊ ပွဲရုံများနှင့် ဆေးဆိုင်များကို အလျင်းသင့်လျှင် သင့်သလို ရှောင်တခင် ဝင်ရောက် စစ်ဆေးသည်ကိုလည်း တွေ့ရသည့်အတွက် နိုင်ငံသားများကိုယ်စား The Voice က အသိအမှတ်ပြုမိပါကြောင်း ဦးစွာ ပြောလိုပါသည်။

အနောက်နိုင်ငံသားများ မဆိုထားနှင့်၊ အာရှသာမက အိမ်နီးချင်းနိုင်ငံများမှ လူမျိုးများနှင့် နှိုင်းယှဉ်ကြည့်လျှင် ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးမှုပိုင်း၌ နိမ့်ကျနေပြီဖြစ်သလို ကျန်းမာရေး အဆင့်အတန်းမှာလည်း ကမ္ဘာပေါ်တွင် အောက်ဆုံး အဆင့်နီးပါး ရောက်နေသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ အန္တရာယ်ရှိသည့် အစားအစာများ စားသုံးသူ ပြည်သူများကို ပြုံးပြလျက်ပင် ရှိနေသေးသည်မှာ လွန်စွာ စိုးရိမ်မကင်း ဖြစ်ရမည့်ကိစ္စဟုပင် ဆိုရပါမည်။ ထို့ပြင် အာဟာရအချို့တဲ့ ဆုံးစာရင်းတွင်လည်း မြန်မာနိုင်ငံပါဝင်ပြီး ငါးနှစ်အောက် ကလေးသုံးဦးလျှင် တစ်ဦးမှာ အာဟာရ ချို့တဲ့မှုကြောင့် အရပ်ပုနေပြန်ရာ အန္တရာယ်ရှိသော စားသောက်ကုန်များ သတင်းကိုကြားရသည်မှာ နဂိုကတည်းက ကြုံလှီနေသည့် သစ်ပင်တစ်ပင်ကို အဆိပ်ရည်လောင်းမည့်သူများ ဝိုင်းအုံနေသည့်သဘောမျိုး ဖြစ်နေသည်ဟု ဆိုချင်ပါသည်။ ဆန်ရေစပါး ပေါကြွယ်ဝ၍ ထမင်းငတ်ကာ သေဆုံးရသူ မရှိသောနိုင်ငံ ဖြစ်လင့်ကစား တစ်ဖက်တွင် အစာအာဟာရနှင့် ပတ်သက်သော ဗဟုသုတ နည်းပါးလွန်းပြီး ကျန်တစ်ဖက်တွင် ကင်ဆာ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် လေဖြတ်စသည့် ရောဂါဆိုးကြီးများကိုပါ အပိုဆုပေးမည့် စားသောက်ကုန်များ ပေါကြွယ်ဝလာခြင်းသည် မည်သူ့ကြောင့်ဖြစ်သနည်းဟု မေးလျှင် လောလောဆယ်တွင် လက်ညှိုးပေါင်းများစွာသာ ထွက်ပေါ်လာမည်သာဖြစ်သော်လည်း ယေဘုယျ သဘောဆိုပါက ကြီးကြပ်ရေးမှူးတို့၏ တာဝန်ဟုသာ ဆိုရပါမည်။ ဤသည်မှာ စားသောက်ကုန်ကိစ္စ တစ်ခုတည်းရှိပါသေးသည်။ ပြည်တွင်း အဖျော်ယမကာ လုပ်ငန်းများက ထုတ်လုပ်နေသည့် အရက်မျိုးစုံ၏ အရည်အသွေး၊ နိုင်ငံခြားဖြစ်ဟုဆိုသော အရက်တုများနှင့် ယင်းအရက်မျိုးစုံကို နေ့စဉ် မှီဝဲနေသူများကိစ္စ မပါဝင်သေးပေ။ 

အခြားနိုင်ငံများတွင်မူ အရက်များ၏ အရည်အသွေး ပြည့်မီရေးကိစ္စ မဆိုထားနှင့်၊ ဥတုရာသီအလိုက် အရက်ထဲ၌ ပါဝင်သင့်သည့် Alcohol ရခိုင်နှုန်းကို အတိုး၊ အလျှော့ လုပ်ရန်ထိပင် ကြီးကြပ်သူများက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားကြပေသည်။ ဆိုလိုသည်မှာ အရက်အလွန်အကျွံ သောက်သုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ကျန်းမာရေးဌာန အသီးသီးက အသိပညာပေးမှု အမျိုးမျိုး လုပ်သော်လည်း ယမကာ မှီဝဲသူဟူသည် မည်သည့်အခါတွင်မှ မျိုးဆက်ပြတ်မည့် အနေအထား မရှိပေရာ အရက်၏ အရည်အသွေးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ခြင်းဖြင့် မှီဝဲသူများကို အကာအကွယ်ပေးသည့် သဘောပင်။ မြန်မာနိုင်ငံတွင် စားသုံးသူများ ကာကွယ်ရေး အသင်းအဖွဲ့သာမက FDA ကပါ နိုင်ငံသားများ ဘေးအန္တရာယ်ဖြစ်မည့် အစားအစာများကို ယခင်အချိန်ကထက် စိတ်ပါလက်ပါ လုပ်ဆောင်လာသည်မှာ ဝမ်းသာရမည် ဖြစ်သော်လည်း ရှေ့ဆက် လုပ်ရမည့် လုပ်ငန်းစဉ်ပေါင်း များစွာ ကျန်ရှိနေသေးသည်ကို သတိပေးလိုပါသည်။ နိုင်ငံနှင့် နိုင်ငံသားများကို အကာအကွယ်ပေးနေသူများ မည်သူနည်းဟုဆိုလျှင် အတော်များများက လက်နက်ကိုင်ထားသူများကို မေးငေါ့ကြမည် ဖြစ်သော်လည်း အမှန်တွင် နိုင်ငံသားများ၏ နိစ္စဓူဝ စားရေး၊ သောက်ရေး ကိစ္စ၌ သေမင်းဆီသို့ အနှေးနှင့်အမြန် ဆွဲခေါ်မည့် အစားအသောက်များကို ကြပ်မတ်ပေးနေသူများလည်း သေနတ်ကိုင်သူများနှင့် တန်းတူရည်တူ အဆင့်တွင် ရှိသည်ဟု ဆိုရပေမည်။ 

ဆိုလိုသည်မှာ အခြားနိုင်ငံများနှင့်ယှဉ်လျှင် ဘက်အားလုံးနီးပါး၌ နိမ့်ကျနေသည့် တိုင်းပြည်တစ်ခုကို တည်ဆောက်ရာ၌ လက်နက်ကိုင် အကြမ်းဖက်မည့်သူများ ဘေးအန္တရာယ်က ကာကွယ်ပေးသော လက်နက်ကိုင်သူများ၏ အခန်းကဏ္ဍ အရေးပါသလို တိုင်းပြည် တည်ဆောက်မည့်သူများ ဘေးအန္တရာယ် ကင်းသော အစားအစာ မှီဝဲနိုင်ရေးတွင် စားတော်ကဲကြီးများသဖွယ် တာဝန်ယူ ကြီးကြပ်ရသူများ၏ အခန်းကဏ္ဍသည်လည်း ဆတူအရေးပါကြောင်းနှင့် နိုင်ငံသားတို့၏ အသက်ဘေးကို ထည့်မတွက်ဘဲ ဝိသမလောဘဖြင့် စီးပွားရှာလိုသူ စားသောက်ကုန်လုပ်ငန်းများကို ဖော်ထုတ်ကာ ပြင်းပြင်းထန်ထန် အပြစ်ပေးရန် အချိန်တန်ပြီဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၂၆-၇-၂၀၁၇)


  • VIA