News

POST TYPE

NEWS

ကဘော်ချိုင့်ဝှမ်းက ကသည်းပြဿနာ

မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံနှင့် ဆက်စပ်နေသော တမူးမြို့တည်ရှိရာ ကဘော်ချိုင့်ဝှမ်းဒေသသည် ရှေးနှစ်ပေါင်း များစွာကပင် ရှုပ်ထွေးလှသော တစ်ဖက်နိုင်ငံ ကသည်းသူပုန်များ ဝင် ထွက် သွားလာမှုနှင့် လက်နက်ကိုင် ပြဿနာများအကြား ကြားညပ်နေခဲ့ရသော နယ်စပ် ကုန်သွယ်ရေးဒေသဖြစ်သည်။

ပြီးခဲ့သော လပိုင်းများအတွင်းကမူ ကဘော်ချိုင့်ဝှမ်းအတွင်း နေထိုင်သူတို့၏ အသက်လုံခြုံရေးကို စိုးရိမ်စရာ ဖြစ်လာရသည်အထိ သတ်ဖြတ် တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွားလာသလို နယ်စပ်ဈေးများ၊ နှစ်နိုင်ငံ ကုန်သွယ်မှုများ မကြာခဏ ရပ်ဆိုင်းရသည်အထိ ဖြစ်လာသည်။

မြန်မာအစိုးရဘက်က အချိန်များစွာ ကြန့်ကြာ နှောင့်နှေးသည်ဟု ယူဆစရာရှိသော ကသည်းသူပုန်များအရေး ဖြေရှင်းမှုသည် ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပထမဆုံး ဆွေးနွေးမေးမြန်းမှုအဖြစ် ရောက်လာခဲ့သည်။

“ကသည်းသူပုန်တွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ပေါက်ကွဲမှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ဘဝ လုံခြုံရေး အစိုးရက ဆောင်ရွက်မပေးနိုင်ဘူးလို့ ပြည်သူတွေ ခံစားနေရပါတယ်”ဟု ယင်းအမျိုးသားလွှတ်တော် အစည်းအဝေးတွင် တမူးမြို့မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောကြားလိုက်သည်။

အဆိုပါ အစည်းအဝေးတွင် ဦးမောင်မောင်လတ်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း ခိုအောင်း လှုပ်ရှားနေသော ကသည်းသူပုန်များအား ရှင်းလင်း ဖယ်ရှားပေးရန် အစီအစဉ် ရှိ မရှိ ဟူသော မေးခွန်းကို မေးမြန်းခဲ့သည်။

ယင်းမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အစိုးရသစ်၏ လွှတ်တော် အစည်းအဝေးများတွင် ကသည်းသူပုန် အရေးနှင့်ပတ်သက်၍ ပထမဆုံး မေးခဲ့သည့် မေးခွန်းဖြစ်သည်။

ကသည်းသူပုန်များသည် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အခြားပြိုင်ဘက် လက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်လေ့ရှိသဖြင့် တမူးနယ်စပ်တစ်လျှောက် မတည်ငြိမ်မှုများ ဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ တမူးဒေသခံ ပြည်သူတွေရဲ့ အသက်ကို ဖက်နဲ့ထုပ်ထားရမလား မေးချင်ပါတယ်”ဟု ၎င်းက ထပ်မံ၍ မေးခွန်း ထုတ်ပြန်သည်။

ဦးမောင်မောင်လတ်၏ မေးခွန်းကြောင့် တမူးဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေကို တစ်နိုင်ငံလုံးက သိရှိခဲ့ကြရသည်။ တမူးဒေသတွင် ထိုမျှအထိ ဖြစ်နေပြီလားဟု လူမှုကွန်ရက် စာမျက်နှာအချို့တွင် မေးခွန်းထုတ်ကြသည်။

မြေပြင် အခြေအနေကမူ တမူးဒေသခံတို့မှာ နှစ်ပေါင်း သုံးဆယ်ခန့် ထိုအကြောက်တရားများဖြင့် နေထိုင်နေကြရပြီး ဖြစ်သည်။

တမူး-ကဘော်ဒေသမှာ ၁၉၉၀ ဝန်းကျင်ကတည်းကပင် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ခွဲထွက်ရေး ကသည်းသူပုန်များ၏ ခိုအောင်းလှုပ်ရှားရာ ဒေသဖြစ်ခဲ့သည်။

ယင်းဒေသများရှိ မြို့ရွာများတွင် နေအိမ်ခြံဝင်းများကို ဝယ်ယူပြီး ပေါ်ပေါ်တင်တင် နေထိုင်မှုများ ရှိခဲ့သည်။ ယင်းအပြင် တမူးမြို့နယ်အတွင်းရှိ တောအုပ်များအတွင်းတွင် အစုအဖွဲ့ဖြင့် နေထိုင်နေမှုများလည်း ရှိသည်။

ယင်းအချက်ကို ဒေသခံတို့ သိသလို သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများကလည်း သိရှိပါ သည်။ ၂၀ဝ၁ ခုနှစ်က တမူးမြို့ပေါ်တွင် ရှိသည့် ကသည်း သူပုန်တို့၏ နေအိမ်များကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့  ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေခဲ့ရာတွင် ပစ္စတို၊ မောင်း ပြန်ရိုင်ဖယ်၊ ဗုံးပစ်လောင်ချာ စသည့် လက်နက်မျိုးစုံ တစ်ထောင်ကျော်နှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းခဲ့သည်။

“ကသည်းသူပုန်တွေ တမူးမြို့မှာ ခိုအောင်း လှုပ်ရှားနေတယ်ဆိုတာ ကမ္ဘာကတောင် သိပါတယ်”ဟု ထိုစဉ်က အခြေအနေကို ရည်ညွှန်း၍ ဦးမောင်မောင်လတ်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

တမူးဒေသတွင် ကသည်းသူပုန်တို့ ခြေကုပ်ယူကာ နေထိုင်ကြခြင်း၏ အကြောင်းတစ်ခုမှာ လက်နက်ခဲယမ်းများ သိုလှောင်ထားရန် ဖြစ်သည်။

ယင်းအချက်ကို ၂၀ဝ၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တစ်ခုကလည်း သက်သေပြသည်။

ထိုစဉ်က တမူးမြို့၏ မီးလောင်မှုတစ်ခုတွင် ကသည်းသူပုန်အချို့၏ နေအိမ်များလည်း ပါဝင်ခဲ့သည်။ ယင်းမီးလောင်မှုကြောင့် အဆိုပါ နေအိမ်များတွင် သိုလှောင်ထားသည့် လက်နက်ခဲယမ်းများ ပေါက်ကွဲခဲ့ကာ အရပ် ရှစ်မျက်နှာကို လွင့်စဉ်ခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

ထိုသို့သော ဖြစ်ရပ်များက တမူးဒေသတွင် မကြာခဏ ဖြစ်ပွားခဲ့သည်။ ၂၀ဝ၉ ခုနှစ်ထဲတွင်ပင် ဖြစ်သည့် တမူးမြို့ စန္ဒကူးရပ်ကွက်ထဲတွင် မြန်မာနိုင်ငံသား ဗမာလူမျိုး ဇနီးမောင်နှံ နှစ်ဦး၏ နေအိမ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ ထိုဖမ်းဆီးရမိမှု၏ နောက်ကွယ်တွင် ကသည်းသူပုန်များနှင့် ဆက်စပ် ပတ်သက်မှုများ ရှိမည်ဟု ဦးမောင်မောင်လတ်က ဆိုသည်။

အဆိုးဝါးဆုံးက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တမူးမြို့လယ်ကောင်တွင် လူသတ်မှု တစ်ခုဖြစ်ခဲ့သည်။ တမူးမြို့ပေါ်တွင် နေထိုင်နေသည့် ကသည်းသူပုန်တစ်ဦးကို နေ့ခင်းကြောင်တောင်ပင် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်။ မည်သူက ပစ်ခတ်ခဲ့သည်ကို ယနေ့အထိ တရားခံ မပေါ်သေးသော်လည်း ဒေသခံတို့ အနေနှင့်မူ သိရှိကြပြီး ဖြစ်သည်။ ကသည်းသူပုန် အဖွဲ့များနှင့် ဆက်စပ်၍ မြန်မာနိုင်ငံသား ငါးဦးထက်မနည်း အသက် ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း ဦးမောင်မောင်လတ်က ဆိုသည်။

ထိုမျှမက အိန္ဒိယနိုင်ငံ မိုးရေးမြို့ဈေးနှင့် မြန်မာနိုင်ငံ တမူးမြို့ နန်းဖာလုံဈေးတွင် ကသည်းသူပုန်တို့၏ ဆက်ကြေး ကောက်ခံမှုများကြောင့် ပဋိပက္ခ ဖြစ်ရသည်မှာလည်း အကြိမ်ကြိမ်ပင်။

“နှစ်စဉ် ဗုံးပေါက်တာ၊ သတ်ဖြတ်တာ၊ ဆက်ကြေး ကောက်တာတွေ ဖြစ်နေတယ်။ ဒါတွေက နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး စတာတွေကို ထိခိုက်စေတယ်”ဟု ဦးမောင်မောင်လတ်က တမူးဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေများမှာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို ထိခိုက်နေကြောင်း သတိပေး ပြောဆိုသည်။

ယင်းသို့ ကသည်းသူပုန်တို့၏ ဆက်ကြေး ကောက်မှု၊ နယ်စပ်ဒေသ မတည်ငြိမ်အောင် လုပ်ဆောင်မှုတို့ကြောင့် အိန္ဒိယကုန်သည်တို့မှာ မြန်မာဘက် (နန်းဖာလုံဈေး) သို့ မလာရောက်ရဲခြင်း၊ မြန်မာကုန်သည်တို့ကလည်း တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် အဆင်မပြေခြင်းတို့ ဖြစ်ပေါ်ခဲ့ရသည်။

တမူးဒေသတွင် နှစ်ရှည်လများ နေထိုင်သည့် ကုန်သည်အချို့ဆိုလျှင်လည်း အိမ်၊ ခြံ၊ မြေတို့ကို ရောင်းချကာ မုံရွာ၊ မန္တလေး စသည့်ဒေသများသို့ ပြောင်းရွှေ့ နေထိုင်နေကြရမှုများလည်း ရှိလာသည်။

နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေကြသည့် လက်နက်ကိုင် သောင်းကျန်းသူ အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလျှင် အဓိက ကုန်သွယ်လမ်းမကြီး ဖြစ်သည့် မိုးရေး-အင်ဖာလမ်းကို ပိတ်ထားလေ့ရှိပြီး ယင်းအခြေအနေများတွင် နှစ်နိုင်ငံ ကုန်သည်များအတွက် အခက်အခဲ ဖြစ်ပေါ်စေခဲ့သလို ဒေသခံတို့၏ စားဝတ်နေရေးကိုလည်း ထိခိုက်မှု ဖြစ်စေခဲ့သည်။

ဦးမောင်မောင်လတ်၏ မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဖြေဆိုခဲ့သည်။ ယင်းဖြေဆိုမှုတွင် တမူးဒေသတွင် ဖြစ်ပေါ်နေသည့် ပေါက်ကွဲမှုများမှာ လက်လုပ်သံမိုင်းများကြောင့်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်တွင် ဖြစ်လေ့ဖြစ်ထရှိသည့် အနေအထားဟု ဆိုသည်။

တပ်မတော်အနေနှင့် ၂၀ဝ၈ ခုနှစ်မှ ယနေ့အထိ လက်နက်ကိုင် ဝင်ရောက်မှု ၂၉ ကြိမ်ကို ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး နှစ်နိုင်ငံ တပ်မတော် အချင်းချင်း၊ လုံခြုံရေးအဖွဲ့ အချင်းချင်း သတင်းဖလှယ်မှုဖြင့် လုံခြုံရေး အပြည့်အဝ ဆောင်ရွက်နေသည်ဟု ပြောသည်။

“တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် တရားဥပဒေ စိုးမိုးရေး တာဝန်များ ရှိသည်မှာ မှန်ပါသော်လည်း ၁၀၁၆ မိုင်ရှည်လျားသည့် နယ်စပ်တစ်လျှောက် လုံခြုံရေး ဆောင်ရွက်ရမှုအတွက် ယခုကဲ့သို့ မြို့ရွာလုံခြုံရေး ထိခိုက်စေမည့် သတင်း အချက်အလက်များ ရရှိပါက ဒေသခံပြည်သူများမှ တပ်မတော်နှင့် မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့သို့ အချိန်မီ သတင်းပေးခြင်းဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရေးမှာလည်း လိုအပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်”ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုသည်။

ဒေသခံများ အနေနှင့်မူ ယခင်ကတည်းက ထိုသို့ သတင်းပေးမှုများကို ဆောင်ရွက်ခဲ့သော်လည်း ထူးမခြားနားပင် ဖြစ်ခဲ့သည်။

“ကသည်းသူပုန် ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဦးစလုံး ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင့်ဝေနဲ့ ကျွန်တော် ဆွေးနွေးခဲ့ဖူးပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့မှာ လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ကျွန်တော့်ကို ပြောပါတယ်”ဟု အောက်ခြေအဆင့် တာဝန်ရှိသူများ အနေနှင့် ထိုပြဿနာကို ဖြေရှင်းနိုင်စွမ်း မရှိကြောင်း ဦးမောင်မောင်လတ်က ဆိုသည်။

နှစ်နိုင်ငံ နယ်စပ်ကော်မတီ အစည်းအဝေးကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ရှိပြီး ထိုအစည်းအဝေးများတွင် နယ်စပ် ဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုများ၊ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် သောင်းကျန်းသူများ လျော့နည်းပပျောက်စေရေးနှင့် နယ်စပ်ဒေသ လုံခြုံရေး၊ ဖွံ့ဖြိုးရေး လုပ်ဆောင်မှုများကို ဆွေးနွေးလေ့ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုမျှမက တမူးခရိုင်နှင့် မိုးရေးခရိုင်တို့မှ နှစ်နိုင်ငံ အောက်ခြေအဆင့် လုံခြုံရေး အစည်းအဝေးများကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိပြီး တစ်လ တစ်ကြိမ် သတင်းဖလှယ်ခြင်းနှင့် လုံခြုံရေး ဆွေးနွေးပွဲများကို ပြုလုပ်သည်ဟု ဆိုသည်။

“နှစ်နိုင်ငံ နယ်နိမိတ်ချင်း ခွဲခြားထားသော်လည်း နယ်စပ်နေ ပြည်သူများအနေနှင့် အပြန်အလှန် သွားလာပြီးတော့ စီးပွားရေး ဆက်နွှယ်မှု၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများ တူညီမှု၊ စည်းရိုးခြားသော်လည်း လူမျိုးရေး ဆက်နွှယ်မှုများရှိတဲ့ တမူးအနေနှင့် ပြည်သူနှင့် သောင်းကျန်းသူအား ခွဲခြားရန် ခက်ခဲသောဒေသ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

ရန်သူနှင့်ပြည်သူ ခွဲခြား၍ နှစ်နိုင်ငံ အောက်ခြေအဆင့် ပူးပေါင်းပြီး သတင်းဖလှယ်ခြင်းမှအပ အခြားမည်သို့မှ လုပ်ဆောင်၍ မရသော ဒေသလည်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

တမူးခရိုင်အတွင်းရှိ နှစ်နိုင်ငံ နယ်မြေထိစပ်မှု အများစုသည် တောင်တန်းနှင့် တောတောင် ထူထပ်စွာ ပေါက်ရောက်ခြင်း၊ လူနေကြဲပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းတို့ကို အခွင့်ကောင်းယူ၍ အိန္ဒိယအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများ၏ နယ်မြေချဲ့ထွင် စိုးမိုးမှုအပေါ် တပ်မတော်မှလည်း နယ်မြေခံတပ်များဖြင့်သော်လည်းကောင်း၊ စစ်ဆင်ရေးတစ်ရပ်သို့သော်လည်းကောင်း လှုပ်ရှား၍ သတင်းရရှိမှုအပေါ် မူတည်ကာ စစ်ဆင်ရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်များကို ဆောင်ရွက်လျက်ရှိသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

“လုံခြုံရေးကတော့ အရင်ကထက် ပိုပေးထားတာတော့ ဟုတ်တယ်။ ရဲကော၊ တပ်မတော်ကော လုပ်ပေးနေတာ ရှိတယ်။ ဒါပေမဲ့ အဲဒီကြားထဲကကို ဖြစ်နေတာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

ယခင်ကဆိုလျှင် တမူး-ကဘော်ဒေသတွင် ကသည်းဟူသော စကားလုံးကိုပင် ပေါ်ပေါ်တင်တင် မပြောရဲခဲ့ကြ။ လက်ဖက်ရည်ဆိုင်အတွင်း ရှိနေသူများထဲတွင် ထိုသူများ ရှိ မရှိ ဆိုသည်ကို မည်သူမျှ မသိရှိနိုင်။ အိမ်နီးချင်းတို့တွင် မည်သူက ကသည်းနှင့် အဆက်အသွယ် ရှိသည်ဆိုသည်ကိုလည်း မသိရှိနိုင်သဖြင့် နေ့ပြော နောက်ကြည့်၊ ညပြော အောက်ကြည့်ဘဝများဖြစ်သည်။

နန်းဖာလုံဈေးတွင် အရောင်းအဝယ် ပြုနေသည့် ဒေသခံတစ်ဦးက “လွန်ခဲ့သည့် တစ်နှစ်လောက်အထိ ဈေးထဲမှာ ဆက်ကြေး ကောက်တာတွေ ရှိခဲ့တယ်။ အခု နောက်ပိုင်းတော့ မရှိတော့ဘူး။ ဒါပေမဲ့ မကြာခဏ ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်။ သူတို့လုပ်တာ မဟုတ်ဘူး ဟုတ်တယ်ဆိုတာ မပြောနိုင်ပေမယ့် ကျွန်တော်တို့ဆီမှာက တစ်ခုခုဖြစ်ရင်ကသည်း တွေလက်ချက်ပဲလို့ ထင်မှတ်ထားကြတယ်”ဟု ပြောသည်။

မေးခွန်းမေးမြန်းသည့် ဦးမောင်မောင်လတ်သည် ယခင် တပ်မတော်အစိုးရ၊ ဦးသိန်းစိန်အစိုးရတို့ လက်ထက်တွင် နှစ်နိုင်ငံ နယ်စပ် အစည်းအဝေး ပြုလုပ်တိုင်း စကားပြန်အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည့်အတွက် နှစ်နိုင်ငံ နယ်စပ် အခြေအနေကို အတွင်းကျကျ သိရှိထားသူလည်း ဖြစ်ပြီး တမူးဒေသအတွက် လိုအပ်နေသည့် မေးခွန်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယခုမူ လွှတ်တော်အတွင်းထဲထိကသည်း သူပုန်များ၏ အန္တရာယ်ကို တင်ပြနိုင်ခဲ့ပြီ။ ယင်းတင်ပြချက်သည် တမူးဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး သာမက နှစ်နိုင်ငံ ဆက်ဆံရေး၏ အနာဂတ်ကိုပါ တိုက်ရိုက် သက်ဆိုင်နေသည်။

“ဒီလို တင်ပြလိုက်လို့ ကျွန်တော့်မှာ အန္တရာယ် ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဒေသခံတို့ရဲ့ဆန္ဒ ဖြစ်ပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ နောက်တစ်ခုက ဒေသခံတို့ရဲ့ ဆန္ဒဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေးအတွက်လည်း အရေးပါပါတယ်။ အဲဒီအတွက် အန္တရာယ် တစ်စုံတစ်ခု ကျရောက်လာရင်လည်း ကျွန်တော် ရဲရဲတင်းတင်းပဲ ခံယူဖို့ အသင့်ပါပဲ”ဟု ဦးမောင်မောင်လတ်က သူ့မေးခွန်း၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်မှုများအကြောင်း ပြောပြသည်။

မိမိသည်လည်း ပြည်သူတစ်ယောက် ဖြစ်သည့်အတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ကာကွယ်မှု ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လွှတ်တော်အတွင်း ဖြေကြားပေးခဲ့မှုကို ကျေနပ်မှု မရှိသဖြင့် ယင်းကသည်းသူပုန်ကိစ္စကို သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် စသည်တို့ထံ တင်ပြသွားဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
သူ့မေးခွန်း၏ လိုရင်းအချုပ်ကို ဦးမောင်မောင်လတ်က ယခုကဲ့သို့ ပြောသည်။

“ဒီမေးခွန်းအတွက် ပြင်ဆင်ခဲ့ရပါတယ်။ သက်ဆိုင်ရာအနေနဲ့ ဖြေရှင်းဖို့ ခက်ခဲမယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ဒီအတိုင်းပဲထားရင် နောက်ပိုင်းကျရင် နိုင်ငံသားဖြစ်မှု ကိစ္စတွေလိုမျိုးတွေ ရှိလာနိုင်ပါတယ်။ အဲဒီအခါကျရင် ပိုခက်ခဲသွားလိမ့်မယ်”

မြတ်(ကလေး)