News

POST TYPE

NEWS

လူနာစောင့်သုံးဦးက ဆရာဝန်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု တရားဥပဒေအတိုင်း ဆောင်ရွက်မည်
30-Jun-2017 tagged as ဆရာဝန်

ရန်ကုန်၊ ဇွန် ၃၀

ဖြူးမြို့ပြည်သူ့ဆေးရုံ၏ အရေးပေါ်ဌာနတွင် တာဝန်ကျနေသည့် လက်ထောက်ဆရာဝန်ကို ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီ  ၁၅ မိနစ်ခန့်က လူနာနှင့်အတူ လိုက်ပါလာသူ သုံးဦးက ကိုယ်ထိလက်ရောက်  ကျူးလွန်မှုကို တရားဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးအောင်က ပြောကြားသည်။

ဇွန်လ ၂၇ ရက်နေ့က အဖျားတက်၍ အရေးပေါ်အခြေအနေ ဖြစ်နေသည့် ကလေးတစ်ဦးနှင့် သွေးလွန်တုပ်ကွေး ဖြစ်နေသည့် ကလေးနှစ်ဦးကို အရေးပေါ်ကြည့်ပေးသည့် လက်ထောက်ဆရာဝန်ကို မျက်ခုံးတွင် တစ်လက်မခန့် ကွဲလာသည့် လူနာအမျိုးသမီးကို အမြန်ကြည့်မပေးသဖြင့် လူနာနှင့် အတူပါလာသည့် အမျိုးသားသုံးဦးက ကိုယ်ထိလက်ရောက် ထိုးကြိတ်မှု ကျူးလွန်ခဲ့ကြောင်း ဖြူးပြည်သူ့ဆေးရုံထံမှ စုံစမ်းသိရှိရသည်။
“ဆရာဝန်တွေ စော်ကားခံရတာများပြီ။ အမှန်အတိုင်း ဖြစ်စေချင်တယ်” ဟု ဒေါက်တာဌေးအောင်က ဆိုသည်။

ဆေးရုံ၏ လက်ထောက်ဆရာဝန်ကို လူနာနှင့် အတူပါလာသူ သုံးဦးက ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် ကျူးလွန်ခံရသူက တရားစွဲပြီး ဖြစ်သဖြင့် ဆေးရုံအနေနှင့် တရားစွဲ၍ မရတော့သဖြင့် လိုအပ်သည်များကိုသာ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ပြဿနာဖြစ်သည့် ညက ညစောင့်တစ်ဦးနှင့် အမျိုးသားဝန်ထမ်းများသာ ဆေးရုံတွင်ရှိကြောင်း ဖြူးပြည်သူ့ဆေးရုံက ဆေးရုံအုပ် ဒေါက်တာကျော်မျိုးလှိုင်က ပြောကြားသည်။

ကျူးလွန်ခံရမှုကြောင့် နောက်စေ့တွင် ထိုးမိသည့်ဒဏ်ရာ ငါးချက်၊ ညာဘက် တံတောင်ဆစ်တွင် ညိုမည်းစွဲနေခြင်း၊ မျက်နှာတွင် နှစ်ချက်ထိုးခံရခြင်း၊ လည်ပင်းမှ နားရွက်အောက်ထိ မေးရိုးနေရာတွင်  အစင်းကြောင်း ဖြစ်သွားခြင်းတို့ကို ခံစားခဲ့ကြောင်း ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသည့် လက်ထောက်ဆရာဝန် ဒေါက်တာဟိန်းပြည့်အောင်က ဆိုသည်။
“ဆေးရုံအုပ်က တရားမစွဲတာကြောင့် ကျွန်တော် တရားလိုလုပ်စွဲတာ” ဟု ဒေါက်တာဟိန်းပြည့်အောင်က ဆိုသည်။

ဆေးရုံများတွင် လုံခြုံရေး ထားရှိခြင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်သာ ကန်ထရိုက်စနစ်ဖြင့် ပြုလုပ်နိုင်သေးပြီး အခြားဆေးရုံများတွင် ညစောင့်ဝန်ထမ်းနှင့် အမျိုးသားဝန်ထမ်းများကသာ ဆေးရုံလုံခြုံရေး တာဝန်ယူနေရကြောင်း ကျန်းမာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။