News

POST TYPE

NEWS

တက္ကစီခရီးသည်များကို ခြိမ်းခြောက် လုယက်နေသည့်အဖွဲ့မှ နှစ်ဦး ဖမ်းမိ
19-Jun-2017 tagged as

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်မြို့အတွင်း အငှားယာဉ်တစ်စီးဖြင့် လှည့်လည်၍ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအား ခြိမ်းခြောက်ရိုက်နှက်ပြီး လက်ဝတ်ရွှေထည်၊ ငွေနှင့် လက်ကိုင်ဖုန်းများ လုယက်နေသည့်အဖွဲ့မှ အမျိုးသားနှစ်ဦးကို Junction 8 ကုန်တိုက်ရှိ အငှားယာဉ်ဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူနှစ်ဦးမှာ အငှားယာဉ်မောင်း ကျော်ဇင်ဦး(ခ) ဘိုဘိုနှင့် ၎င်း၏ ညီဖြစ်သူ ကျော်မင်းခန့်(ခ) အငယ်လေးတို့ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့က အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မင်္ဂလာတောင်ညွန့်မြို့နယ်သို့ လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးအား တာမွေမြို့နယ်ရှိ ဆွံ့အ နား မကြား ကျောင်းအနီးတွင် ထိုးကြိတ် ရိုက်နှက်ပြီး ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ ချွတ်ယူကာ ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းတို့ကို လုယူခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ သိရသည်။

“ခရီးသည်ကို ထိုးကြိတ်ပြီး ပစ္စည်းတွေလုတဲ့ ယာဉ်မောင်းကို ဖမ်းဆီးနိုင်ဖို့ အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှာ သွားစုံစမ်းခဲ့တယ်။ စုံစမ်းကြည့်တော့ သူတို့ကား လာမမောင်းတော့ဘူးဆိုတာကြောင့် မြို့နယ်အနှံ့ လိုက်စုံစမ်းခဲ့ရာက ကျိုက်ဝိုင်းဘုရားလမ်းက Junction 8 တက္ကစီဂိတ်မှာ သူတို့ကို ဖမ်းမိခဲ့တာပါ”ဟု ရဲအရာရှိက ပြောကြားသည်။

အဆိုပါ ဖမ်းမိသူနှစ်ဦးကို စစ်ဆေးခဲ့ရာ လုယက်မှုများ ကျူးလွန်ခဲ့ရာတွင် ငဝင်း၊ ဇာကြီး၊ ထင်ကြီး(ခ) ထင်လင်းခန့်တို့ပါဝင်ခဲ့ပြီး ယခုနှစ် မတ်လနှင့် မေလများအတွင်း သင်္ဃန်းကျွန်း၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ စမ်းချောင်း၊ ဗဟန်းနှင့် တာမွေမြို့နယ်များတွင် ညအချိန် အငှားယာဉ်ဖြင့် လှည့်လည်၍ ယာဉ်ငှားရမ်းစီးသည့် ခရီးသည်များထံမှ ရွှေထည်၊ လက်ကိုင်ဖုန်းနှင့် ငွေတို့အား လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

S-03

  • TAGS