News

POST TYPE

NEWS

မုန်တိုင်းငယ်ကြောင့် ဒေသအလိုက် မိုးကြီးပြီး ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်းကျနိုင်
11-Jun-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇွန် ၁၀

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏အရှိန်ကြောင့် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း ကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းဒေသများနှင့် မုတ္တမကွေ့ဒေသတို့တွင် မိုးရေချိန် ၁၀ လက်မခန့် ရရှိနိုင်သည်အထိ မိုးရွာနိုင်ပြီး မိုး သည်းထန်နိုင်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်ကာ လှိုင်းကြီးနိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

“မုတ်သုံ မုန်တိုင်းငယ်တွေက မုတ်သုံလေစနစ်ကို ပိုအားကောင်းစေပါတယ်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ရောက်လာရင် အိန္ဒိယနိုင်ငံဘက်ကို ဝင်တာ များပါတယ်။ အခုနောက်ပိုင်းက အရင်လို ထုံးစံအတိုင်း ဖြစ်မှာပဲဆိုပြီး ပြောလို့မရတော့ဘူး။ သေချာကြည့်နေရတယ်။ ရာသီပြောင်းလာတော့ ရာသီဥတု ထုံးစံတွေ ပျက်လာတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါမုန်တိုင်း၏အရှိန်ကြောင့် နောက်သုံးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် ၈ ပေမှ ၁၂ ပေခန့် ရှိနိုင်သည့်အတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေနှင့် ကြိုတင် သတိပြုရန် လိုအပ်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

E-03