News

POST TYPE

NEWS

ယူရိုငွေ ကိုးသန်းနှင့် ကျေးလက်မီးလင်းရေးစနစ် ဆောင်ရွက်မည်
15-Jun-2017 tagged as လျှပ်စစ်

ရန်ကုန်၊ ဇွန် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ဂျာမနီနိုင်ငံ KfW ဖွံ့ဖြိုးရေးဘဏ်က ပေးအပ်သည့် ထောက်ပံ့ ယူရိုငွေ ကိုးသန်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်သုံးခုတွင် ဆိုလာစွမ်းအင်စနစ်နှင့် ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်း ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့တွင် ဆိုလာစွမ်းအင်စနစ် ဆောင်ရွက်ရန်အတွက် ဂျာမနီနိုင်ငံ ဖွံ့ဖြိုးရေးဘဏ်က ထောက်ပံ့ငွေအဖြစ် ယူရိုငွေကိုးသန်း ပေးအပ်ခြင်း ဖြစ်ပြီး ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ 

“ဒီစီမံကိန်းအရ ခရိုင်သုံးခုမှာရှိတဲ့ ကျေးလက်ဒေသက အိမ်တွေမှာ သူတို့ အိမ်တွေနဲ့ ကိုက်ညီတဲ့ ဆိုလာစွမ်းအင်စနစ် တပ်ပေးမယ်။ အိမ်တွေမှာ ဆိုလာတပ်ရင် ကုန်ကျငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ ကျခံရမယ်” ဟု ၎င်းက ပြောဆိုသည်။ 

ကျေးလက်ရှိအိမ်များတွင် ဆိုလာစွမ်းအင်စနစ် တပ်ဆင်ရာ၌ ပြည်သူများက ကုန်ကျငွေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင် နှုန်းအထိ ကျခံရမည်ဖြစ်ပြီး စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့်  လမ်းများတွင် ဆိုလာစွမ်းအင်စနစ်ကို အခမဲ့စနစ်ဖြင့် တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက ပြောကြားသည်။ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျာမနီနိုင်ငံမှ KfW ဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့်  ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းရုံ စီမံကိန်းအတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်မည့် ဒီဇယ်စက်ခေါင်းရုံ စီမံကိန်း အတွက်လည်း KfW ဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေ ယူရိုငါးသန်းနှင့်  ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

J-11