POST TYPE

NEWS

တောင်ဥက္ကလာပ KBZ ဘဏ်တွင် တွေ့သည့် ငွေစက္ကူအတုများ ရဲစခန်းအပ်
30-Jun-2017 tagged as KBZ

ရန်ကုန်၊ ဇွန် ၂၉

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ သစ္စာလမ်းမပေါ်ရှိ KBZ ဘဏ်ခွဲတစ်ခုတွင် တွေ့ရှိခဲ့သည့် ငွေစက္ကူအတု နှစ်ရွက်ကို ဇွန်လ ၂၉ ရက် ညနေ ၄ နာရီခန့်က ယင်းမြို့မ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။

ယင်းငွေစက္ကူအတုများမှာ ဇွန်လ ၂၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ အမျိုးသမီးတစ်ဦးက ဘဏ်အကောင့်တွင် ငွေလာရောက်အပ်နှံသည့် ကျပ်တစ်သောင်းတန်၊ ငါးထောင်တန်၊ တစ်ထောင်ကျပ်တန် အပါအ၀င် စုစုပေါင်း ငွေကျပ် သိန်းတစ်ထောင်အတွင်းမှ ပါရှိလာသော ငွေကျပ် ငါးထောင်တန်အတုတစ်ရွက်၊ ဇွန်လ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က ဗဟန်းမြို့နယ်နေ အမျိုးသားတစ်ဦးမှ ဘဏ်အကောင့်တွင် လာရောက်အပ်နှံသည့် ငွေကျပ် ခြောက်သိန်းတစ်သောင်း ငါးထောင် အတွင်းမှ ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအတု တစ်ရွက်တို့ ဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ငွေအတုတွေက တစ်နေ့တစ်နေ့ကို တစ်ရွက်နှစ်ရွက်တော့ အမြဲလိုလို တွေ့တယ်၊ အရောင်၊ စက္ကူသားကွဲရင် သေချာမြင်ရပေမယ့် တစ်ခါတစ်ရံ နံပါတ်ကို သေချာတိုက်ကြည့်မှ သိရတာ၊ အရင်တုန်းကတော့ အပေါက်ဖောက်ပြီး စွန့်ပစ်ပေမယ့် အခုကျတော့ တွေ့တာနဲ့ သက်ဆိုင်ရာကို အပ်နှံရမယ်ဆိုပြီး ဗဟိုဘဏ်ကနေ ညွန်ကြားထားတယ်” ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယခုတွေ့ရှိသည့် ငွေစက္ကူအတုများနှင့် ပတ်သက်၍ ယင်း KBZ ဘဏ်မှ လက်ထောက်မန်နေဂျာ (ငွေကြေး) ဌာနမှ အသက် ၃၄ နှစ်အရွယ် ဦးသီဟလင်းက အပ်နှံခဲ့ရာ တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ဒုရဲအုပ်သက်ပိုင်ဦးက သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် လက်မှတ်ရေးထိုး လက်ခံထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။               

J 16