News

POST TYPE

NEWS

စက်မှုဇုန်များ တည်ထောင်ရန် တိုင်းနှင့် ပြည်နယ်အစိုးရများထံမှ မြေနေရာရရှိ
28-Jun-2017

ရန်ကုန်၊ ဇွန် ၂၇

စီးပွားရေး လုပ်ငန်းရှင်များက ကိုယ်ထူကိုယ်ထ စက်မှုဇုန်များ တည်ထောင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများထံမှ မြေနေရာများ ရရှိပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“အခုက ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နဲ့ အသားကျအောင် စောင့်နေတာ။ နည်းဥပဒေလည်း ထွက်ပြီဆိုတော့ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမယ်။ မြေဧကကတော့ တစ်ခုတစ်ခုကို ရာချီပြီးပေးပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အခါ မြေလိုအပ်ချက်များ ရှိလာသည့်အတွက် စက်မှုဇုန်များ ထပ်မံတိုးချဲ့ရန် လိုအပ်ကြောင်း၊ စက်မှုဇုန်များ တိုးချဲ့ရာတွင် အစိုးရက ငွေလုံးငွေရင်း စိုက်ထုတ်ရမည်မဟုတ်ဘဲ ကိုယ်ထူကိုယ်ထ စက်မှုဇုန် ဖော်ဆောင်နိုင်မည့် စီးပွာရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဒဂုံ မလစ်ကျေးရွာနှင့် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် ကောင်းမြန်မာအောင်ကုမ္ပဏီက စက်မှုဇုန်သစ် နှစ်ခုကို တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ခွင့်ပြုမိန့် တင်ထားသည်။

စက်မှုဇုန်မြေများ တိုးချဲ့ ဖော်ဆောင်ခြင်းအပြင် လက်ရှိ လည်ပတ်နေသော စက်မှုဇုန်များရှိ လုပ်ငန်းမလုပ်သော မြေလွတ်များကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ ယင်းသို့ မြေလွတ်များ ရှိနေခြင်းကြောင့် စက်မှုဇုန်မြေများ ဈေးကြီးနေပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲ ဖြစ်နေကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်မြင့်က ပြောကြားသည်။

အခုလက်ရှိ ကောက်နေတဲ့ စာရင်းတွေအရ ဇုန်အသီးသီးမှာရှိတဲ့ မြေလွတ်တွေ ဧကထောင်နဲ့ချီရှိတယ်။ အရင်အစိုးရလက်ထက်ကတော့ လုပ်ငန်းမလုပ်တဲ့မြေတွေ သိမ်းမယ်လို့ပြောပြီး အလုပ်မဖြစ်ခဲ့ဘူး။ ဒီဘက်အစိုးရကလည်း ဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်သေးဘူး”ဟု ၎င်းကဆိုသည်။

J-13

  • VIA