News

POST TYPE

NEWS

သူရဦးတင်ဦး ဇွန်လကုန် ဆေးရုံဆင်းမည်
13-Jun-2017 tagged as ဦးတင်ဦး


ရန်ကုန်၊ ဇွန် ၁၃

မတ်တတ်ရပ်နိုင်သည်အထိ ကျန်းမာရေး တိုးတက်လာပြီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးသည် ဇွန်လကုန်တွင် ဆေးရုံမှဆင်းမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

လက်ရှိတွင် မတ်တတ်ရပ်သည့်အထိ တိုးတက်လာသော်လည်း လမ်းလျှောက်ခြင်းနှင့် စကားပြောဆိုခြင်းတို့ ကို မပြုလုပ်နိုင်သောကြောင့် လေ့ကျင့်ခန်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောကြားသည်။

“ဆေးရုံဆင်းဖို့က ဇွန်လကုန်အထိ တက်ရမယ်လို့ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်ကြီးတွေက သုံးသပ်ထားတယ်။ သူ့မိသားစုနဲ့လည်း ညှိနှိုင်း ဆောင်ရွက်မှာပါ”ဟု ၎င်းကဆိုသည်။

ဇွန်လကုန်တွင် သူရဦးတင်ဦးမှာ ဆေးရုံဆင်းခွင့် ရရှိပါကလည်း အိမ်တွင် စကားပြောခြင်းနှင့် လမ်းလျှောက် လေ့ကျင့်ခန်းများ လိုက်ပါဆောင်ရွက်ပေးမည့် ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများ ထားရှိရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

“စကား ပီပီသသ မပြောနိုင်ဘူး။ အနီးကပ် ကြီးကြပ်စောင့်ရှောက်သူတွေ တောက်လျှောက် လုပ်ကိုင်ပေးနေတယ်။ လမ်းလျှောက်ဖို့လည်း ဆရာကြီးတွေ တစ်နေ့ သုံးလေးကြိမ် ဆောင်ရွက်ပေးပါတယ်”ဟု ၎င်းက ဆိုသည်။

ဦးနှောက်သွေးကြောပိတ်၍ ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါ ခံစားခဲ့ရသော နာယက သူရဦးတင်ဦးသည် စိုးရိမ်ရသည့် အခြေအနေ လုံးဝ မရှိတော့ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

သူရဦးတင်ဦးသည် မေလ ၁၇ ရက် ည ၁၂ နာရီက နေအိမ် ရေချိုးခန်းတွင် ချော်လဲ၍ သတိလစ်ခဲ့သောကြောင့် ရွှေဂုံတိုင် SSC ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ထိုမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရခြင်း ဖြစ်သည်။

J-17