News

POST TYPE

NEWS

တက္ကသိုလ်ဆရာများ ကိုယ်စားပြု ကော်မတီ ကဏ္ဍငါးရပ် လုပ်ဆောင်မည်
19-Jun-2017 tagged as တက္ကသိုလ်

ရန်ကုန်၊ ဇွန် ၁၉

အဆင့်မြင့်ပညာကဏ္ဍ တိုးတက်ရေး၊ ဆရာများ၏ ရပိုင်ခွင့်များ အပြည့်အဝ ရရှိရေး လွှတ်တော်၊ အစိုးရ၊ တက္ကသိုလ် ပါချုပ်များနှင့်ပူးပေါင်း၍ တက္ကသိုလ်ဆရာများ ကိုယ်စားပြု ကော်မတီက ကဏ္ဍငါးခု လုပ်ဆောင်မည် ဖြစ်သည်။

ယင်းကော်မတီကို ဇွန်လ ၁၆ ရက် မှစ၍ နှစ်ရက်ကြာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း စုံညီအစည်းအဝေးတွင် တက္ကသိုလ်၊ ကောလိပ် ၂၅ ကျောင်းမှ ဆရာများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

ဆရာများနှင့် လျော်ညီသည့် ရပိုင်ခွင့်၊ ခံစားခွင့်ကိစ္စများ၊ တာဝန်များ၊ ရာထူးတိုးနှင့် အပြောင်းအရွှေ့မူများ၊ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာများနှင့် သုတေသန လုပ်ငန်းဆိုင်ရာများ ပိုကောင်းလာစေရန် ယင်းကော်မတီက လုပ်ဆောင်မည်ဖြစ်သည်။

ထို့ပြင် ဆရာများ၏ လစာပြောင်းလဲရေး၊ ပင်စင်ခံစားခွင့်နှင့် ပင်စင်ယူပြီးနောက် နေထိုင်ရေးကိစ္စ အဆင်ပြေစေရေး၊ လူမှုဖူလုံရေးစနစ် ထားရှိရေးကိစ္စများကို ယင်းစုံညီအစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဒဂုံတက္ကသိုလ် ဆရာများအသင်းဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူက ရှင်းပြသည်။ 

ယင်းကော်မတီရည်ရွယ်ချက်မှာ တက္ကသိုလ် အားလုံးတွင် ဆရာသမဂ္ဂများ ဖွဲ့စည်း၊ ပေါ်ပေါက်လာရေးနှင့် အထက်ပါအချက်များကို ဆောင်ရွက်ရန်ဖြစ်သည်။ သို့သော် သမဂ္ဂများ မည်မျှဖွဲ့စည်းနိုင်မည်ကို မပြောနိုင်သေးကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဆရာများအသင်း အတွင်းရေးမှူး ဦးလှိုင်တင့်က ဆိုသည်။ 

လက်ရှိတွင် တစ်နိုင်ငံလုံး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၅၈ ကျောင်း ရှိသော်လည်း တက္ကသိုလ်ဆရာများအသင်း ဖွဲ့စည်းထားသည့်ကျောင်း ၁၄ ကျောင်းသာ ရှိသေးသည်။

အထက်ပါအချက်များ အကောင်အထည်ဖော်ရေးကိစ္စ ဩဂုတ်လအတွင်း ထပ်မံ ဆွေးနွေးမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းသားများ စုံညီအစည်းအဝေးကို ထပ်မံ ပြုလုပ်မည်ဖြစ်သည်။

ရွှေဖူးခင်