News

POST TYPE

OPINION

လမ်းကြောင်းမှန်ပေါ် ရောက်ချိန်တန်နေတဲ့ ခြောက်လသား YBS
25-Jul-2017
မထသ ကနေ YBS စနစ်ကို ပြောင်းလဲခဲ့တာ အခုရက်ပိုင်းဆိုရင် ခြောက်လကျော်လာခဲ့ပါပြီ။ ယခုရက်ပိုင်းထုတ် သတင်းစာတွေမှာ နေရာ ပြန်ယူလာတဲ့ကိစ္စ တစ်ခုကလည်း YBS အကြောင်းပဲ ဖြစ်ပါတယ်။ ခြောက်လဆိုတဲ့ အချိန်အခါနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ မြန်မာမှုနယ်ပယ်မှာ စကားပုံတစ်ခု ရှိပါတယ်။ ဒါကတော့ ငှက်ပျောတစ်ခိုင် သားတစ်ထိုင် ဆိုတာပါ။ ငှက်ပျောသီးတစ်လုံး စားကြရဖို့ဆိုရင် စတင် အဖူးထွက်တဲ့အချိန်ကစလို့ ရင့်မှည့်တဲ့အချိန်ထိဆို ခြောက်လကြာတတ်ပါတယ်။ ဒီလိုပါပဲ လူသားတစ်ဦးရဲ့ အသက်ကြီးပြင်း ရပ်တည်မှုနဲ့ ချိန်ထိုးပြောရမယ်ဆိုရင်လည်း မွေးကင်းစ အရွယ်ကစလို့ ခြောက်လသား အရွယ်ရောက်ရင်တော့ ထထိုင်နေတတ်တာ၊ မှောက်လျက်နေတတ်လာပြီး သူ့ဘာသာ ရွေ့လျားနေတတ်တာ မြင်ကြရမှာပါ။ ဆိုလိုချင်တာကို ခြုံငုံပြီးပြောရမယ် ဆိုရင်တော့ ခြောက်လဆိုတာ ထိုက်သင့်တဲ့အရွေ့နဲ့ ပြောင်းလဲမှုရှိလာပြီး သူ့ဘာသာ ရွေ့လျားနေတတ်၊ ရပ်တည်တတ်ဖြစ်နေရမယ့် ကာလတစ်ခုကို ပိုင်ဆိုင်နေတတ်ပြီဆိုတာကို ပြောချင်တာပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ခဲ့ပြီး အခုသက်တမ်း ခြောက်လကျော်လာပြီဖြစ်တဲ့ YBS အကြောင်း ကျွန်တော်တို့ ပြောကြည့်ကြရအောင်ပါ။ သူ့အကြောင်း ပြောတော့မယ်ဆိုရင် အထက်မှာပြောခဲ့တဲ့ ဥပမာနဲ့ ချိန်ထိုးကြည့်ပြီး ပြောရမှာဖြစ်တဲ့အတွက် မေးစရာမေးခွန်းလေးတွေက စပေါ်လာကြမှာတော့ အမှန်ပါပဲ။ ဒါကတော့ ခြောက်လသား YBS အနေနဲ့ရော သူဘာတွေ ပြောင်းလဲလာပြီလဲ။ သူ့ရဲ့ ပြောင်းလဲလာမှုတွေက ထိုက်သင့်တဲ့အရွေ့ တစ်ခုကိုရောက်ပြီလား၊ ရောက်ပြီဆိုရင်လျှင် အမှန်တကယ်ကို မှန်ကန်တဲ့အရွေ့တစ်ခု ဖြစ်ခဲ့ရဲ့လားဆိုတာပါ။

ဒီလိုခြောက်လတာကာလကို လွန်မြောက်ခဲ့ပြီ ဆိုပေမယ့်လည်း သူ့အနေနဲ့ အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်ခဲ့နိုင်တာမျိုး မဟုတ်ဘဲ ဒီကာလအတွင်းမှာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းရင်းနဲ့သာ ချီတက်ခဲ့ရတဲ့ အခြေအနေပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကအထိကို YBS နှစ်စီး ပြိုင်မောင်းရာက တိုက်မိခိုက်မိဖြစ်ကာ တိမ်းမှောက်ပြီး လူအသေအပျောက် အတော် များခဲ့ရသလို သူ့ရဲ့ပြောင်းလဲမှုကြောင့် ယာဉ်နောက်လိုက်တွေ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့အတွက် ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်ကတည်းက အခြေတည်လာခဲ့ပြီး အနည်ထိုင်နေတဲ့ မော်တော်ယာဉ်လိုင်း ပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ (မထသ) ကနေ ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ် YBS (Yangon Bus Service) ကို  ပြောင်းလဲခဲ့တဲ့နေရာမှာ အလွယ်တကူနဲ့တော့ အဆင်မပြေနိုင်ဘူး။ အခက်အခဲပေါင်းစုံ၊ ပြဿနာပေါင်းစုံကို တွေ့ကြုံရနိုင်တယ်လို့ ကြိုတင်ခန့်မှန်းခဲ့မိမှာပါပဲ။ ဒါပေမဲ့လည်း မည်သို့ပင်ဖြစ်ဖြစ် ပြောင်းလဲမှုကိုသာ မြန်မြန်လုပ်မယ်၊ တွေ့ကြုံရတဲ့ အခက်အခဲ အကျပ်အတည်းတွေကိုတော့ဖြင့် ပြောင်းလဲမှုကို ဖော်ဆောင်ရင်းသာ သူကျော်ဖြတ်မယ်လို့ စဉ်းစားထားပုံ ပေါ်ခဲ့ပါတယ်။ ဒါ့ကြောင့်သာ ဖြစ်ပေါ်လာတဲ့ အခက်အခဲမျိုးစုံကို စနစ်တကျ ဖြေရှင်းနိုင်တာမျိုး မရှိခဲ့ဘဲ စီမံခန့်ခွဲမှု အရမ်း ညံ့ဖျင်းကြတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ပြည်သူတွေထံက ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီအပြောင်းအလဲကို အဓိက မောင်းနှင်ကိုင်တွယ် အကောင်အထည်ဖော်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ နှစ်ပေါင်း များစွာ မထသအဖြစ် ပြေးဆွဲလာခဲ့တဲ့ ဆောင်ရွက်ခဲ့မှု တစ်ရပ်ကို ရပ်ဆိုင်းခဲ့ပြီး အပြောင်းအလဲကို ဖော်ဆောင်တဲ့အနေနဲ့ YBS စနစ်ကို ပြည်သူအားလုံးက ပူးပေါင်း ပါဝင်မှုကြောင့် သုံးရက်တာ ကာလအတွင်း စနစ်တကျ ပြောင်းလဲနိုင်ခဲ့ကြောင်း ဆိုခဲ့ပါသေးတယ်။ ဝန်ကြီးချုပ်က ပြောကြားသွားခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ စနစ်သစ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကပြ အသုံးတော်ခံနေရတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကတော့ မပြောင်းလဲသေးဘူးဆိုတဲ့ အသံတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ YBS ကိုသာ အားကိုး အားထားပြုနေရတဲ့ အများပြည်သူများမှာတော့ ယနေ့အချိန်အထိ အချို့သောလိုင်းတွေမှာ ဘတ်စ်ကား အရေအတွက် နည်းပါးနေခြင်းနဲ့ အချို့ယာဉ်မောင်းများရဲ့ စည်းကမ်း ချိုးဖောက်မှုတွေကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုကိစ္စတွေအပေါ် တာဝန်ရှိသူတွေ အနေနဲ့လည်း ယနေ့အထိ နိုင်နိုင်နင်းနင်း ထိန်းချုပ်ကိုင်တွယ်နိုင်မှု မရှိသေးကြောင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ယနေ့ထက်တိုင် ကြားနေ တွေ့နေမြင်နေရဆဲပါ။

ဒီလိုအဖြစ်တွေကြောင့်ပဲ ပြည်သူ့အသံ လွှတ်တော်အသံလို့ ဆိုထားတာနဲ့အညီ ပြီးခဲ့တဲ့ဧပြီလ ၅ ရက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၆ ရက်မြောက်နေ့မှာ အင်းစိန် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီးလုပ်ကိုင်တဲ့ YBS ဘတ်စ်ကားစနစ်ကို အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာဖြင့်  ပြည်သူလူထုကိုချပြရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း”အဆိုကို တင်သွင်းခဲ့ပြီး ကျန်လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးကလည်း ထောက်ခံဆွေးနွေးကြကာ ဒီစနစ်ရဲ့ အားနည်းချက်တွေကို အတော် ထောက်ပြခဲ့ကြဖူးပါသေးတယ်။

ဦးဖြိုးမင်းသိန်းအနေနဲ့လည်း YBS စနစ်ကို သုံးလ တစ်ကြိမ် အဆင့်မြှင့်တင်မှု လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ကားသစ်များကိုလည်း မှာယူတင်သွင်းသွားမှာ ဖြစ်ကြောင်း၊ ယာဉ်တိုင်းမှာ CCTV များတပ်ဆင်ခြင်းအပြင် ယာဉ်စီးခ ဈေးနှုန်းများကိုလည်း အတတ်သာဆုံး ဖြစ်အောင် စီစဉ်ထားကြောင်းနဲ့ ယာဉ်နောက်လိုက်များကို မထားတော့ဘဲ ငွေပုံးသာ ထားရှိပေးမယ့်စနစ်ကို အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် နောက်ပိုင်းမှာတော့ နိုင်ငံတကာမှာလို ကတ်စနစ်နဲ့ စီးနင်းကြရမယ့်စနစ်အထိ ပြောင်းလဲ လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ဖူးတာကိုလည်း ကြားမိခဲ့ရပါသေးတယ်။ ဒီလိုပြောကြားချက်တွေနဲ့အညီ ဧပြီလ ၇ ရက်နေ့ကစပြီး YBS ယာဉ်လိုင်းများရဲ့ ပုံသေ ကောက်ခံရမယ့်နှုန်းထား အသစ်များကိုလည်း ထုတ်ပြန်ပေးခဲ့ပြီး အခုဆိုရင် နိုင်ငံခြားက မှာယူတင်သွင်းထားတဲ့ YBS ယာဉ်အစီးရေ ၁၇၀ဝ ကျော်လည်း ရောက်ရှိနေပြီဖြစ်တဲ့အတွက် မကြာခင် ယာဉ်အိုယာဉ်ဟောင်းများနဲ့ လဲလှယ်သွားတော့မယ်လို့ သတင်းတွေမှာ တွေ့နေရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ယာဉ်လိုင်းတွေအားလုံးမှာ ငွေထည့်ပုံးစနစ်ကို စတင် အကောင်အထည် ဖော်ခဲ့တာကိုလည်း မြင်မိကြားမိကြမှာပါ။

ဒီလို အကောင်အထည်ဖော်ခြင်းနဲ့အတူ ယာဉ်နောက်လိုက် ၁၂၀ဝ ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ကြရပြီး သူတို့ကို မှီခိုနေကြတဲ့ မိသားစုတွေလည်း စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ကြရတယ် ဆိုတဲ့အသံတွေလည်း ကြားခဲ့ရပါသေးတယ်။ ဒါနဲ့အတူ နောက်ရက်မှာတော့ ဆန္ဒပြပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြတာကို ကြားကြရပြီ ဖြစ်မှာပါ။

အမှန်တကယ်ဆိုရင် YBS ပြောင်းလဲမှုဖြစ်စဉ် ဖြစ်ရပ်အပေါ် ဘက်မလိုက်ဘဲ သူ့ဘက်ကိုယ့်ဘက် မျှတစွာ ထောက်ပြပြောပြရမယ်ဆိုရင်တော့ အချိန်ကာလကြာမြင့်စွာ အမြစ်တွယ်လာနေခဲ့တဲ့ စနစ်တစ်ခုကနေ အခြားစနစ်အသစ် တစ်ခုကို အချိန်တိုအတွင်း ပြောင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမျိုး မဟုတ်ဘူးဆိုတာကို အားလုံးက သတိချပ်ကြရမှာပဲ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ပြောင်းလဲမှုကို လုပ်ဆောင်တဲ့သူတွေ အနေနဲ့လည်း အသေအချာ တွက်ချက်လေ့လာ သုတေသနပြု လုပ်ကြ၊ နှစ်ရှည်စီမံကိန်း (Strategic Plan) ရေးဆွဲပြီး အချိန်ဇယား သတ်မှတ်ကာ အပိုင်းလိုက် အောင်မြင်အောင် အကောင်အထည် ဖော်ကြရမှာဖြစ်သလို သတ်မှတ်တဲ့ကာလတို တစ်ခုအတွင်းမှာလည်း အခြားတစ်ဖွဲ့က Evaluation ဆိုတဲ့ ပြန်လည်သုံးသပ် ထောက်ပြပေးနေတာမျိုးတွေ ပြုလုပ်ကြရမှာပါ။ ဒီလိုပြုလုပ်ကြတဲ့နေရာမှာ အရေးကြီးဆုံး အချက်တစ်ချက်ကတော့ စီမံခန့်ခွဲမှု (Management) သာဖြစ်ပါတယ်။ ဒီပုံစံ (Model) ဟာ ပြောင်းလဲမှုကို ဖော်ဆောင်နေတဲ့ နိုင်ငံတွေမှာ ပြုလုပ်နေကြတဲ့ပုံစံ ဖြစ်ပါတယ်။ ရေရှည်နှစ် အပိုင်းအခြားအလိုက် စီမံချက်ချဆောင်ရွက်ကြရမယ့် မဟာဗျူဟာ စီမံကိန်းကြီးတစ်ခု ဖြစ်တာနဲ့အညီ အစပိုင်းမှာပြောသလို ဟိုကွေ့ကိုရောက်ရင် ဟိုတက်နဲ့ လှော်မယ်။ ဒီကွေ့မှာ ဒီတက်နဲ့လှော်မယ် ဆိုတဲ့စိတ်မျိုးနဲ့ မီးစင်ကြည့် ကနေလို့ရတဲ့ ကိစ္စမျိုးကြီး မဟုတ်ပါဘူး။ စနစ်တစ်ခု (System) တစ်ခုကိုပြောင်းဖို့ (System Change) ဆိုရင် အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် ကြာတတ်တာကို သတိချပ်ကြရမှာဖြစ်သလို အဲ့ဒီလို ပြောင်းလဲတဲ့စနစ်ရဲ့ ကောင်းမွေဆိုးမွေကို အများဆုံး ခံစားကြရတာကတော့ ပြည်သူတွေသာ ဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံရေးသမား အုပ်ချုပ်သူ လူတန်းစားများက ထည့်တွက်စဉ်းစားပေးထားကြရမှာ ဖြစ်ပါတယ်။ ဒီအတွက်ဆိုလိုရင်းကတော့ ကိုယ်လုပ်မယ့် ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို အသေအချာ စီမံကွပ်ကဲ မျက်ခြည်မပြတ် စောင့်ကြည့်သုံးသပ် ပြုပြင်ကြရမယ်လို့ ပြောလိုတာပါ။

နောက်အပိုင်းကတော့ ပြည်သူတွေ အပိုင်းပါ။ ပြောချင်တာကတော့ ပြောင်းလဲမှုတစ်ခု လုပ်တယ်ဆိုတာ လွယ်လွယ်ကူကူနဲ့ ခဏလေး ပြီးနိုင်တဲ့အရာမျိုး မဟုတ်ဘူး ဆိုတာရယ်၊ ဒီလိုဆောင်ရွက်နေတဲ့ကာလမှာ ဖြစ်ပေါ်လေ့ ဖြစ်ပေါ်ထရှိတတ်တဲ့ အရာတွေကိုလည်း နားလည်လက်ခံ ပေးကြရမယ်ဆိုတာရယ်ကိုပါ။ ဆိုချင်တာကတော့ မထသစနစ်ကနေ YBS စနစ်ကို ပြောင်းကြမယ်ဆိုရင် သူတို့မှာလည်း စီမံချက်ရှိပြီးသား ဖြစ်မှာပါ။ ပထမ ယာဉ်လိုင်းတွေ ပြောင်းလဲခဲ့ကြတယ်။ တူတာတွေကိုစုပြီး အချို့ကို ပေါင်းပစ်တယ်။ နောက်အဆင့်က ကားအိုကားဟောင်းတွေကို တဖြည်းဖြည်း လဲထုတ်တယ်။ နောက်တတိယအဆင့်က ယာဉ်အကူထားပြီး ငွေကောက်တဲ့စနစ်ကနေ ငွေပုံးသာထားပြီး ယာဉ်နောက်လိုက်တွေကို လျှော့ချပစ်တဲ့ကိစ္စ။ နောက်အဆင့်ကတော့ ယာဉ်စီးခ နှုန်းထားကို အခြားနိုင်ငံတွေမှာလို ရိုးစင်းလွယ်ကူပြီး အဂတိကင်းမဲ့ ကတ်စနစ်နဲ့ ပေးချေနိုင်တဲ့အဆင့်အထိ သွားကြရမယ်။ နောက် ဒီထက်ပိုမိုပြီး ဆောင်ရွက်လာနိုင်ခဲ့မယ်ဆိုရင် သူများနိုင်ငံတွေလို လျှပ်စစ်ကားတွေနဲ့ မြို့ပတ်လျှပ်စစ် ရထားတွေအဆင့်ထိ တိုးချဲ့ကာ မြို့ပြစနစ်တစ်ခုရဲ့ အဓိက သော့ချက်ဖြစ်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ကောင်းမွန်သွက်လက် မြန်ဆန်လာအောင် အဆင့်လိုက် ဦးစားပေး အတန်းအစားခွဲပြီး ဆောင်ရွက်သွားကြရမယ် ဆိုတာတွေကိုပါ။

နှစ်ပေါင်း အတော်ကြာသည်အထိ ရှုပ်ထွေးပွေလီနေတဲ့ ယာဉ်လိုင်းစနစ်နဲ့ ယာဉ်အိုယာဉ်ဟောင်းတွေ၊ လမ်းဘေးဈေးသည်တွေ ပေါင်းစုံနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်နေသလို ဖြစ်နေခဲ့ရတဲ့ နေရာကနေပြီး စနစ်သစ်တစ်ခု (အခြားနိုင်ငံတွေ ပြောင်းလဲနေကြသလို)ကို လိုက်ပါပြီး မြို့ပြစနစ်သစ်ကို ဖော်ဆောင်ကြတဲ့နေရာမှာ လိုက်ပါလိုမှု မရှိသူတွေ၊ နိုင်ငံရေးနည်းအရ ဆန့်ကျင်ဝေဖန် ထိုးနှက်ကြတာတွေ၊ အကျင့်မပျောက် အရိုးစွဲနေကြတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များရဲ့ အကျင့်စရိုက်တွေ၊ အားမလို အားမရ ဖြစ်နေတဲ့ ပြည်သူတွေတော့ ကြုံတွေ့ကြရမှာ ဓမ္မတာပါပဲ။ ဒါကလည်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ အားလုံးကို ပြောင်းလဲပစ်ဖို့ဆိုရင် ထိုက်သင့်တဲ့အချိန်တစ်ခုကို ယူကြရမှာဖြစ်သလို အခုလို ပြီးဆုံးခဲ့တဲ့ ခြောက်လလောက်နဲ့လည်း လုံလောက်သေးမယ် မထင်ပါဘူး။ ဒီလို ပြောလိုက်လို့လည်း စီစဉ်သူ အုပ်ချုပ်သူ လူတန်းစားဘက်ကိုသာ စောင်းပေး ဘက်လိုက်ရေးတယ်လို့လည်း မယူဆစေချင်သလို အမှန်ကို အမှန်အတိုင်း မြင်အောင် ကြည့်ပေးတတ်ကြဖို့လည်း လိုလာတာကို မီးမောင်းထိုးပြခြင်းပဲ ဖြစ်ပါတယ်။

ဒီအတွက် နောက်ဆုံး နိဂုံးချုပ်ရရင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဂုဏ်သတင်း ကျော်စောချက်ဟာ YBS စနစ် ပြောင်းလဲမှုအပေါ်မှာလည်း အများကြီး တည်မှီနေတယ်လို့ ပြောလို့ရနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် မိမိတို့အစိုးရအဖွဲ့အနေနဲ့ လူထုထောက်ခံမှုအားကို ရယူလိုပြီး အမှန်သာ အဟုတ်တကယ် ပြောင်းချင်တယ်ဆိုရင် ခေတ်ဟောင်း စနစ်ဟောင်းက အရာတွေကို ပြုတ်အောင် သတ္တိရှိရှိ တိုက်ထုတ်ပစ်မှသာ ရနိုင်မှာပါ။ နောက်တစ်ဖက်ကတော့ ပြည်သူတွေအနေနဲ့လည်း ပြောင်းလဲမှု သဘောတရားကို မြင်အောင် နားလည်အောင် လေ့လာကြပြီး အပြစ်တင် အပြစ်မြင်နေကြခြင်းမျိုးထက် သာလွန်တဲ့ ကျော်ကြည့်ခြင်းမျိုးဆိုတဲ့ လမ်းကြောင်းအပေါ်ကို ပြောင်းလျှောက်ပြီး ပြောင်းလဲမှုအပေါ် လိုက်ပါ အားပေး ထောက်ခံပေးကြဖို့ လိုလာပါတယ်။ ဒါမှသာ မှန်ကန်တဲ့လမ်းကြောင်းအပေါ်ကို တည့်မတ်စွာရောက်လို့ ပြည်သူအများ စိုးရိမ်သောက ပွားနေရတဲ့ YBS စနစ်အနေနဲ့လည်း အောင်အောင်မြင်မြင် ဖြစ်ပေါ်လာမှာ အမှန်ဖြစ်တဲ့အကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ


  • VIA