News

POST TYPE

NEWS

လှည်းကူးမှ ကျူးကျော်တဲ အလုံးရေ ၄၀ဝ၀ ခန့် ရှင်းလင်းပြီး

ရန်ကုန်၊ ဇွန် ၁၈

လှည်းကူးမြို့နယ် စခမ်းကြီးကျေးရွာအုပ်စု၊ အမြန်လမ်းမှ ကျူးကျော်တဲ အလုံးရေ ၄၀ဝ၀ ခန့် ရှင်းလင်းခဲ့ပြီး ရွှေ့ပြောင်းခြင်း မပြုဘဲ နေထိုင်လျက်ရှိသည့် ကျူးကျော်များကို ရှင်းလင်း ဖယ်ရှားသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။

လှည်းကူးမြို့နယ်၊ အမြန်လမ်း လမ်းဘေးဝဲယာရှိ မြေဧက ၁၄၅၃ ဒသမ ၇၂ ဧကပေါ်တွင် နေထိုင်သည့် ကျူးကျော်တဲများကို ဇွန်လ ၁၂ ရက်၊ နံနက် ၉ နာရီခန့်ကစပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ဝ ခန့်နှင့် အရပ်သား အလုပ်သမား ၁၀ဝ၀ ခန့်တို့က စတင် ဖျက်သိမ်းနေခြင်းဖြစ်သည်။

“လှည်းကူးက ကျူးကျော်တဲတွေ ဖျက်သိမ်းတာ ၄၀ဝ၀ လောက်တော့ ရှင်းပြီးပြီ။ ကျူးကျော်တဲတွေ ဖျက်တော့ တဲဘေးမှာ သူတို့က ပစ္စည်းတွေ သိမ်းဆည်းဖို့၊ သယ်ဖို့ စောင့်နေကြတာတွေ ရှိတယ်။ တဲတွေ အားလုံး ဖျက်သိမ်းပြီးမှ ရွှေ့ပြောင်းခြင်း မပြုရင်တော့ ရှင်းလင်းသွားမယ်”ဟု ဦးယုခိုင်က ဆိုသည်။

လက်ရှိတွင် ကျူးကျော်နေအိမ် ၄၀ဝ၀ ကျော်မှ နေစရာ အခက်အခဲဖြစ်နေသူ အယောက် ၅၀ ခန့်သည် ဇွန်လ ၁၅ ရက်တွင် လှည်းကူးမြို့နယ်တွင်း၌လည်းကောင်း၊ ဇွန်လ ၁၆ ရက်တွင် လှည်းကူးမှတစ်ဆင့် ပဲခူး၊ ဇွန်လ ၁၇ ရက်တွင် ပဲခူးမှတစ်ဆင့် ဒိုက်ဦး၊ ဇွန်လ ၁၈ ရက်တွင် ညောင်လေးပင်သို့လည်းကောင်း လမ်းလျှောက်ဆန္ဒပြလျက်ရှိပြီး ဇွန်လ ၂၅ ရက်တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဦးဆောင်သူ ဦးမောင်နိုင်က ပြောကြားသည်။

“အခု ညောင်လေးပင်ထဲကို ရောက်နေပါပြီ။ ကျွန်တော်တို့ ရွာတွေကို ဒီနေ့ ဝင်ဖျက်ပြီး သစ်ပင်တွေကအစ ဝင်ဖျက်သွားပြီ။ အခုမိုးတွေက တအားရွာပြီး ကံ့ကော်ကျွန်းရွာက မိသားစု ၅၀ဝ ကျော် နေထိုင်စရာမရှိလို့ မိုးရွာထဲမှာ နေနေရတယ်။ နေထိုင်စရာ မရှိလို့ အခု တော်တော် ဒုက္ခရောက်နေပါပြီ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်နေထိုင်သူဦးရေ လေးသိန်းကျော်ခန့်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပြီး ယခု ဖယ်ရှားခံရသည့် လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေးရွာရှိ ကျူးကျော်များသည် တိုင်းအစိုးရအဖွဲ့က ကောက်ယူသည့်စာရင်းတွင် မပါဝင်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါနေရာကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းပြီး နိုင်ငံတကာ အဆင့်မီ စာသင်ကျောင်း အပါအဝင် လူနေအိမ်ပန်းခြံနှင့် ဆေးရုံ၊ ဂေါက်ကွင်း၊ ဈေးများ စသည်တို့ ပါဝင်သည့် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခု ပြုလုပ်ရန် လှည်းကူးမြို့နယ်ရှိ ကျူးကျော်တဲများကို ဖယ်ရှားခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။