News

POST TYPE

OPINION

ပေါ့ပေါ့နေ ပေါ့ပေါ့စား စိတ်ဓာတ်ရှိသူတွေ မမွေးမိစေဖို့ (Daily, Vol-5/No-75)
08-Jul-2017
ပြီးခဲ့သည့် သောကြာနေ့က ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ်ဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ဖော်ပြဖြစ်ခဲ့ပါတယ်။ ယနေ့တော့ တက္ကသိုလ် ကျောင်းသားတွေရဲ့ ရည်မှန်းချက်နဲ့ ခံယူချက် သဘောထားတချို့ကို အနည်းငယ် ပြောချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူငယ်ဆိုတဲ့ သဘာဝဟာ အတုမြင် အတတ်သင် တတ်ကြတဲ့သဘော ရှိထားပြီးဖြစ်ရာ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရိုက်ကူးပြသနေကြတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုဇာတ်လမ်းတွေထဲက လွဲမှားစွာ ပုံဖော်ထားတဲ့ အကြောင်းအရာတွေကို အဟုတ်ထင်မှတ်သွားပြီး အဲဒီထဲက ဇာတ်ကောင်စရိုက်တွေအတိုင်း လိုက်လုပ်မိကြမှာ စိုးရိမ်ရလို့ပါ။

သိကြတဲ့အတိုင်း နှစ်အတော် ကြာခဲ့ပြီဖြစ်တဲ့ မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုဇာတ်လမ်းတွေကို ကြည့်မယ်ဆိုရင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဘဝကို နောက်ခံထားပြီး ရိုက်တဲ့ ဇာတ်လမ်း အတော်များများမှာ တက္ကသိုလ်ကျောင်းသားတွေဟာ အချိန်ရှိသရွေ့ ကန်တင်းမှာထိုင်၊ အပျော်အပြက်တွေပြော၊ သမီးရည်းစား ရရှိဖို့အတွက် နပန်းလုံးနေတဲ့သူတွေလောက်သာသာ ပုံဖော်ခံထားရတယ်ဆိုတာ သတိပြုမိကြမှာပါ။

မင်းသား၊ မင်းသမီးဘေးကနေ အချိန်ပြည့်လိုက်နေရပြီး တက္ကသိုလ်ကျောင်းသားအဖြစ် သရုပ်ဆောင်ကြရတဲ့ ဇာတ်ပို့ဆိုသူတွေကို ကြည့်မယ်ဆိုရင်လည်း ပေါတောတော စကားလုံးတွေ၊ ရည်းစားရဖို့ ပံ့ပိုးပေးသူလောက်အဖြစ်ပဲ ပုံဖော်ခံထားကြရတယ်ဆိုတာကို တွေ့မိမှာပါ။ တက္ကသိုလ်ရောက်ရင် ကျောင်းပြေးလို့ရမယ်၊ ဟေးလားဝါးလား လုပ်လို့ရမယ့် အဖြစ်မျိုးဖြစ်အောင် ရိုက်ကူး တင်ဆက်ထားတာတွေဟာ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် အရက်၊ စီးကရက် ကြော်ငြာတွေထက်တောင် အန္တရာယ် ပိုရှိတဲ့ကိစ္စလို့ ဆိုရမှာပါပဲ။ တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်ရဲ့သားနဲ့ ကျောင်းအဖွဲ့အစည်း၊ သမဂ္ဂ တစ်ခုခုအတွက် အလုပ်လုပ်ပေးနေတဲ့ပုံမျိုး ဖြစ်လာအောင်ကို ရိုက်ကူးထားတာမျိုး မရှိသလောက်ပါပဲ။ 

တခြားနိုင်ငံတွေက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးတွေကို စာဖတ်သူတွေ အနေနဲ့ ကြည့်ဖူးကြမှာပါ။ သရုပ်ဆောင်တွေဟာ တကယ့် တက္ကသိုလ်ကျောင်းသား Character (စရိုက်) ကို ပီပီပြင်ပြင် ပေါ်လွင်အောင် ပြသနိုင်ကြတာချည်းပါပဲ။ ဥပမာ - တက္ကသိုလ် တစ်ခုခုထဲကို ဖြတ်လျှောက်သွားတာနဲ့ နောက်ခံရိုက်ကွင်းထဲမှာ စာပေ၊ အနုပညာ၊ အားကစား၊ အတတ်ပညာတစ်ခုခု စတာတွေကို ရူးရူးမူးမူး လုပ်နေတဲ့ ကျောင်းသားတွေကို မတွေ့ချင်မှ အဆုံးပါပဲ။ 

တကယ်လည်း သူတို့နိုင်ငံတွေက တက္ကသိုလ်တွေမှာ အဲဒီလိုပါပဲ။ တက္ကသိုလ်ဆိုတာ ကိုယ်တတ်သိနားလည်ချင်တဲ့ ပညာရပ်တစ်ခုခုကို အရူးအမူး လေ့လာလိုက်စားခွင့် ရှိတဲ့နေရာတစ်ခုပါ။ တခြားတက္ကသိုလ်တွေကို ရောက်ဖူးသူ၊ တက်ဖူးသူတွေ အားလုံး သိကြမှာပါ။ ကိုယ် လေ့လာချင်တဲ့ ဘာသာရပ် တစ်ခုခုနဲ့ ပတ်သက်တာတွေကို အချိန်ပြည့် Research လုပ်နေနိုင်မှ တော်ကာကျမယ့် အနေအထားမျိုး ဆိုတာကိုလည်း အားလုံးသိပြီးသား ဖြစ်မှာပါ။
 
တက္ကသိုလ်က ဆရာ၊ ဆရာမတွေ ဆိုတာလည်း အဲဒီလို ပညာကို ရူးသွပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေအဖြစ်၊ တကယ့် Academic တွေအဖြစ် ပုံဖော်ရိုက်ကူး ခံရတယ်ဆိုတာလည်း သတိပြုမိကြမှာပါ။ အထက်က ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ကြောက်နေရတဲ့ သာမန်ဝန်ထမ်း တစ်ဦးမျိုး မဟုတ်ဘဲ ကျောင်းသားတွေကို ပညာသင်ပေးရင်း မိမိကိုယ်တိုင်လည်း ပညာကို အဆက်မပြတ် လေ့လာနေတဲ့ ဗခေိနာငခ တစ်ဦးဖြစ်တဲ့ ပုံစံမျိုးဖြစ်အောင် ပြသနိုင်ကြတာချည်းပါပဲ။

ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ အရက် ဒါမှမဟုတ် စီးကရက် သောက်တဲ့အခန်းတွေကို ဖုံးကွယ်တည်းဖြတ်တဲ့ ရည်ရွယ်ချက်ဟာ လူငယ်တွေ အတုယူ မှားပြီး အရက်၊ စီးကရက်တွေ လိုက်သောက်ကြမှာ စိုးလို့ လုပ်ကြတာပါ။ တကယ်တော့ အဲဒီလို ပေါ့ပေါ့နေ ပေါ့ပေါ့စား တက္ကသိုလ် ကျောင်းသားမျိုးပုံစံ ပေါက်အောင် ရိုက်ကူးထားတဲ့ အခန်းတွေကို ပိုပြီးတော့တောင် ထိန်းကွပ် တည်းဖြတ်သင့်ပါတယ်။

တက္ကသိုလ်ရောက်ရင် အချိန်တန်ရင် ကျူရှင်တက်၊ ပိုင်တဲ့ဆရာ၊ ဆရာမဆီက မေးခွန်းရအောင် လုပ်ပြီး တစ်ဖက်မှာ ဖွန်ကြောင်လို့ ရပြီဆိုတဲ့ အတွေးမျိုး လူငယ်တွေရဲ့ စိတ်ထဲဝင်မသွားအောင်၊ တစ်မျိုးပြောရရင် ပေါ့ပေါ့နေပေါ့ပေါ့စား တက္ကသိုလ် ကျောင်းသားပုံစံတွေကို လူငယ်တွေ အတုမယူမိအောင် Pre-Production ပိုင်းမှာ စနစ်တကျ သုတေသနတွေ လုပ်ပြီး ရိုက်ကူးသင့်တယ်လို့ ပြောချင်တာပါ။ ဘဝအတွက် အင်မတန် အရေးကြီးတဲ့ တက္ကသိုလ်တွေဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ရတဲ့ နေရာလို့ ခံယူထားတဲ့သူတွေ များလာလေ တိုင်းပြည်မှာ အကြီးအကျယ် ထိခိုက်နစ်နာရလေ ဆိုတာကို သတိပြုစေချင်တာပါ။ 

အယ်ဒီတာ(၈-၇-၂၀၁၇)


  • VIA