News

POST TYPE

NEWS

မုတ်သုံလေ အားကောင်း၍ ဒေသအချို့ နေရာကွက်၍ မိုးကြီးမည်
19-Jun-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇွန် ၁၉

ဘင်္ဂလားပင်လယ်အော်တွင် လာမည့်သီတင်းပတ်အတွင်း မုတ်သုံလေ အားပြန်ကောင်းလာနိုင်သည့်အတွက် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် မိုး များနိုင်ပြီး မိုးရေချိန် ခြောက်လက်မမှ ၁၀ လက်မခန့်အထိ ရွာနိုင်ကြောင်း၊ ယင်းဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် နှစ်လက်မနှင့် အထက်ကို မိုးရွာရန်မှာ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းကပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပြီး ရခိုင်ပြည်နယ်တွင် ဒေသအလိုက်၊ ပဲခူးတိုင်းဒေသကြီးနှင့်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တို့တွင် လှိုင်းအမြင့် ၆ ပေမှ ၈ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တို့တွင် ၄ ပေမှ  ၆ ပေခန့်အထိ ရှိနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

ယခုရက်ပိုင်းအတွင်း ဒေသအလိုက် မိုးကြီးခဲ့ရာတွင် မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ စစ်တွေမြို့တွင် ၆ ဒသမ၂၆ လက်မ၊ ပူတာအိုမြို့တွင် ၅ ဒသမ ၁၂ လက်မ၊ ကျောက်ဖြူမြို့တွင် ၅ ဒသမ ဝ၄ လက်မ၊ ဂွမြို့တွင်၂ ဒသမ ၆၈ လက်မ၊ မြစ်ကြီးနားမြို့တွင်၂ ဒသမ ၅၆ လက်မ၊ ပင်လောင်းမြို့နှင့် ပုသိမ်မြို့တွင် ၁ဒသမ ၉၇ လက်မ၊ သံတွဲမြို့တွင် ၁ ဒသမ ၉၃ လက်မနှင့် ဘားအံမြို့တွင် ၁ ဒသမ ၆၅ လက်မ ရရှိခဲ့သည်။

E-03