News

POST TYPE

NEWS

တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းဆီးရှာဖွေမှု ရပ်ဆိုင်း
23-Jun-2017
ရန်ကုန်၊ ဇွန် ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံရန် နောက်ကွယ်မှ စေခိုင်းသူ တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးရှာဖွေမှုကို ရပ်ဆိုင်းလိုက်ကြောင်း  တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။

ယင်းကို ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၂၃ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
“နစ်နာသူဘက်က တော်တော်စိတ်မချမ်းမသာ ဖြစ်တယ်။ တရားခံပြေးအမှုကို စစ်ဖို့ ရပ်ဆိုင်းလိုက်ပြီ။ တရားခံပြေး ကြေညာလိုက်ပြီ” တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။

ထိုနေ့က စစ်ဆေးသည့် အဆိုပါအမှု ဆယ့်သုံးကြိမ်မြောက် တရားချိန်းတွင် ကြည်လင်း၊ အောင်ဝင်းခိုင်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို ရုံးထုတ်ပြီး တရားခံပြေးအမှု အောင်ဝင်းခိုင် ဖမ်းဆီးရှာဖွေရေး မေးမြန်းရာတွင် ရဲမှူးကြီး တင်မောင်ဆွေက ဖမ်းဝရမ်းအတိုင်း ရှာဖွေဆောင်ရွက်ကြောင်းနှင့် နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားထားကြောင်းသာ ထွက်ဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ထွက်ဆိုချက် သက်သေခံချက်ပေးဖို့ ပြောတာ သူတို့ ဆောင်ရွက်ချက်တွေ အားလုံး ဘယ်လိုဆောင်ရွက်မလဲ ပြောတာ။ တရားရုံးကို တင်ပြဖို့ ပြောတာ။ သူတို့ ဆောင်ရွက်တယ် မဆောင်ရွက်ဘူး ပြောတာ မဟုတ်ဘူး။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး တရားရုံးကို တင်ပြဖို့ တာဝန်ရှိတယ်။ တရားရုံးက ဒါကိုလည်းပဲ မေးမြန်းဖို့ တာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကြောင့် တရားခံပြေးအမှုကို ရပ်ဆိုင်းလိုက်သည့်အတွက် လာမည့် ရုံးချိန်း ဇွန်လ ၃၀ ရက်နေ့၌ မြောက်ပိုင်းခရိုင် တရားရုံး (အင်းစိန်) တွင် ကျန်ရှိနေသည့် အမှုကြီးများကို စတင်စစ်ဆေးမည် ဖြစ်သည်။

စွပ်စွဲခံရသူများထဲမှ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို လူသတ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ ပြစ်မှုမြောက်ရန် အကြံတစ်ခုကို ပူးပေါင်းကြံစည်ခြင်း ရာဇသတ်ကြီးပုဒ်မ ၃၄၊ ပြစ်မှုကျူးလွန်ကြောင်းသိလျက်နှင့် လက်ခံထားသူ ရာဇသတ်ကြီးပုဒ်မ ၂၁၂၊ လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ)  တို့ဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးရေး ဆောင်ရွက်မှုတွင် မှုခင်းတပ်ဖွဲ့များ၏ ဆောင်ရွက်မှုများက ပြည့်စုံလုံလောက်မှု မရှိသဖြင့် လက်ရှိလုပ်ကိုင်နေသည့် နေပြည်တော် မှုခင်းတပ်ဖွဲ့စုမှူးရုံးနှင့် မှုခင်းတပ်ဖွဲ့စိတ်များမှ လူဖမ်းဝရမ်း ဆောင်ရွက်မှုများကို ပြည့်စုံစွာ တင်ပြစေပြီး အမှုကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် မေလ ၁၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။

တရားခံ အောင်ဝင်းခိုင်သည် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံရန် ငွေကျပ်သိန်း ၁၀ဝ၀ ဖြင့် စေခိုင်းသူဖြစ်ပြီး တပ်မတော် ဒုတိယဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ လလယ်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။