News

POST TYPE

OPINION

တူရကီနိုင်ငံနှင့် ဒီမိုကရေစီရေး
25-Jul-2017

(၁)

တီဗီထဲမှာ ကြီးစွာသော လူအုပ်ကို ဇူလိုင်လ ၁၀ ရက်က မြင်ရသည်။ နိုင်ငံရေး အတိုက်အခံ အင်အားစုများက ဦးဆောင်၍ ဇွန်လ ၁၅ ရက်နေ့တွင် အင်ကာရာမှ အစ္စတန်ဘူမြို့သို့ ၂၈၀ မိုင် ရှည်လျားသော လမ်းလျှောက်ပွဲကို စတင်ခဲ့ကြပြီး ဇူလိုင်လ ၉ ရက်နေ့က အစ္စတန်ဘူမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံကို တစ်ဦးတည်း သဘောထားများဖြင့် အုပ်ချုပ်နေသော မစ္စတာအာဒိုဝမ်၏ (Recep Tayyap Erdogen) မူဝါဒ၊ ပေါ်လစီများမှာ တဖြည်းဖြည်းနှင့် အာဏာရှင် ဆန်လာနေသဖြင့် နိုင်ငံကို ထိုအကြမ်းဖက်ဝါဒများက မလွှမ်းမိုးနိုင်စေရန် ရည်ရွယ်ခဲ့ကြခြင်း ဖြစ်ပါသည်။

အာဒိုဝမ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အရေးလှုပ်ရှားမှု လမ်းစဉ်အောက်တွင် စုစည်းမိခဲ့ကြပါသည်။ နေပူမရှောင် မိုးရွာမရှောင် အခက်အခဲ အမျိုးမျိုးကြားမှ လမ်းလျှောက်ခဲ့ကြပါသည်။ပါတီကိုယ်စားပြု ကတ်များကို မကိုင်ကြဘဲ “အမှန်တရား”ဟူသော ကတ်ကိုသာ ကိုင်ဆောင်ခဲ့ကြပါသည်။

ဤလမ်းလျှောက်ပွဲကို မစမီတစ်ရက်အကြာက တူရကီတွင် အကြီးဆုံး သတင်းစာကို ထုတ်ဝေသော “Hurriyet” သတင်းစာမှ အယ်ဒီတာချုပ်လုပ်သူ အဖမ်းခံခဲ့ရပါသည်။ တူရကီက ဆီးရီးယားတွင် တိုက်ခိုက်နေသော လွတ်မြောက်ရေးသမားများထံသို့ လက်နက်ဖြန့်ဝေသည့် ဗီဒီယိုကို ပေးအပ်လိုက်သည့်အမှု ဖြစ်ပါသည်။ တိုင်းပြည်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေသောကြောင့်ဟု အမည်တပ်ထားပါသည်။

ဤသို့ အယ်ဒီတာကို ဖမ်းလိုက်ခြင်းမှာ အာဒိုဝမ်၏ ထောင်ပေါင်း များစွာသော ပြည်သူများ၊ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးနေခြင်းမှ နောက်ဆုံး ဖြစ်ပါသည်။ ထို့ကြောင့် အမှန်အတိုင်းဖြစ်ရန် တိုက်ပွဲမှာ တရားရုံးများ၊ လွှတ်တော်များထဲမှာ မဖြစ်နိုင်တော့ပါ။ နောက်ဆုံး လမ်းမတွေပေါ်မှာ အမှန်တရား ရှာဖွေ၍ ရနိုင်ပါသလား မေးစရာဖြစ်လာပါသည်။ လူထုတွင် ရွေးချယ်စရာ အခြားနည်းလမ်းမရှိ၍ ရွေးချယ်ရခြင်း ဖြစ်ပါသည်။ ပြည်သူလူထုသည် မကျေနပ်သည်ကို ထုတ်ဖော် ပြသရပါမည်။

(၂)

ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးခြင်းသည် ပြည်သူတို့၏ လိုအပ်ချက်ကို အကာအကွယ် မပေးနိုင်တော့ဘူးဆိုလျှင်၊ သူတို့သည် သူတို့အမြင်များကို ပွင့်လင်းစွာ မထုတ်ဖော်နိုင်ဘူးဟုဆိုလျှင် တစ်ခုခုတော့ မှားယွင်းနေပြီသာ ဖြစ်သည်။ အကယ်၍ တရားမျှတခြင်းသည် လွှတ်တော်ထဲမှာ မရှိတော့ဘဲ ထောင်ထဲမှာ ရောက်သွားပြီဆိုလျှင်၊ အကယ်၍ တရားရုံးများသည် အမှန်တရားဘက်က မရပ်တည်နိုင်တော့ဘူးဆိုလျှင် ပြည်သူလူထုအဖို့ လမ်းများပေါ်တွင်ထွက်၍ ဆန္ဒပြရတော့မည်သာ ဖြစ်သည်။

ဇူလိုင်လ ၁၅ ရက် ၂၀၁၆ နေ့က “Fethullah Gulen” ခေါ် တူရကီရှိ အာဏာရှိ စစ်ခေါင်းဆောင်များနှင့် အပေါင်းပါတို့က မအောင်မြင်သော အာဏာသိမ်းပွဲတစ်ခုကို ဦးဆောင်ခဲ့ကြပါသည်။ ထိုပွဲတွင် လူ ၂၄၉ ဦးကို သေစေခဲ့ပြီး တူရကီ၏ ပါလီမန် အဆောက်အအုံ တစ်ပိုင်းတစ်စကို ဗုံးဖြင့်ဖြိုခွဲပျက်စီးစေခဲ့ပါသည်။ ဤပွဲတွင် အတိုက်အခံ ပါတီများသာမကဘဲ ပြည်သူတစ်ရပ်လုံးက မစ္စတာ အာဒိုဝမ်၏ Justice and Development ပါတီ (A.K.P) နှင့်ပါ ပူးပေါင်းခဲ့ကြပါသည်။ ပြည်သူများ လမ်းပေါ်သို့ထွက်၍ ဆန္ဒပြခြင်းမှာ ပါလီမန် ဒီမိုကရေစီဝါဒကို အကြမ်းဖက်၍ အာဏာသိမ်းခြင်း အလုပ်ကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်ပါသည်။

အချို့ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အာဏာသိမ်းမှုကို ထောက်ခံအားပေးသူများကို အပြစ်ပေးရပါမည်။ နောင်တွင် ဤအမှုမျိုးကို ထပ်မံ မကျူးလွန်မိစေရန် ထိုက်တန်သော အပြစ်ပေးရမည်ကို သိပါသည်။ တူရကီ အစိုးရက ဤသို့ပင် လိုက်နာလိမ့်မည်ဟု မျှော်လင့်သော်လည်း အာဏာသိမ်းပွဲအပြီး ၅ ရက်အကြာ ဇူလိုင်လ ၂၀ ရက်နေ့တွင် အရေးပေါ် အခြေအနေကို ကြေညာခဲ့ပါသည်။ တကယ်ဖြစ်ခဲ့သည်မှာ မစ္စတာ အာဒိုဝမ်၏ အာဏာသိမ်းပွဲပင် ဖြစ်ပါသည်။ 

ထို့နောက် လာမည့်ရက်များတွင် တူရကီပြည်သူ ၅၀,ဝ၀ဝ ကျော်မှာ အဖမ်းခံကြရပြီး ၁၅၀,ဝ၀ဝ ကျော်မှာ အလုပ်မှ ဖြုတ်ခံရပါသည်။ အဖြုတ်ခံရသည်မှာ ဘာမှ စောဒက တက်၍မရ၊ ကျောင်းဆရာများ၊ တရားသူကြီးများ၊ ရှေ့နေများ၊ ပညာတတ်များ၊ လူအားလုံး ခံကြရပါသည်။ ဂျာနယ်လစ်များမှာ နံနက်မလင်းတလင်းအချိန်တွင် အိမ်များမှ အခေါ်ဆောင်ခံခဲ့ကြရပါသည်။ အချို့မှာ ထောင်ထဲတွင် ဘယ်တော့များမှ တရားရုံးတက်ရမည် မသိဘဲ ဖမ်းဆီးချုပ်နှောင်ခံရခြင်း ဖြစ်ပါသည်။ သူတို့သည် အာဏာသိမ်းသူများနှင့် ပတ်သက်မှုရှိ မရှိကိုလည်း မသိခဲ့ရပါ။
တိုင်းပြည်၏လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးမှာလည်း အဖမ်းခံရပြီး သူတို့၏ တွိဒ် (Tweet) များ သူတို့မိန့်ခွန်းများဖြင့်  စွဲချက်တင်ခြင်း ခံကြရသည်။ နိုင်ငံတော်တစ်ခုလုံး အဖမ်းအဆီးသတင်းများဖြင့် ပြည့်နှက်နေပြီး ပြည်သူအများ ကြောက်ရွံ့နေကြရပါတော့သည်။

အာဏာသိမ်းပွဲအပြီး ကိုးလအကြာ ယခုနှစ် ဧပြီလ ၁၆ ရက်တွင် အာဒိုဝမ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မည့် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ ဤဆန္ဒခံယူပွဲက အာဒိုဝမ်အတွက် တိုင်းပြည်ကို စိတ်တိုင်းကျ အုပ်ချုပ်နိုင်ရန် လုပ်ပိုင်ခွင့်များ ပေးအပ်မည်ဖြစ်သည်။ ဝန်ကြီးချုပ်ရာထူးကို ပယ်ဖျက်ပစ်မည်၊ တရားသူကြီးများ ခန့်အပ်ပိုင်ခွင့် ပေးအပ်မည်၊ ဝန်ကြီးများကို စိတ်တိုင်းကျ ခန့်အပ်စေမည်၊ ဥပဒေများကို ပြုပြင်ချင်သလိုပြုပြီး ရေးချင်သလို ရေးနိုင်မည်၊ တိုင်းပြည်၏လွှတ်တော်ကို ပယ်ဖျက်ပစ်နိုင်စေမည် စသည့်အချက်အလက်များ ပါဝင်ကြပါသည်။

မစ္စတာအာဒိုဝမ်သည် လွတ်လပ်သောမဲကို မရရှိခဲ့ပါ။ ဆန္ဒခံယူပွဲကို ဆန့်ကျင်သော ဂျာနယ်လစ်များကို စတင်ပြီး တိုက်ခိုက်ပါသည်။ ဂျာနယ်လစ်များကို ဖမ်းဆီးခြင်း၊ တိုင်းပြည်၏ မီဒီယာရုံးကို ပိတ်ပစ်ခြင်းဖြင့် ဆင်ဆာစနစ်ကို မိမိစိတ်တိုင်းကျ ပြုပြင်ခဲ့သည်။ အတိုက်အခံ အများအပြားကို ထောင်သွင်း အကျဉ်းချခြင်းဖြင့် သူ၏ဆန္ဒခံယူပွဲကို မနှောင့်ယှက်နိုင်အောင် ကြိုးစားခဲ့ပြန်သည်။ A.K.P ၏ မေတ္တာရပ်ခံချက်ဖြင့် တိုင်းပြည်၏ မဲပေးနည်းစနစ်ကို ပြုပြင်ခဲ့ပြန်သည်။ သို့တိုင်အောင် တူရကီ တစ်ပြည်လုံး၏ မဲတစ်ဝက်ကိုသာ ရသည်။

ဆန္ဒခံယူပွဲက အပြတ်အသတ် အနိုင်မရရှိခဲ့သော်လည်း အာဒိုဝမ်သည် မိမိဆန္ဒအတိုင်း လုပ်ချင်ရာကို ဆက်တိုက် လုပ်တော့သည်။ အာဒိုဝမ်သည် တူရကီကို လူတစ်ဦးတည်းဖြင့် အုပ်ချုပ်တော့မည်ဖြစ်သည်။

အာဏာသိမ်းပွဲ တစ်နှစ်ပြည့်မြောက်မည့်ကာလသို့ ချဉ်းကပ်လာသည့်တိုင် အချို့မှာ အကန့်အသတ်မရှိ ချုပ်နှောင်ခံနေရဆဲပင် ဖြစ်သည်။ တရားမျှတမှုသည် လုံးဝ ကင်းမဲ့သွားပြီဖြစ်သည်။ အစိုးရအာဘော်နှင့် မကိုက်ညီသော တရားသူကြီးနှင့် တရားစွဲဆိုသူ ရှေ့နေအားလုံးတို့မှာ ချက်ချင်း နေရာ ပျောက်သွားနိုင်ကြသည်။

ထို့ကြောင့် တရားမျှတမှုကို လိုချင်သူ အားလုံးသည် တူရကီတွင် လမ်းလျှောက်ရာတွင် ပါဝင်လာကြပါသည်။ တူရကီနှင့် ကာ့ဒ်လူမျိုးများ၊ အယ်လဗစ်နှင့် ဆွန်နီများ လူမျိုး ဘာသာ မခွဲခြားဘဲ ပါဝင်လာကြပါသည်။ လူထုအဖို့ လူတန်းစားမရွေး ခေါင်းများကို မတ်မတ်ထောင်ကြရပါမည်။ စိတ်ဓာတ်များသည် အကြောက်တရားများကို ဖယ်ရှားကြရပါမည်။

မစ္စတာအာဒိုဝမ်က ဤသို့ လမ်းလျှောက်ခြင်းသည် အကြမ်းဖက်လူများနှင့် ၎င်းတို့ကို ထောက်ခံသူများဟု ဆိုသည်။ အာဒိုဝမ်သည် ပို၍ မမှားနိုင်တော့ပါ။ ဤလူအုပ်များထဲတွင် လင်ယောက်ျား အဖမ်းခံနေရသော မိန်းမများ၊ သားများက အာဏာသိမ်းသူများနှင့် အဆက်အသွယ် လုပ်မိသူဟု စွပ်စွဲခံရသူ ဖခင်များ ပါသည်။ ထို့အတူ လယ်ယာမှ ထွက်ကုန် သီးနှံများအတွက် တန်ရာတန်ဖိုးကို ရယူလိုကြသူများ၊ မိန်းကလေးများအဖို့လည်း (Equal Rights) ရသင့်ရထိုက်သော အရာကို ရလိုကြသူများ ပါဝင်ပါသည်။ ၎င်းတို့ ဆန္ဒပြရာ လမ်းတစ်လျှောက်လုံး ကားဟွန်း တီး၍ ထောက်ခံကြသည်။ ၎င်းတို့က တစ်ခဲနက် အော်နေကြသော အရာမှာ Justice ဟူ၍ ဖြစ်ပါသည်။

လူအုပ်ကြီးသည် ဇူလိုင်လ ၉ ရက်နေ့တွင် အစ္စတန်ဘူမြို့သို့ အရောက် ချီတက်ကြရမည်ဖြစ်ပါသည်။ လူထုက လိုလားကြသည်မှာ အရေးပေါ် အခြေအနေ ကြေညာထားခြင်းကို ရုပ်သိမ်းပေးမည်။ ဒီမိုကရေစီကို အပြည့်အဝ ပြန်ပေးစေချင်သည်။ လွတ်လပ်သော တရားစီရင်ရေးကို အလျင်အမြန် ဖြစ်ပေါ်စေလိုသည်။ အကျဉ်းကျခံနေရသူများကို မှန်မှန်ကန်ကန် တရားစွဲဆိုစေလိုသည်။ အလုပ်ဖြုတ်ခံရသူ ထောင်ပေါင်း များစွာသော ပြည်သူများအတွက် တရားဥပဒေနှင့်အညီ တုံ့ပြန်မှုကို ပြုစေလိုသည်။ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ သူတို့အမြင် သူတို့ အယူအဆများအတွက် ထောင်သွင်း အကျဉ်းချခြင်းကို မခံရစေလို၊ အကျဉ်းခံနေရသော ဂျာနယ်လစ်များ၊ အသိပညာ၊ အတတ်ပညာရှင်များကို ခြွင်းချက်မရှိပြန်၍ လွှတ်စေလိုသည်။

(၃)

ခရီးရှည်လျှောက်သူတိုင်း ခက်ခဲပင်ပန်းစွာ လျှောက်ခဲ့ကြသော ခရီးလမ်းနှင့်အညီ အကျိုးသက်ရောက်မှု ရှိစေချင်ကြသည်။ သူတို့ယုံကြည်ကြသည်မှာ တူရကီသည် သူတို့ပြည်သူတို့နှင့် ထိုက်တန်သော ဒီမိုကရေစီသည် သူတို့ထံပြန်လာပြီး အမှန်တရားသည်လည်း သူ့နေရာမှန်ကို ပြန်ရောက်စေချင်ပြီ။ အာဒိုဝမ်သို့ သိစေချင်သည်မှာ တိုင်းပြည်၏ အသည်းနှလုံးသည် ကျေပျက်ခဲ့ရပြီဖြစ်သည်။ တိုင်းပြည်သည် မတန်မရာဘဲ ဆိုးကျိုးများနှင့် ကြုံခဲ့ကြပြီဖြစ်ရာ အိပ်မက်ဆိုးသည် မြန်မြန် အဆုံး သတ်စေချင်ပြီဖြစ်သည်။

ကိုသန်းလွင်

Ref ; A Long March For Justice  in Turkey, Kemal Killcdaroglu New York Time July 8-9,2017.

  • VIA