POST TYPE

NEWS

ဖြူးဆေးရုံမှ လက်ထောက်ဆရာဝန်ကို လူနာရှင်နှစ်ဦး လက်သီးနှင့်ထိုး
29-Jun-2017 tagged as ဆရာဝန်

တောင်ငူ၊ ဇွန်၂၈

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဇွန်လ ၂၇ ရက် ည ၈ နာရီခွဲခန့်က တာဝန်ကျ လက်ထောက်ဆရာဝန်ကို လူနာရှင်နှစ်ဦးက ၎င်းတို့၏ လူနာကို အရင်မကြည့်ပေးဟုဆိုကာ လက်သီးနှင့် ထိုးကြိတ်ခဲ့ကြောင်း  ဖြူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရသည်။ 

“ဆရာဝန်က ရှေ့မှာ လူနာကြည့်နေလို့ သူတို့လူနာကို မကြည့်သေးတာကို အမြန်မကုရကောင်းလား ဆိုပြီး လူနာရဲ့ သားနှစ်ယောက်က ဆဲဆိုထိုးကြိတ်ခဲ့တာ၊ သူတို့နှစ်ဦးကို ညတွင်းချင်းပဲ ဖမ်းဆီးထားပါတယ်” ဟု ဖြူးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်လူနာဌာန တာဝန်ကျ လက်ထောက် ဆရာဝန် ဒေါက်တာဟိန်းပြည့်အောင် (၂၉ နှစ်) က သွေးလွန်တုပ်ကွေးရောဂါဖြင့် သတိလစ်နေသော ကလေးကို ကုသနေစဉ် ဖြူးမြို့နယ်နေသူ ဒေါ်ချယ်ရီနွဲ့မှာ မျက်ခုံးပေါက်ပြဲဒဏ်ရာများဖြင့် ရောက်ရှိလာကြောင်း၊ ယင်းနောက် ၎င်း၏သားများ ဖြစ်သော ဦးရဲအောင် (၃၇ နှစ်) နှင့်  ဦးမောင်မောင်တာတို့က လက်ကိုင်ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်မည်၊ တိုင်ကြားမည်တို့ကို ပြောဆိုခဲ့ကြောင်း၊ ယင်းအပြင် ၎င်းတို့က ဓားပါကြောင်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုရုံ သာမက  လက်သီးဖြင့် ဝိုင်းထိုးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

ဖြူးဆေးရုံ တာဝန်ကျဆရာဝန်ကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခဲ့သော  အမျိုးသားနှစ်ဦးကို  ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ၂၉၄၊ ၅၀၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။  

R-15