News

POST TYPE

OPINION

အနာဂတ်ကို သစ္စာမဖောက်ကြပါနဲ့
26-Jul-2017

ကိုယ်တိုင်ကတော့ ဥပဒေသမားလည်း မဟုတ်ဘူး။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ အလုပ်က စာသင်စာရေးတဲ့အလုပ်။ အနုပညာဆန်တဲ့ အလုပ်လိုတော့ ပြောလို့ရတယ်။ ဒါပေမဲ့ စိတ်ဝင်စားတာက နိုင်ငံအရေး။ ဒါကလည်း နိုင်ငံသားတစ်ယောက်အတွက်တော့ မဆန်းလှပေဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားတိုင်းဟာ နိုင်ငံ့အရေး စိတ်ကိုဝင်စားနေဖို့ လိုအပ်နေတာကိုး။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတိုင်း အလိုချင်ဆုံးဟာ တည်ငြိမ်အေးချမ်းမှုပါပဲ။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဘယ်အရာမှ ဟုတ်ဟုတ်ဟတ်ဟတ် မတိုးတက်နိုင်လို့ပါဘဲ။ အချုပ်အခြာ အာဏာပိုင်ဆိုးတဲ့နိုင်ငံထဲမှာ တည်ငြိမ်အေးချမ်းမှု ရှိတယ်ဆိုတာက အနှီနိုင်ငံက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ တရားဥပဒေတွေက စိုးမိုးမှုရှိဖို့ လိုနေ ပါတယ်။ တရားဥပဒေစိုးမိုးတယ်ဆိုတာ ဘာလဲလို့မေးရင် သာမန်အရပ် သားအတွေးနဲ့ တွေးကြည့်ရင်ကိုပဲ သိနိုင်တာက  ပြဋ္ဌာန်းထားတဲ့ဥပဒေတွေ ရှိတော့ရှိနေတာ။ ဒါပေမဲ့ အသက်မဝင်ဘူးဆိုရင်တော့ ဥပဒေစိုးမိုးမှု မရှိတာပါဘဲ။ အနိမ့်ဆုံး ဆောင်ရွက်နိုင်တယ်ဆိုတဲ့ ကိစ္စရပ်လေးတွေကိုပဲ ကြည့်ရအောင်။

တစ်လောက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်တွေ ဖမ်းဆီးမယ့်သတင်း ထုတ်ပြန်လိုက်ပါတယ်။ တကယ်တော့ ဒီလိုထုတ်ပြန်တာ မကြာခဏပါ။ အဲဒီလို အသံကြားတုန်း ခဏပါပဲ။ အခုဆို ပြန်စီးနေပါပြီ။ ဖမ်းသံဆီးသံတွေလည်း မကြားခဲ့ရပါ။ ဒါတင်ကသေးလား။ အန္တရာယ်ရှိ အစားအသောက်တွေ ဘယ်လိုပဲ ကြေညာထားထားပါ၊ FDA က လိုက်စစ်ရင် တွေ့တာပါပဲ။ သတိပေးတာတွေလည်း အကြိမ်ကြိမ်။ ပညာပေးတာတွေလည်း မနည်းတော့ဘူး။ ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ဘယ်လို အရေးယူမယ်ဆိုတဲ့ အသံတွေလည်း ကြားနေရတာပဲ။ လက်တွေ့ ဥပဒေရဲ့ အသက်ဝင်မှုက မရှိသလောက်ပါပဲ။ တစ်ခါတလေ ဥပဒေအရ အရေးယူဖို့ လုပ်ကြပြန်တော့လည်း ဥပဒေရဲ့ အားနည်းချက်တွေက ရှိနေပြန်ရော။ ဒါတွေကို ပြင်ကြဆင်ကြဖို့ လိုနေတာလည်း၊ အမှန် မပြင်နိုင်ကြသေးတာလည်း အမှန်ပါပဲ။ ဒီတော့လည်း ဥပဒေကို လေးစား လိုက်နာရမှန်း မသိကြတော့ပါဘူး။ ဥပဒေကို ချိုးဖောက်နေကြလို့ ဥပဒေစိုးမိုးမှု ကင်းမဲ့သလို ဖြစ်နေတာပါ။ အလားတူ ဖြစ်ရပ်မျိုးတွေက အများကြီးပါပဲ။ နောက် သိသာတဲ့အချက် တစ်ချက်ကတော့ တချို့ ဥပဒေတွေက အသက်တော့ဝင်ပါရဲ့။ ဒါပေမဲ့ လိုအပ်တဲ့အခါမှ အသက်ဝင်သလို ဖြစ်နေတယ်။
 
သိပ်မကြာခင်ကပဲ ထင်ပါတယ်။ ကာရာအိုကေ၊ အနှိပ်ခန်းတွေ ဖမ်းတဲ့သတင်း ဖတ်ရတယ်။ တကယ်တော့ ဒီလိုအခန်းတွေဟာ ရန်ကုန်လို နေရာမျိုးမှာလည်း အများကြီးရှိပါတယ်။ သိလည်း သိနေကြတာပဲလေ။ ဒါပေမဲ့ ဖမ်းဆီးမှု သတင်းတွေက ရံဖန်ရံခါမှာသာ ကြားရတတ်တာပါ။ ဒီလိုပါပဲ ခုတစ်လော နာမည်ကြီးနေတဲ့ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)။ အဲဒါနဲ့ အရေးယူခံရတဲ့သူတွေလည်း မနည်းတော့ပါဘူး။ ဒီပုဒ်မက အာမခံ မရပါဘူး။ ဒါပေမဲ့ ရချင်တဲ့သူတွေကျတော့လည်း ရကြပြန်ရော။ မရတဲ့သူတွေလည်း မရကြပါဘူး။ ဘယ်လိုပါလိမ့်။ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့သာ ဆိုင်တယ်ဆိုပြန်တော့လည်း ဒါဟာ ပြင်ဆင်ဖို့ လိုအပ်တာပေါ့။ မျှော့ကြိုးလို ဥပဒေမျိုးကို ပြည်သူတွေ အယုံအကြည်ရှိဖို့ မလွယ်လှပါဘူး။

နောက်တစ်ခု ထပ်ပြီး စဉ်းစားမိပြန်တယ်။ ဥပဒေတွေဟာ အသက်တော့ ဝင်ပါရဲ့ဗျာ။ ဒါပေမဲ့ မျှတမှု မရှိပြန်တော့လည်း အဲဒီတရားစီရင်မှုကို လူတွေက လက်မခံပါဘူး။လက်မခံနိုင်တဲ့ တရားစီရင်မှု တစ်နည်းပြောရရင် အဲဒီလို မျှတမှုမရှိတာဟာ တရားဥပဒေ စိုးမိုးမှုကို ပြက်ရယ်ပြုနေသလိုပါပဲ။ ပြောရရင် မြန်မာနိုင်ငံမှာ စံချိန်တင် ဖမ်းဆီးရမှုတွေထဲမှာ မူးယစ်ဆေးဝါးတွေပါတယ်။ သစ်ခိုးမှုတွေ ပါတယ်။ ဒီဘက်ပိုင်းမှာ သစ်ခိုးမှုကျူးလွန်သူတွေဟာ လိုင်စင်မဲ့ကားတွေနဲ့။ သစ်ခိုးမှုရော လိုင်စင်မဲ့ကားတွေ လက်ဝယ်ထားရှိမှုရော။ ဒါပေမဲ့ ကြီးကြီးမားမား အမှုတွေမှာ ပိုင်ရှင်မဲ့ ဖြစ်နေတာတွေကလည်း ဟိုးလေးတကျော်ပါပဲ။ ဒါပေမဲ့ မူးယစ်ဆေးပြား ဆယ့်လေးငါးပြားမိလို့ ထောင်ကျသွားတာရယ်၊ ထန်းရည်ပုလင်း  အရက်ပုလင်း တွေ့လို့ ရဲစခန်း အမှုဖွင့်ခံရတဲ့ သတင်းမျိုးတွေ ကြားရပြန်တော့ မျှတမှုမရှိတဲ့ လုပ်ဆောင်မှုတွေအပေါ် စိတ်ပျက်မိကြတာပေါ့။ မျှတမှု မရှိတဲ့ဥပဒေတွေကို လူတွေက လေးစားလိုက်နာဖို့ ပျက်ကွက်တတ်ကြပါတယ်။ ဒါတွေဟာ သာမန်လူတွေသိနိုင်တဲ့ သေးသေးဖွဲ့လေးတွေအပေါ် တွေးမြင်ယူဆချက်ပါပဲ။

ဒီတော့ အကြမ်းဖျင်း သုံးသပ်ကြည့်ရရင် ဥပဒေဆိုတာ လူအများစု လိုက်နာနိုင်ဖို့ လိုတယ်။ ပြဋ္ဌာန်း သတ်မှတ်ပြီးပြီဆိုရင်လည်း အသက်ဝင်ဖို့ လိုတယ်။ အသက်ဝင်တဲ့ နေရာမှာလည်း မျှတမှု မရှိတာ၊ လိုရင်လိုသလို မလိုရင်မလိုသလို ကျင့်သုံးနေကြမယ်ဆိုရင် တရားဥပဒေ စိုးမိုးမှု ပျက်ပြားနေပြီလို့ ယူဆနိုင်ပါတယ်။ ဒါ့ကြောင့် အများပြည်သူရဲ့ အကျိုးစီးပွားကို အကျိုးမဲ့စေတယ်ဆိုရင် ပြင်သင်တာပြင် ဖြည့်သင့်တာ ဖြည့် လိုအပ်ရင် ပယ်ဖျက်တန် ပယ်ဖျက်နိုင်ရပါမယ်။ ရံဖန်ရံခါမှာ ကျင့်သုံးနေတဲ့တရား ဥပဒေတွေ၊ တရားစီရင်နေမှုတွေဟာ ဥပဒေနဲ့မညီ ကျင့်သုံးနေတာတွေ တွေ့ပါရက်နဲ့ မပြုပြင်နိုင်တာ၊ အမှန်တရားကို မဖော်ထုတ်နိုင်တာတွေကလည်း ဥပဒေရဲ့ အရည်အသွေးကို နိမ့်ကျစေတာပါပဲ။ တစ်ချိန်က လူထုခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က “မဟုတ်တာ လုပ်နေတာကို သိရက်သားနဲ့ ဟုတ်ပါတယ်လို့တော့ မပြောစေချင်ပါဘူး။ မဟုတ်တာ လုပ်နေတာကို သိနေ ကြားနေ မြင်နေလျက်နဲ့ ဟုတ်ပါတယ်လို့ ပြောမယ့်အစား ဟုတ်ပါတယ်၊ မှန်ပါတယ်လို့ မပြောဘဲနေတာ ပထမအဆင့်၊ မွေးမြူရမယ့်သတ္တိ၊ မမှန်တာကို မမှန်ဘူးလို့ ပြောရဲတာ ထောက်ပြရဲတာ ဒုတိယအဆင့်၊ တတိယအဆင့်က အားလုံးက မှန်မှန်ကန်ကန် လုပ်ကြမယ်ဆိုရင် ကျွန်မတို့ မြန်မာပြည်ကြီး မတိုးတက်စရာ မရှိဘူး”လို့ ပြောခဲ့ဖူးပါတယ်။ တကယ်တော့ဗျာ အတွေးအခေါ် အယူအဆ တစ်ရပ်ဆိုတာဟာ  ဖြစ်ပျက်မှုအစဉ်အပေါ် တွေ့ကြုံခံစားရာက ကောက်ချက်ဆွဲယူ ထုတ်ဖော်ပြသနိုင်ခဲ့ကြတာပါပဲ။ အဲဒီအယူအဆနဲ့ပတ်သက်ပြီး ကမ္ဘာကျော်စစ်ဘုရင် နပိုလီယံကလည်း ကမ္ဘာပေါ်မှာ လူတွေ ဒုက္ခရောက်နေတာဟာ လူဆိုးတွေရဲ့ ဖျက်ဆီးနှောင့်ယှက်မှုကြောင့် သာမက လူကောင်းတွေရဲ့ တိတ်ဆိတ်နေမှုကြောင့်လည်း ဖြစ်ပါတယ်လို့ ဆိုခဲ့တာ တွေ့လိုက်ရပါတယ်။ 

နိဂုံးချုပ်ရရင်တော့ ဆရာကြီး ဦးအောင်သင်း ပြောခဲ့တာလေးကို သတိရမိတယ်။ ဆရာကြီးကတော့ “အမှန်တရားကိုပြောဖို့ရာ တစ်စုံတစ်ယောက်ကို အားနာနေမယ်ဆိုရင် အနာဂတ်ကို သစ္စာဖောက်ရာကျပါသတဲ့”ဗျာတို့။ 

ခင်မောင်ဌေး (ပညာရေး)  

  • VIA