News

POST TYPE

NEWS

အောင်ဆန်းဇာနည်ကဗျာ မူရင်းရေးသားသူ အမည်ကို ပုံနှိပ်ဖော်ပြသွားရန် စီစဉ်မည်ဟုဆို
မန္တလေး၊ ဇွန် ၁၆

တတိယတန်းကျောင်းသုံး မြန်မာပြဋ္ဌာန်းစာအုပ်တွင် ပုံနှိပ်ပါရှိသော အောင်ဆန်းဇာနည်ကဗျာတွင် မူရင်းစာရေးသားသူ အမည်ကို ထည့်သွင်းပေးရန် အစီအစဉ်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်တွင် ဖြေကြားသည်။

ကဗျာရေးသားသည့် မူရင်းကဗျာဆရာ၏ အမည်ကို ဖော်ပြရန်နှင့် နောက်ဆုံးအပိုဒ်ကိုဖြုတ်ပြီး မူရင်းကဗျာအတိုင်းသာ ဖော်ပြရန် အစီအစဉ် ရှိမရှိ မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်က ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်ခဲ့သည်။

ကဗျာနှင့် ပတ်သတ်၍ ခိုင်လုံသည့် အထောက်အထားနှင့် တိကျသည့်အဖြေ ရရှိသည့်အခါတွင် မူရင်းကဗျာ အထောက်အထား၊ မူရင်းစာရေးသူ အမည်တို့ကို ဖော်ပြလျက် ထည့်သွင်းပုံနှိပ်သွားမည်ဟု ဒုတိယဝန်ကြီးက ဖြေဆိုခဲ့ကြောင်း ဒေါက်တာလင်းလင်းကျော်က ပြောဆိုသည်။

မူရင်းကဗျာဆရာ နာမည်ကို ဖော်ပြသင့်ပြီဖြစ်ပြီး မူရင်းကဗျာပါ စကားလုံးများအတိုင်း ပြန်လည်ဖြည့်စွက် ဖော်ပြသင့်ကြောင်း၊ ကျောင်းသုံးစာအုပ်ပါ ကဗျာအဓိပ္ပာယ်နှင့် မူရင်းကဗျာ အဓိပ္ပာယ်မှာ အဓိပ္ပာယ်အရလည်း ကွဲပြားကြောင်း ဒေါက်တာလင်းလင်းကျော်က ပြောကြားသည်။

အောင်ဆန်းဇာနည်ကဗျာတွင် ကဗျာရေးသားသူ ကဗျာဆရာ တင်မိုး၏ အမည်ကို ဖော်ပြထားခြင်း မရှိသကဲ့သို့ ပုံနှိပ်စာအုပ်ပါ ကဗျာအောက်ဆုံးပိုဒ်တွင် ဆိုရှယ်လစ်လူ့ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွားဟူ၍ ဖော်ပြထားရာ မူရင်းကဗျာမှာ တို့ပြည်ကောင်းအောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွားဟူ၍ ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာစာ ပါမောက္ခများ၏ အစီရင်ခံစာအရ အောင်ဆန်းဇာနည်ကဗျာသည် ၁၉၇၄ ခုနှစ်ထုတ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွင် စတင်ထည့်သွင်း ဖော်ပြထားခဲ့ခြင်းဖြစ်ကာ ထိုအချိန်ကပင် ကဗျာဆရာ၏ အမည်ကို ဖော်ပြထားခဲ့ခြင်း မရှိကြောင်း ဦးဝင်းမော်ထွန်းက ပြောဆိုသည်။ 

ဆရာကြီး ဦးတင်မိုး၏ သမီးအရင်းဖြစ်သော ဒေါ်မိုးမိုးစံက ဖခင်ကြီး၏ လက်ရင်းအမည်အရသော် လည်ကောင်း၊ မူလပါရှိသည့် ပုံနှိပ်စာအရသော် လည်ကောင်း ယခုအချိန်ထိ မတွေ့ရှိရသေးကြောင်း၊ မိသားစုကိုယ်တိုင်ကလည်း ကဗျာနှင့် ပတ်သတ်၍ ခိုင်မာတိကျသည့် အဖြေတစ်ခုကို သိရှိရန် ဆန္ဒရှိသည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။

အောင်ဆန်းဇာနည်ကဗျာ၏ မူရင်းကဗျာ ရေးသားသူနှင့် မူရင်းကဗျာစာသားများနှင့် ပတ်သတ်၍ ခိုင်လုံသည့် အထောက်အထားကို ရရှိရန် ရန်ကုန်တက္ကသိုလ် မြန်မာစာ ပါမောက္ခများ ပါဝင်သည့်အဖွဲ့က ဆက်လက်ဆောင်ရွက်နေကြောင်း ဦးဝင်းမော်ထွန်းက ပြောကြားသည်။