News

POST TYPE

NEWS

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း
လာမည့် ခရစ်နှစ် ၂၀၅၀ တွင် ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနိုင်ခြင်းကြောင့် ရေဖုံးလွှမ်းခံရနိုင်သည့် မြို့ကြီး ၂၀ နှင့် ဒုတိယအဆင့် အရန် ၇ မြို့စာရင်းတွင် ရန်ကုန်မြို့ ပါဝင်နေမှု အခြေအနေနှင့် ပတ်သက်၍ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ခန့်မှန်းချက်တွေအရဆိုရင် ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်က ဘယ်လောက်အထိ မြင့်တက်နိုင်လဲ ဆရာ။

Dr.TL : ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်က ခရစ်နှစ် ၂၀၅၀ မှာ ၆ မီတာ (ပေ ၂၀) တက်မယ်လို့ ခန့်မှန်းထားတယ်။

Voice : ဘာကြောင့် ဒီလိုမြင့်တက်နိုင်တာလဲ။ ဖြစ်နိုင်တဲ့ အခြေအနေလေးတွေ သုံးသပ်ပေးပါဦး ဆရာ။

Dr.TL : အကြောင်းအရင်းသုံးခု ရှိတယ်။ နံပါတ်တစ်ကတော့ Global Warming ပေါ့။ ကမ္ဘာကြီး ပူနွေးလာတာပေါ့၊ အပူရဲ့သဘာဝအရ အပူချိန်မြင့်တက်လာရင် ပွတက်လာတာပေါ့။ ရေကပူတော့ ပွတဲ့အတွက် သူက ထုထည်တိုးလာတယ်။ ထုထည်တိုးလာတော့ Sea Levelက မြင့်တက်လာတာပေါ့၊ အဲဒါက တစ်ခု။ နောက်တစ်ခုကတော့ ရေခဲတွေ အရည်ပျော်တာ။ ရေခဲတွေ အရည်ပျော်ပြီးတော့ ကျလာတဲ့အခါ အဲဒါတွေက ပင်လယ်ထဲ ဆင်းသွားတော့ ပင်လယ်ရေ မျက်နှာပြင်ကို မြင့်စေတာပေါ့။ နောက် အဓိကကျတဲ့ တစ်ခုက ကမ္ဘာမြေရဲ့မြေသား မခိုင်တာပေါ့။ မြေသားမခိုင်တော့ မြေကြီးတွေက ဆရာတို့ ထင်သလို ပုံသေမရှိဘူး။ တချို့နေရာတွေက မြေကြီးတွေ ကျွံကျနေတယ်။ အောက်ကို တဖြည်းဖြည်းနဲ့ နိမ့်ဆင်းနေတယ်။ အဲဒီတော့ အဲဒီလို နိမ့်ဆင်းတဲ့ နေရာတွေက ပိုဆိုးတာပေါ့။ ရေကတက်လာမယ်၊ မြေကနိမ့်ဆင်းတယ် ဆိုတော့ ရေမြုပ်တဲ့ အခြေအနေ ပိုကြီးတာပေါ့။ အဲဒီသုံးချက်ပါပဲ။ 

Voice : အဲဒီလို ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင် တက်လာတဲ့ အခါကျတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်ဒေသတွေက ပိုပြီးစိုးရိမ်ရလဲ။

Dr.TL : မြစ်ဝကျွန်းပေါ်ပဲ။ သူက ပေ ၂၀ နဲ့ တွက်လိုက်တော့ ပေ ၂၀ အောက် နိမ့်တဲ့နေရာ အဓိကကတော့ မြစ်ဝကျွန်းပေါ်ပဲ။ ကမ်းရိုးတန်းတိုင်းတော့ ရှိပေမယ့် ရခိုင်တို့ ဘာတို့ကျတော့ နေရာကျဉ်းကျဉ်းလေးပဲလေ။ မြစ်ဝကျွန်းပေါ်ကျတော့ ဟိုးအတွင်းထဲအထိ ပြောရမယ်ဆိုရင် ရန်ကုန်တို့ ဒလတို့ ဘာတို့ အကုန်ပါတယ်။ နောက်ပြီးတော့ မွန်ပြည်နယ်လည်း ပါတယ်။ ပေ ၂၀  တက်လာမယ်ဆိုရင် အကုန်လုံး မြုပ်တာတော့ မဟုတ်ဘူး။ ပေ ၂၀ အောက် နိမ့်တဲ့နေရာမှာ ဆိုရင် ရေတွေ ဝင်လာမှာပေါ့။ ရေမြုပ်တဲ့နေရာလည်း မြုပ်မှာပေါ့။ တစ်ဝက်တစ်ပျက်မြုပ်တဲ့ နေရာလည်း မြုပ်မှာပေါ့။ ပေ ၂၀ အောက် နိမ့်တယ်ဆိုရင် ပေ ၂၀ တက်လာရင် မြေပေါ် ရေတွေဝင်လာမယ်။ အပေါ်က အဆောက်အအုံက မြင့်တယ်ဆိုရင်တော့ အဆောက်အအုံတော့ ဘယ်မြုပ်မလဲ။

Voice : အဓိကအနေနဲ့ ဒီလိုဖြစ်လာနိုင်တဲ့အပေါ် ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုလဲ ဆရာ။

Dr.TL : နံပါတ်တစ်ကတော့ Knowledge (အသိပညာ)ပေါ့။ ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ သိမယ်။ သိရင် ဘာလုပ်မလဲ။ အခု စင်ကာပူတို့ ဘာတို့မှာ မြန်မာပြည်ကသဲတွေ ဝယ်ဖို့နေတာတွေက ဒီဟာတွေလည်း ပါမှာပေါ့။ မြေယာတိုးချဲ့တာတင် မဟုတ်ဘူး။ ရေတက်လာရင် ဒါ သူတို့အကာအကွယ်ရအောင် လုပ်တာ။ ဒီလိုပေါ့ သူများနိုင်ငံတွေ ဉာဏ်ကို လွှာသုံးနေတာပဲလေ။ ဒါကို အစိုးရအနေနဲ့ ဦးဆောင်ပြီးတော့ ဒါ ဘာလုပ်သင့်တယ် ဆိုတာ စဉ်းစားပေါ့။ ဒါကြားရင် အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေါ့။ ပြင်ဆင်ချိန် သိပ်မကျန်တော့ပါဘူး။

Voice : မြန်မာနိုင်ငံ အနေနဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို လာမည့် ကာလတွေမှာ ဘယ်လောက်အဆိုးရွားဆုံး ခံစားရနိုင်မလဲဆိုတာ သုံးသပ်ပေးပါဦး ဆရာ။

Dr.TL : ဒါကတော့ အခုအချိန်အထိ သိတဲ့အတိုင်း သာဂိတို့နိုင်ငံကတော့ ကမ္ဘာမှာ ဒုတိယ အဆိုးဆုံးပဲလေ။ အခုလည်း ဆိုးတာပဲ။ နောင်လည်း ဆိုးဦးမှာပဲ။ အခုလည်း လွှတ်တော်မှာ တက်နေပြီလေ။ အင်းလေးကန်ကြီး ဘာကြောင့်ပျက်လဲဆိုတာ စီမံခန့်ခွဲမှုတွေ ညံ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်လို့ အင်းလေးကန်ကြီး ပျက်ပါတယ်ဆိုတာ သတင်းတွေမှာ ပါနေပြီလေ။ အဲဒါတွေကို လေ့လာကြည့်လေ။ အဲဒီလို ဖွံ့ဖြိုးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းပြပြီး လုပ်တာတွေက နောက်ပိုင်းမှာ ဒုက္ခပေးတာတွေချည်းကြီးပဲ။ ဘာကြောင့်လဲဆိုရင် နည်းစနစ်မှ မရှိတာကိုး။ 
                        
ပြည့်ဖြိုးလင်း