News

POST TYPE

NEWS

တံငါသည်သား ဆရာဝန်လောင်း
24-Jun-2017 tagged as ဆရာဝန် ရခိုင်

ဆရာဝန်အိပ်မက် မက်နေသည့် မောင်သန်းဝေ နဝမတန်းအရောက်တွင် ကျောင်းထွက်ရမည့် ကိန်းဆိုက်သည်။

တံငါသည်အလုပ်ဖြင့် ဇနီးနှင့် သားသမီးခြောက်ဦးကို ကျွေးမွေးစောင့်ရှောက်နေသည့် ၎င်း၏ဖခင် အစာအိမ်ဝေဒနာကြောင့် ဝမ်းဗိုက်ခွဲစိတ်လိုက်ရသည်။ ဖခင်ဖြစ်သူ အလုပ်မလုပ်နိုင်တော့သဖြင့် ပညာထူးချွန်သော်လည်း ၎င်း၏ ပညာရေးခရီးလမ်းမှာ အဟန့်အတား ဖြစ်ခဲ့ ရသည်။ 

“တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ အဖေ အလုပ်မလုပ်နိုင်တော့ ကျောင်းဆက်မတက်နိုင်ဘူး။ ရည်မှန်းချက်တွေ ပျက်ပြီဆိုပြီး စိတ်ပျက်သွားတာပေါ့” ဟု မောင်သန်းဝေက ၎င်းင်းဘဝတွင်  အခက်အခဲဆုံး အချိန်ကာလကို ပြောဆိုသည်။ ကျောင်းဆက်မတက်နိုင်လျှင် လယ်လုပ်ငန်း သို့မဟုတ် တံငါလုပ်ငန်းကို လုပ်ကိုင်ရတော့မည် ဖြစ်သည်။

သို့သော်လည်း သူ ကံကောင်းခဲ့သည်။ ကယ်တင်မည့်သူတစ်ဦး ပေါ်လာခဲ့သည်။ 

မောင်သန်းဝေသည် မြောက်ဦးမြို့မှ စက်တပ်လှေဖြင့် သုံးနာရီခန့် မောင်းနှင်၍ သွားရသည့် ရဲဖျားကျေးရွာသား ဖြစ်သည်။ အလယ်တန်းအထိ ရွာကျောင်းတွင် တက်ခွင့်ရပြီး အဋ္ဌမတန်းမှာ အစိုးရစစ် ဖြစ်သဖြင့် ယင်းရွာအနီးက ပျားတဲကျေးရွာ စာစစ်ဌာနတွင် ဖြေဆိုရသည်။ ယင်းစာမေးပွဲတွင် သူ ပထမဆု ဆွတ်ခူးခဲ့သည်။ 

ပညာထူးချွန်သည့် မောင်သန်းဝေကို ပျားတွဲ တွဲဖက်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက ကျောင်းမထွက်စေလိုပေ။ ထို့ကြောင့် ကျောင်းဆက်တက်ရန် တိုက်တွန်းပြီး  ဆရာမကြီးကလည်း ကူညီပံ့ပိုးပေးခဲ့သည်။

ပညာသင်စရိတ် မယူသည့်အပြင် မောင်သန်းဝေကို နေထိုင်ရေး၊ စားရေးသောက်ရေးအတွက် ပျားတဲကျေးရွာသားများထံ အကူအညီ တောင်းခံပေးသဖြင့်  နေစရိတ်၊ စားစရိတ်ပါငြိမ်းဖြင့် နဝမတန်း သင်ကြားခွင့်ရခဲ့သည်။ 
“ပျားတဲရွာသားတွေကပဲ ကျွန်တော့်ကို ထမင်းကျွေးထားတယ်” ဟု မောင်သန်းဝေက ပြောဆိုသည်။

ကျောင်းပြောင်းတော့မည့် ဆရာမကြီး ဒေါ်သန်းသန်းအေးသည် မောင်သန်းဝေနှင့် ပတ်သက်၍ သောကရှိနေခဲ့သည်။ ပျားတဲကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဆက်တက်လျှင် ထွန်းထွန်းပေါက်ပေါက် မဖြစ်နိုင်သဖြင့် နည်းလမ်းရှာခဲ့သည်။ ကံကောင်းသည်ဟု ထပ်ဆိုရပြန်မည်။  ကယ်တင်ရှင် ထပ်တွေ့ပြန်သည်။ 

ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူ စစ်တွေမြို့ခံ လူငယ်စာရေးဆရာ ဝေဟင်အောင် (အမည်ရင်း အောင်ကျော်ဝင်း) ပျားတဲကျေးရွာသို့  စာပေဟောပြောရန် ရောက်ချလာသည်။ နည်းလမ်းရှာနေသည့် ကျောင်းအုပ်ကြီးက စာရေးဆရာ ဝေဟင်အောင်ထံ အကူအညီတောင်းခံခဲ့သည်။ 

မောင်သန်းဝေကို စစ်တွေမြို့သို့  ခေါ်ဆောင်၍ ပညာဆက်လက်သင်ကြားခွင့်ရအောင် စီစဉ်ပေးရန် ဖြစ်သည်။ 

“မိဘ အရမ်းဆင်းရဲတယ်။ ကိုးတန်းတောင် မသင်နိုင်လို့ ခေါ်သင်ပေးထားရတယ်။ ဆယ်တန်းဆိုရင် ပိုအခက်အခဲဖြစ်မယ်။ ကလေးက လိမ္မာတယ်။ ကြိုးစားချင်စိတ်လည်း ရှိတယ်။ စစ်တွေကို ယူပြီးတော့  စာသင်ပေးပါဆိုပြီး အကူအညီတောင်းတယ်” ဟု ဝေဟင်အောင်က ပြန်ပြောင်းပြောဆိုသည်။

ပရဟိတသမားဖြစ်သည့် ၎င်းအတွက်လည်း ငြင်းရန်ခက်နေခဲ့သည်။ 
“နဂိုကပင်လည်း ပရဟိတ လုပ်နေတယ်။ ဆရာမကြီးကိုလည်း အားနာတဲ့အတွက် တော်တာမတော်တာ မသိဘဲ ခေါ်လာလိုက်တယ်” ဟု ဝေဟင်အောင်က ပြောကြားသည်။ 

ယင်းနောက် ဆွေမျိုးတော်စပ်သူနှင့် ရင်းနှီးသည့် မိတ်ဆွေများ စုပေါင်းတည်ထောင်ထားသည့် စစ်တွေမြို့မှ မဟာပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်းကို အကူအညီ တောင်းခဲ့ရကြောင်း၊ ယင်းကျောင်းက ပညာသင်စရိတ်နှင့် နေထိုင်စရိတ်ကို ဒါနပြုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောင်းစရိတ်၊ နေစရိတ် ငြိမ်းရုံဖြင့် အပူက မငြိမ်းသေး။ စားစရိတ် အလှူရှင် ထပ်ရှာရပြန်သည်။ ပရဟိတလူငယ်များ (စစ်တွေ) အဖွဲ့ကို အကူအညီတောင်းရာ အကူအညီရကြောင်း ဝေဟင်အောင်က  ဆိုသည်။

အခြားလိုအပ်သည့် အသုံးစရိတ်များကို ထောက်ပံ့ကာ သားတစ်ဦးသဖွယ် စောင့်ရှောက်ပေးမည့်သူလည်း ရခဲ့ပြီး ၎င်းမှာမူ ခရီးအသွားများသဖြင့် အသုံးစရိတ် အနည်းငယ်နှင့် အဝတ်အထည်အချို့ကိုသာ ထောက်ပံ့နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ကြိုးစားမှုနှင့် ကံတရား ပေါင်းစပ်မိသောအခါ အကျိုးရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ 

ဆင်းရဲနွမ်းပါးမှုကြောင့် ပညာသင်ကြားရန် ရုန်းကန်ခဲ့ရသည့် မောင်သန်းဝေ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သိပ္ပံတွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ 
“ဆင်းရဲတဲ့ဘဝက လာပေမယ့် သူ့ဘဝက အခုတော့ ဖြောင့်ဖြူးနေပါပြီ” ဟု ဝေဟင်အောင်က မှတ်ချက်ပေးသည်။ 

ယင်းသို့ ထူးချွန်အောင်မြင်ရန် တစ်ရက်လျှင် လေးနာရီခန့်သာ အိပ်စက်အနားယူခဲ့ပြီး စာကြိုးစားခဲ့ကြောင်း မောင်သန်းဝေက ဆိုသည်။

မောင်သန်းဝေက ရုန်းကန်ခဲ့ရသည် ဆိုသော်လည်း ၎င်းထက် ကံဆိုးခဲ့သူများလည်း ရှိသည်။ 

မူလတန်း၊ အလယ်တန်းတွင် သင်ရိုးစာအုပ်များ မဝယ်နိုင်သဖြင့် ကျောင်းသားဟောင်းများထံမှ စာအုပ်တောင်းယူခဲ့ရပြီး ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ကျေးရွာတွင် တာဝန်ကျသည့် ဆရာ၊ ဆရာမများက ကူညီကြကြောင်း မောင်သန်းဝေက ပြောဆိုသည်။

မောင်သန်းဝေသည် မိသားစုတွင် စတုတ္ထမြောက်သား ဖြစ်သည်။ ၎င်း၏  အစ်မသုံးဦးမှာ ၎င်းထက် ပညာရေး ကံဆိုးသူများ ဖြစ်သည်။ အမြင့်ဆုံး တတိယတန်းအထိသာ တက်ခွင့်ရခဲ့ကြသည်။ 

ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးသည့် မိသားစုများ အမျိုးသမီးများကို စာရေးတတ် ဖတ်တတ်သည်အထိ သင်ကြားပေးကြသည်။ ပညာရေးတွင် အမျိုးသားများကိုသာ ဦးစားပေးကြလေ့ ရှိသည်။ မောင်သန်းဝေ၏ အစ်မသုံးဦးမှာလည်း ယင်းသဘောအတိုင်း ဖြစ်ခဲ့သည်။

“အချိန်တန်ရင် လင်ရသွားမှာပဲဆိုပြီး ကျောင်းဆက်မထားဘူး” ဟု ၎င်းက ပြောဆိုသည်။

၎င်း၏ ညီနှင့် ညီမဖြစ်သူတို့မှာ လက်ရှိတွင် ပညာသင်ကြားခွင့် ရနေကြပြီး ၎င်းတို့ကိုလည်း ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရစေလိုကြောင်း ၎င်းက ဆိုသည်။

မောင်သန်းဝေတွင် ငယ်စဉ်ကပင် မက်ခဲ့သည့် အိပ်မက်တစ်ခု ရှိသည်။ ဆရာဝန် အိပ်မက်ပင် ဖြစ်သည်။

ငယ်စဉ်ကပင် ဆရာဝန် ဖြစ်လိုသော်လည်း မိဘ ငွေကြေးမတတ်နိုင်သဖြင့် ဆယ်တန်းအထိပင် တက်နိုင်မည်ဟု မထင်ခဲ့ကြောင်း မောင်သန်းဝေက ပြောဆိုသည်။ နှစ်စဉ်ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ဂုဏ်ပြုထုတ်ဝေသည့် ရခိုင်ပြည်နယ် ပညာရေးပြက္ခဒိန်တွင် ဖော်ပြခံရသူများကို ကြည့်၍ အားကျခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။ 
“ကျွန်တော်က ဆရာဝန် ဖြစ်ချင်တယ်။ ခွဲစိတ်ကို စိတ်ဝင်စားတယ်” ဟု ၎င်းက ပြောဆိုသည်။

ပညာရေးရှေ့ခရီးအတွက်လည်း အကူအညီ လိုသေးသည်။ 

မောင်သန်းဝေ ပညာရေး ရှေ့ခရီး ဆက်နိုင်ရန် ကူညီလိုသူအချို့ ကမ်းလှမ်းထားသော်လည်း အနှောင်အဖွဲ့ကင်းသည့်  အလှူရှင်များကို လိုက်ရှာနေပြီး ၎င်း၏ ပညာရေးဆုံးခန်းတိုင် ထောက်ပံ့မည်ဟု လတ်တလောတွင် သံဃာတော်တစ်ပါးက နှုတ်ကတိပေးထားကြောင်း ဝေဟင်အောင်က ပြောဆိုသည်။
“အနှောင်အဖွဲ့မကင်းရင် ဖြစ်တန်သလောက် မဖြစ်တာရှိတဲ့အတွက် အနှောင်အဖွဲ့ကင်းတဲ့ အလှူမျိုးကို ချိတ်ဆက်နေတယ်” ဟု ၎င်းက ဆိုသည်။

မောင်သန်းဝေ အောင်မြင်မှုကို အားရကျေနပ်သဖြင့် ယခုပညာသင်နှစ်တွင်လည်း ဆင်းရဲနွမ်းပါး ပညာသင်လိုသူများကို ထပ်မံထောက်ပံ့ရန် ဇာမရီပညာရေး ဖောင်ဒေးရှင်းကို ၎င်းက ဦးဆောင်၍ စိတ်ပါဝင်စားသူများနှင့် တည်ထောင်လိုက်ကြောင်း ဝေဟင်အောင်က ပြောဆိုသည်။

ယခုနှစ်တွင် ၁၀ ဦးခန့်ကို မောင်သန်းဝေကဲ့သို့ ထောက်ပံ့ကူညီမည် ဖြစ်ပြီး လာမည့်နှစ်များတွင် နဝမတန်းကို တိုးချဲ့မည်ဖြစ်ကာ ကျောင်းသားဦးရေကိုလည်း တိုးမြှင့်ကူညီရန် စီစဉ်ထားကြောင်း၊ ယင်းဖောင်ဒေးရှင်းကို ရေရှည်လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။ 

လူမျိုးတစ်မျိုးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံလိုလျှင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံရမည်ဟု ခံယူထားကြောင်း ၎င်းက ဆိုသည်။
“ပညာတော်ပေမယ့် မိဘက ဆင်းရဲလို့ ကိုးတန်း၊ ဆယ်တန်း စာမသင်ရဘဲ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုး လုပ်နေကြတယ်။ အဲဒီလိုမျိုး ရခိုင်မှာ အများကြီးရှိတယ်” ဟု ဝေဟင်အောင်က  ပြောဆိုသည်။ 

မောင်သန်းဝေ ဆရာဝန် ဖြစ်လိုသည့် အကြောင်းအရင်းက မည်သို့နည်း။

မြို့နှင့် အလှမ်းဝေးသည့်အပြင် ကျေးလက်ဒေသများတွင် ကျန်းမာရေးဌာနများလည်း မရှိ၊ ငွေကြေးလည်း မတတ်နိုင်၍ မြို့ပေါ်သို့ သွားရောက်ဆေးမကုသနိုင်သဖြင့် မသေသင့်ဘဲ သေသွားသည်များကို ကြုံဖူးကြောင်း၊ ယင်းကဲ့သို့ ဒေသများတွင် အကူအညီပေးလို၍ ဆရာဝန် ဖြစ်လိုကြောင်း မောင်သန်းဝေက ပြောဆိုသည်။

မိမိရပ်ရွာ၊ မြို့နယ်၊ ရခိုင်ပြည်နယ်ကို အကျိုးပြုနိုင်သည့် ဆရာဝန်ကောင်း ဖြစ်လိုကြောင်း၊ ပညာရေး ထူးချွန်သော်လည်း ဆင်းရဲနွမ်းပါးသဖြင့် ပညာသင်ရန် အခက်အခဲ ရှိသူများကိုလည်း အနာဂတ်တွင်  တတ်နိုင်သလောက် ကူညီရန် ရည်မှန်းထားကြောင်း ၎င်းက ဖွင့်ဟသည်။

လက်ရှိတွင် စစ်တွေ၌ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ သင်တန်းများကို တက်ရောက်နေကြောင်း ၎င်းက ဆိုသည်။

ရမှတ် ၅၀၃ မှတ်ရသဖြင့် ၎င်းအိပ်မက်မက်နေသည့် ဆရာဝန်လောင်းအိပ်မက်ကို  ဆက်မက်နိုင်သေးသည်။ သို့သော်လည်း ဆရာဝန်လောင်းဦးရေ အကန့်အသတ်ရှိသဖြင့် ဆေးတက္ကသိုလ်တက်ခွင့် အရွေးမခံရလျှင် ပညာရေးတက္ကသိုလ် တက်မည်ဟု မောင်သန်းဝေက ပြောဆိုသည်။ 

ယင်းသို့ တက်ပြီးပါက ပညာရေးနိမ့်ပါးသည့် ကျေးလက်ဒေသများတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်လိုပြီး အနာဂတ်တွင် ပညာရေးဌာန၏ အကြီးအကဲဖြစ်အောင် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။

တံငါသည်သား ဖြစ်သော်လည်း ဘာသာစုံ ဂုဏ်ထူးရှင် ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့သူ၊ ဆရာဝန်အိပ်မက်ကို လက်တွေ့အကောင်အထည်ရန် ကြိုးပမ်းနေသည့် မောင်သန်းဝေက အနာဂတ်  ရည်မှန်းချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောဆိုလိုက်သည်။
“ကျေးလက်တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်အဖြစ်နဲ့ နေချင်တယ်။ အဲဒီဒေသက လူတွေက ကျန်းမာရေးမကောင်းရင် မြို့သွားပြီး ဆေးကုဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး” 

အောင်မြင့်ထွန်း  

ABOUT AUTHOR

(အောင်မြင့်ထွန်း)