News

POST TYPE

NEWS

ဖြူးမြို့နယ် ဆရာဝန်ကို ထိုးကြိတ်သည့်အမှု တရားရုံးသို့ မရောက်သေးဟုဆို
07-Jul-2017 tagged as ဆရာဝန်

ရန်ကုန်၊ ဇူလိုင် ၇

ဖြူးပြည်သူ့ဆေးရုံ၏ အရေးပေါ်ဌာနတွင် တာဝန်ကျနေသည့် လက်ထောက်ဆရာဝန်ကို လူနာနှင့်အတူ လိုက်ပါလာသူများက ထိုးကြိတ်မှုကို တရားရုံးသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း ဖြူးမြို့မ ရဲစခန်းက ဒုတိယရဲမှူး မောင်မောင်ဝင်းက ပြောကြားသည်။ 

တရားရုံးသို့ မတင်ပို့နိုင်ခြင်းမှာ သက်သေခံများကို စစ်ဆေးနေဆဲဖြစ်၍ဟု ၎င်းက ပြောကြားသည်။

အဆိုပါအမှုကို ရဲစခန်းတွင် အမှုတည်ဆောက်ဆဲဖြစ်ပြီး စစ်ဆေးသည့်ရဲက ဆရာဝန်ကို ကျူးလွန်သူမှာ နှစ်ဦးဟုဆိုပြီး မျက်မြင်တွေ့သည့် သက်သေများကမူ ကျူးလွန်သူမှာ သုံးဦးဟု ဆိုကြကြောင်း ထိုးကြိတ်ခံခဲ့ရသည့် ဖြူးမြို့နယ်ဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာဟိန်းပြည့်အောင်က ပြောကြားသည်။

တာဝန်ထမ်းဆောင်နေချိန်တွင် ကိုယ်ထိလက်ရောက် စော်ကားမှုအပေါ် ကျေအေးမည် မဟုတ်ဘဲ တရားဥပဒေအတိုင်း အရေးယူနိုင်ရန် ကြိုးပမ်းမည်ဟု ၎င်းက ပြောကြားသည်။
“လက်ဖက်ရည်ဆိုင်မှာ ရန်ဖြစ်တာ မဟုတ်ဘူး။ တာဝန်ထမ်းဆောင်ချိန်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာဖြစ်တဲ့ အတွက် တရားဥပဒေအတိုင်းပဲ သွားမယ်” ဟု ၎င်းက ဆိုသည်။

ကျန်းမာရေး ဝန်ကြီးဌာနက အဆိုပါ ဖြစ်ရပ်အပေါ် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ကုသရေး ဦးစီးဌာနထံမှ သိရသည်။

ဇွန်လ ၂၇ ရက်နေ့က အဖျားတတ်၍ အရေးပေါ်အခြေအနေ ဖြစ်နေသည့် ကလေးတစ်ဦးနှင့် သွေးလွန်တုပ်ကွေး ဖြစ်နေသည့် ကလေးတစ်ဦးကို အရေးပေါ် ကုသပေးသည့် လက်ထောက်ဆရာဝန်ကို မျက်ခုံးတွင် တစ်လက်မခန့် ကွဲလာသည့် လူနာအမျိုးသမီးကို အမြန်မကြည့်ပေးသဖြင့် လူနာနှင့်အတူ ပါလာသည့် အမျိုးသားများက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် လက်ထောက်ဆရာဝန်တွင် နောက်စိကို ထိုးမိသည့် ဒဏ်ရာ ငါးချက်၊ ညာဘက်တံတောင်ဆစ်တွင် ညိုမည်းစွဲခြင်း၊ မျက်နှာကို နှစ်ချက်ထိုးခံရခြင်း၊ လည်ပင်းမှ နားရွက်အောက်ထိ မေးရိုးနေရာတွင် အစင်းကြောင်းတို့  ဖြစ်ပေါ်ခဲ့သည်။