News

POST TYPE

NEWS

မမျှော်လင့်သော ဧည့်သည်များ၊ နှစ်ရက်တာ လေယာဉ်ပျက်ရှာပုံတော်
10-Jun-2017 tagged as လေယာဉ် ထားဝယ်

ယခုဆောင်းပါးသည် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ The Voice Weekly တာဝန်ခံ အယ်ဒီတာ၏ နှစ်ရက်ကြာ ကွင်းဆင်းလေ့လာ ရေးသားထားသည့် ဆောင်းပါးဖြစ်သည်။ (အယ်ဒီတာ)

တကယ်တော့ စမ်းလှမ်းကမ်းခြေ ဆိုသည်မှာ ထားဝယ်ကျွန်းပတ် အလည်ခရီးသွားတို့အတွက် တာထွက်နေရာ ဖြစ်သည်။ 

မြင်းခွာအော်ကမ်းခြေ၊ ရှင်မော်ဘုရားတို့သည်လည်း ထားဝယ်လာ ခရီးသွား ဧည့်သည်တို့အတွက် မျက်စိကျ လူကြိုက်များရာ နေရာများ ဖြစ်သည်။ 

ယခုတော့ ထိုနေရာတို့မှာ မမျှော်လင့်သော ခရီးသည်များကို ကြိုဆိုနေရသည့် နေရာများ ဖြစ်သွားတော့သည်။ 

(၁) 
ဇွန် ၇ ရက်၊ ၂၀၁၇၊ ပထမနေ့ 

ထိုနေ့က အဓိကအားဖြင့် ပင်လယ်ကမ်းနားတစ်ဝိုက် သည်းထန်ခဲ့သော ထားဝယ်မိုးနှင့်အတူ သတင်းစကားတစ်ခု ရောက်လာသည်။ 

မြိတ်မှ ရန်ကုန်သို့ လာသော တပ်မတော် လေယာဉ်တစ်စင်း ထားဝယ်ကျွန်းဆွယ်အနီး ပျောက်သွားသည်။ 

လေယာဉ်ပျောက်ဆုံးကြောင်း ပထမဆုံး အတည်ပြုနိုင်ချိန် ဖြစ်နိုင်ဖွယ် နေရာမှာ မောင်းမကန်ကမ်းလွန် ဖြစ်သည်။ 

သို့သော် ညနေစွန်းချိန်တွင် မြင်းခွာအော်တွင်ဟု သတင်းထွက်လာသည်။ မြင်းခွာအော်မှာ ရှင်မော်ဘုရား တည်ရှိရာ ထားဝယ်အငူနီးတွင် တည်ရှိပြီး မြင်းခွာပုံသဏ္ဌာန် ပင်လယ်ကမ်းခြေ ရှိသဖြင့် မြင်းခွာအော်ဟု ထင်ရှားသည်။ ထားဝယ်မြို့မှ တောင်ဘက် မိုင်ငါးဆယ်ခန့် ဝေးသည်။ 

ထားဝယ်မြို့ပေါ်မှ လူနာတင်ယာဉ်များ၊ ရဲတပ်ဖွဲ့ယာဉ်များ၊ မီးသတ်ယာဉ်များ ဥသြဆွဲ၊ အချက်ပြကာ ထိုနေရာသို့ ဆက်တိုက်ဆင်းသွားကြသည်။ 

ကံကောင်းသည်ဟု ဆိုရမလား မသိ၊ ထိုအချိန်တွင် မိုးတိတ်ပြီး ရာသီဥတု သာယာနေသည်။ 

နေ့ခင်း လေယာဉ်ပျောက်သွားချိန်က ရာသီဥတု မဟုတ်သလိုပင်။ 

သို့သော် မြင်းခွာအော်တွင် ည ၈ နာရီခန့်အချိန်၌ လူစုံ၊ ယာဉ်စုံနေပြီ။ 

ထားဝယ်လေးမြို့နယ်မှ နာရေးကူညီမှုအသင်းယာဉ်များ၊ အရေးပေါ် ကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်ယာဉ်များ၊ ယူနီဖောင်းမျိုးစုံ ဝတ်ဆင်ထားသော စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီများ၊ ရပ်ကွက်/ကျေးရွာ အခြေပြု အမျိုးမျိုးသော လူမှုရေးအသင်းအဖွဲ့များ ယူနီဖောင်း ကိုယ်စီဖြင့် ရောက်နေသည်။ 

ရုတ်တရက် ရောက်သွားပါက တကယ့်အမှုအခင်းတစ်ခု ဖြစ်ပွားနေဘိသကဲ့သို့ပင်။ 

လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးယာဉ်တို့က အချက်ပြ အနီရောင်မီးများ ဆက်တိုက်ထွန်းထားသည်။ အရေးပေါ် ကယ်ဆယ်ရေးယာဉ်တစ်စီး ဆိုလျှင် အားကောင်းသော မီးဆလိုက်တစ်ခု ပင်လယ်ဘက်သို့ မျက်နှာမူထွန်းထားသည်။ 

သို့သော် လေယာဉ်ပျက်နှင့် လေယာဉ်ပေါ် ပါသူတို့၏ သတင်းအစတော့ လုံးဝမရ။ 

သုံးလေးဆယ်ခန့်သော ကယ်ဆယ်ရေးယာဉ်များ၊ လူနာတင်ယာဉ်များမှာတစ်ဆင့် စကားဖြင့် လာကြသည်က များသည်။ 

“ဘာမှ မထူးဘူး၊ ဘာမှလည်း မတွေ့ပါဘူး၊ ထူးရင်ရအောင် လာစောင့်တာ” ဟု ရဲအရာရှိတစ်ဦးက စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ဦးကို ရှင်းပြနေသည်။ 

ရာချီသော လူထုတွင် တစ်ဆင့်စကားဖြင့် စိတ်ဝင်စား၍ လာကြည့်သူများကလည်း တစ်ပုံတစ်ပင်၊ ဆိုက်ကယ်နှင့်တစ်မျိုး၊ ကားဖြင့်တစ်ဖုံ။ အချို့ဆိုလျှင် ကားစီးလုံးငှားပင် လာကြသည်။ 

အွန်လိုင်း သတင်းစာမျက်နှာများပေါ်တွင် သတင်းအမျိုးမျိုး ထွက်နေသော်လည်း တကယ့်မြေပြင်တွင် မထူးသောအခါ မကြာမီတွင်ပင် အားလုံး လူစုခွဲတော့သည်။ တော်တော်များများ ယာဉ်တွေပြန်ကုန်သည်။ 

ထားဝယ်အငူစွန်းရှိ ရှင်ကိုးရှင် သမိုင်းဝင် မြတ်ရှင်မော်ဘုရားသို့ ရောက်သောအခါ ဂေါပကအဖွဲ့ ခေါင်းဆောင်နှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ 

သူ့အဆိုအရ လေယာဉ်ပျောက်သွားသည ဆိုသော အချိန်က ထိုနားရှိ ပင်လယ်တစ်ကြောတွင် ရာသီဥတု အတော်ဆိုးနေသည်။ 
“အဲဒီ (လေယာဉ်ပျက်ကျတယ်ဆိုတဲ့) ၂ နာရီခွဲ၊ ၃ နာရီအချိန်က ဒီနားမှာ မိုးတစ်အားရွာ၊ လေတအားတိုက်နေတာ” ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌက ဆိုသည်။ 

ပျက်ကျသည့်တိုင် လေယာဉ်ကို မြင်ဖို့ မလွယ်သလို၊ အသံလည်းကြားဖို့ မလွယ်ကြောင်း သူက ဆက်ပြောသည်။ 
“ဒီနေ့ ရွာက ငါးဖမ်းလှေတွေတောင် မထွက်ဘူး”
 
သူမှာ ထိုနားတစ်ဝိုက် လေယာဉ်ပျောက်ဆုံးသွားကြောင်း သတင်းထွက်ပြီး ကတည်းက အဖွဲ့ပေါင်းစုံ၊ လူပေါင်းစုံ၏ တယ်လီဖုန်းဆက် မေးမြန်းမှုကို ထိုင်ဖြေနေရသူ ဖြစ်သည်။ 

သူနှင့် စကားပြောချိန်တွင်တော့ ည ၁၀ နာရီခွဲလုလု၊ တယ်လီဖုန်းလည်း များစွာမလာတော့။ 

မြင်းခွာအော်တွင်တော့ နောက်ထပ် တပ်မတော်သားတစ်စု စခန်းချသည်၊ သူတို့အကြီးအကဲက မနက်ဖြန်အတွက် အားမွေးထားကြရန် လောဆော်ရင်းယခု ညဟင်းမှာ ကြက်သားကာလသားဟင်း ဖြစ်ကြောင်း သတင်းပေးနေသည်။ 
“မင်းတို့ တစ်ယောက်တစ်တုံးစီတော့ ဝေစုရမှာပေါ့”

လက်ရာရှင်က မြင်းခွာအော်ကမ်းခြေက တစ်ခုတည်းသော စားသောက်ဆိုင်ပိုင်ရှင်၏ ကတော်။ 

လေယာဉ်ပျောက် ရှာပုံတော် ပထမနေ့ကား ထိုသို့ အဆုံးသတ်သွားလေသည်။ 

မနက်ဖြန်အတွက် ရှာဖို့၊ ဖွေဖို့ အသင့်ပြင်ရင်း အားလုံး ပြန်နားကြသည်။ 

(၂) 
ဇွန်လ ၈ ရက်၊ ၂၀၁၇ ခုနှစ်၊ ဒုတိယနေ့။ 

သတင်းထောက်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှာ နံနက်စောစော တီဇစ်ကမ်းခြေတွင် သွားစောင့်နေကြသည်။ တီဇစ်ကမ်းခြေမှာ လောင်းလုံးမြို့နှင့်နီးသည်။ ထားဝယ်မှဆိုလျှင် ၁၆ မိုင်ခန့် ရှိမည်။ 

ယမန်နေ့က သွားစောင့်ကြသည့် မြင်းခွာအော်ထက်တော့ များစွာနီးသည်။ 

သို့သော် နံနက် ၉ နာရီခန့်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းတက်လာသည်။ 

လေယာဉ်အစိတ်အပိုင်းများ တွေ့ပြီ ဟူ၏။ 

တွေ့သည့်နေရာမှာ ကျောက်နီမော်ကျေးရွာ၏ အနောက်ဘက် ၂၂  မိုင်အကွာ။ ကျောက်နီမော်ရွာမှာ မြင်းခွာအော်ထက်တော့ နီးသည်။ 

ထိုသို့ဖြင့် အုပ်ချုပ်ရေးအဖွဲ့များ၊ ဒါဇင်ပေါင်းများစွာသော လူနာတင်ယာဉ်များ၊ စေတနာ့ဝန်ထမ်းများ ကျောက်နီမော်ရွာသို့ ချီတက်ကြပြန်သည်။ ကျောက်နီမော်မှာ သာမန်ကားမောင်းနှုန်းဖြင့် ဆိုပါက နှစ်နာရီခန့် သွားရသည်။ 

သို့သော် မနက် ၁၁ နာရီခန့်တွင် သတင်းရောက်လာပြန်သည်။ 

တွေ့ရှိပစ္စည်းနှင့် အလောင်းများကို တကယ်လာသယ်မည့် နေရာမှာ စမ်းလှမ်းကမ်းခြေ။ စမ်းလှမ်းမှာ လောင်းလုံးမြို့နှင့် ကပ်နေသည်။ သို့သော် တောင်ကျော်လမ်း အနည်းငယ်ဆိုးသဖြင့် လောင်းလုံးမှ နာရီဝက်ခရီးခန့် သွားရသည်။ 

သို့ဖြင့် လူနာတင်ယာဉ်နှင့် အရေးပေါ် ကယ်ဆယ်ရေးယာဉ်များမှာ ဥသြသံ တဝီဝီဖြင့် စမ်းလှမ်းကမ်းခြေသို့ ခရီးဆက်ကြပြန်သည်။ 

စမ်းလှမ်းက တကယ်တော့ ရွာခပ်သေးသေး၊ လမ်းကျဉ်းကျဉ်း။ ငါးလုပ်ငန်းဖြင့် အဓိက အသက်မွေးသည်။ ကမ်းခြေဆင်းရန် ငါးသယ်ယာဉ်များအတွက် ခပ်ကျဉ်းကျဉ်း လမ်းတစ်ခုသာ ရှိသည်။ 

သာမန်လူစီးယာဉ်များ ကမ်းခြေအထိ မဆင်းဘဲ ရွာဘုန်းကြီးကျောင်းဝင်းအတွင်း ထားရန် ရွာသားအချို့က လောဆော်နေသည်။ 

နာရေးယာဉ်၊ အရေးပေါ်လူနာတင်ယာဉ်တို့က ရွာအစွန်ရှိ ဆိပ်ကမ်းဘော တံတားအနီး တန်းစီရပ်ထားသည်။ ဆိပ်ကမ်းဘောတံတားမှာ များစွာမကြီးလှ၊ အဓိကအားဖြင့် ဝါးလတ်ကမ်းဝေးလှေများ ရေခဲတင်ရန်၊ ငါးချရန် သုံးသော ဆိပ်ကမ်းငယ်တစ်ခု ဖြစ်သည်။ 

ကနဦးသတင်းအရ ဆိပ်ကမ်းဆီ အလောင်းလာပို့မည်။ ထိုမှတစ်ဆင့် လူနာတင်ယာဉ်များက အလောင်းသယ်ကာ စမ်းလှမ်းရွာ တစ်ဖက်ခြမ်း ဘောလုံးကွင်း သို့ပို့မည်။ ထိုမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ထားဝယ်မြို့သို့ ပို့မည်။ 

လေယာဉ်ပျောက်သည့်သတင်း သေချာသည့် ယမန်နေ့ကတည်းက ဟိုကမ်းခြေပြေး၊ ဒီကမ်းခြေလာဖြင့် ထားဝယ်ကျွန်းဆွယ် ကားလမ်းမတစ်လျှောက်လုံး ဥသြဆွဲ အလုပ်များခဲ့ကြသော ယာဉ်များအတွက် နောက်ဆုံးအခြေစိုက်ရာမှာ စမ်းလှမ်းကမ်းခြေ ဖြစ်သွားပြီ။ 

“မနက်ကတည်းက ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ နောက်ဆုံး ဒီမှာ သောင်တင်သွားတော့တာပဲ” ဟု လိမ္မော်ရောင် ကယ်ဆယ်ရေးအင်္ကျီဝတ် အမျိုးသားတစ်ဦးက ပြောလိုက်သည်။ 

ဤသို့ဖြင့် သတင်းထောက်များက ထိုအခြေအနေကို သတင်းတင်ဆက်ကြတော့သည်။ 

သို့သော် ဆယ်ယူရရှိထားသည့် အလောင်းမည်မျှကို ကမ်းသို့ မည်သည့်အချိန်ပို့မည်ကို မည်သူမျှ သေချာမပြောနိုင်။ ရဲတပ်ဖွဲ့ အကြီးအကဲများကလည်း တပ်က ဦးစီးသဖြင့် သူတို့ သေချာမသိဟု ဆိုသည်။ တပ်အရာရှိများကလည်း မဖြေ။ သူတို့လည်း အလုပ်ရှုပ်နေသည်။ 

စမ်းလှမ်းရွာသူ ရွာသားများ၏ စေတနာကလည်း အငြိမ်မနေ။ လာရောက်သော ပရိသတ်၊ စေတနာ့ဝန်ထမ်းများ၊ တပ်မတော်သားများ စသည့် အားလုံးကို ရေသန့်ဘူး၊ မုန့်၊ ကွမ်းတို့ဖြင့် လိုက်လံဧည့်ခံတော့သည်။ 

အချိန်လင့်လာသောအခါ ထမင်းအိုးကြီးပင်ချက်၍ ထမင်းထုပ် လိုက်ဝေသေးသည်။ ဟင်းက ချဉ်ရည်ဟင်းနှင့် လူကြီးလက်နှစ်လုံးအရွယ် ငါးကလေး တစ်ကောင်။ 

နေ့လယ်၂ နာရီခွဲခန့် ရှိလာသောအခါ အလောင်းများ သယ်လာမည့် နေရာမှာ ဆိပ်ကမ်းတံတား မဟုတ်တော့။ ကမ်းခြေဖြစ်လာသည်။ 

စမ်းလှမ်းကမ်းခြေငယ်တွင် သာမန်အားဖြင့် ဒေသခံတို့ ဘုတ်မလှေဟု ခေါ်သော ကမ်းနီး တစ်နိုင်ငါးဖမ်းလှေငယ်များ ဆိုက်ကပ်ထားလေ့ ရှိသည်။ 

သို့သော် ထိုနေ့က လှေတစ်စီးတလေသာ တွေ့ရသည်။ 
“လှိုင်းထန်လို့ လှေတွေ ဒီနားထားလို့ မရဘူး” ဟု ဒေသခံ ငါးဖမ်းသမားတစ်ဦးက ရှင်းပြသည်။ 

မကြာပါ အလောင်းသယ်လာမည် ဆိုသော ကမ်းခြေငယ်တွင် လူစုစုဖြစ်လာသည်။ ကမ်းခြေသဲပြင်ပေါ်တင်နေသော ဘုတ်မလှေတစ်စီးကို အောက်မှ သစ်လုံးများခံ၍ တပ်မတော်သား၊ ဒေသခံတို့ အတူတူ ပင်လယ်အတွင်း တွန်းချတော့သည်။ 

သေချာပြီ။ ထိုလှေငယ်ဖြင့် အလောင်းများ သွားသယ်မည်။ ပင်လယ်ပြင် အတွင်းတွင်တော့ ဝါးလတ်ငါးဖမ်းလှေကြီးတစ်စင်း ကျောက်ချထားသည်။ ထိုလှေကြီးမှ ခပ်လှမ်းလှမ်းတွင်တော့ တပ်မတော်ရေယာဉ် တစ်စင်း ရပ်ထားသည်။ 

လှေငယ်မှာ လှိုင်းထန်သော ပင်လယ်ပြင်အတွင်း လူးလွန့်ကာ ထွက်သွားတော့သည်။ 

ကမ်းခြေငယ်တွင်တော့ တပ်မတော်သားများက လမ်းရှင်းသည်။ ဘေးနှစ်ဖက်မှ ရာချီသော ပရိသတ်ကို ဖြူနီကြိုးဖြင့် စည်းထားလိုက်သည်။ 

ပင်လယ်အတွင်း ရပ်ထားသော တပ်မတော်ရေယာဉ်မှ အလောင်းများကို လှေငယ်ဖြင့်သယ်ပြီး ကမ်းပြန်ကပ်မည်။ 

တစ်မနက်လုံး တိတ်နေသော မိုးမှာ စရွာတော့သည်။ သူလည်း ဝမ်းနည်းကြောင်းပြ ငိုချင်မည်ထင့်။ တစ်ခါခါ ခပ်ဖွဲဖွဲ၊ တစ်ခါခါ သည်းသည်းမဲမဲ။ ပရိသတ်အချို့ အမိုးထဲ ဝင်ပြေးကြသည်။ တော်တော်များများမှာ မိုးကာ၊ ထီးရိပ်တို့ဖြင့် ဝိရိယကောင်းစွာ စောင့်နေဆဲ။ 

ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် လှေငယ်ကမ်းပြန်ကပ်လာသည်။ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ 

သို့သော် မဟုတ်၊ အလောင်းပါမလာသေး။ ပစ္စည်းအချို့ လာယူခြင်း ဖြစ်သည်။ 

ထိုသို့ လှေငယ်သုံးစီး အကြိမ်ကြိမ် လာကမ်းခြေလာကပ်လိုက်၊ လူတွေက လှုပ်လှုပ်ရှားရှား ဖြစ်သွားလိုက် ဖြစ်လာသောအခါ အချို့ပရိသတ်တွေက စိတ်မရှည်တော့။ 

အိမ်ပြန်မည် ပြောကြတော့သည်။ 

“လိုင်းပေါ်မှာ ကြည့်တာ ဒီထက်စုံတယ်၊ လိုင်းပေါ်ကပဲ စောင့်တော့မယ်” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုလိုက်သည်။ လိုင်းပေါ်ဆိုသည်မှာ ဒေသခံတို့ Facebook ကို ခေါ်သော  အခေါ်အဝေါ် ဖြစ်သည်။ 

နောက်အမျိုးသားတစ်ဦးကလည်း အသံခပ်ကျယ်ကျယ် ထွက်လာသည်။ 
“ကြည့်လည်း ပလတ်စတစ်အိတ်ပဲ မြင်ရမှာ”

ထိုသို့ဖြင့် တစ်ခေါက်တွင် တပ်မတော်သား ငါးဦးကို လှေငယ်များ လာတင်သွားသည်။ ထိုနောက်များ မကြာမီ ပြန်ကပ်လာသည်။ လူတွေက ထင်လိုက်သည် ဒီတစ်ကြိမ်တော့ဖြစ်ရင် သေချာပြီ။ ကမ်းခြေပေါ်မှ အရာရှိတို့ကလည်း ခရာတွတ် လမ်းရှင်းသည်။ သို့သော် လှေက ကမ်းခြေမကပ်မှ လှေပေါ်ပါသူများက လက်ခါပြသည်။ မပါသေး။ 
“ဒီအချိန်လှေက သင်္ဘောကို ကပ်ဖို့တောင် မလွယ်လောက်ဘူး၊ လှိုင်းအရမ်းကြမ်းနေတာ” ဟု ဒေသခံ ရေလုပ်သားတစ်ဦးက ပြောလိုက်သည်။ 

မှန်သည်။ လှေငယ်မှ တပ်မတော်တစ်ဦးကလည်း ကမ်းခြေမှ အရာရှိကို ထိုသို့ တင်ပြလိုက်သည်။ ခက်ပြီ။ 

သို့သော် မကြာပါ။ လှေငယ်ပင်လယ်တွင်း ထပ်ထွက်သွားပြန်သည်။ 

ထိုသို့ဖြင့် နေ့လယ် ၂ နာရီခွဲခန့် ကတည်းက ပြင်ဆင်လာခဲ့သော အလောင်းသယ်ရေး အစီအစဉ်သည် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အောင်သွားတော့သည်။ 

ထိုအချိန်မှ ညနေ ၅ နာရီအထိ ပလတ်စတစ် အဖြူ၊ အနက်၊ အစိမ်း၊ အပြာတို့ဖြင့် ထုပ်ထားသော အထုပ် သုံးဆယ်ကျော် ကမ်းသို့ ပို့လိုက်နိုင်သည်။ 

မူလက တစ်ဦးနှင့်တစ်ဦး တွတ်ထိုးနေသော လူအုပ်စုကြီးမှာ လှိုင်းသံအကြား ငြိမ်ကျသွားသည်။ စကားပြောသည့်တိုင် ခပ်တိုးတိုး။ အချို့မှာ ပါးစပ်နှင့် နှာခေါင်းကို လက်ဖြင့် အုပ်လျက်။ တွေတွေငေးငေး ဖြစ်နေသည်။ 

ပလတ်စတစ် အဖြူအထုပ်မှာ အများဆုံး၊ အထုပ်များတွင်လည်း နံပါတ်များ တပ်ထားသည်။ နံပါတ်တွေကိုတော့ သေချာမမြင်ရ။ 

ပရိသတ်များ စိတ်ဝင်စားသည်မှာ အထုပ်တော်တော်များများမှာ လူတစ်ဦး၏ အလောင်းသဏ္ဌာန် မဟုတ်ခြင်း ဖြစ်သည်။ သုံးလေးခုစသာ လူတစ်ဦး၏ ပုံစံတွေ့သည်။ 

လူတစ်ဦးသဏ္ဍာန် ရှိသော အထုပ်များမှာ တစ်ထုပ်တစ်ထမ်းစင် ဖြစ်သည်။ အချို့အခေါက်များတွင် ထမ်းစင်ပေါ် သုံးထုပ်အထိ တင်သည်။ အထုပ်ပုံစံများမှာ အသားတုံးလိုလို၊ အသားစလိုလို အထုပ်များလည်း ရှိသည်။ 

ထိုအခါ လူအများမှာ ထိုအထုပ်များမှာ အလောင်းများ တစ်ကိုယ်လုံး မပါလာသော အထုပ်များ ဖြစ်ကြောင်း ကောက်ချက်ဆွဲတော့သည်။ ကနဦးကတည်းက တပ်မတော်နှင့်အတူ ဝိုင်းဝန်းရှာဖွေနေသော ကမ်းဝေးငါးဖမ်းလှေများထံမှ ရရှိထားသော သတင်းအရ အချို့ရုပ်အလောင်းများမှာ အပိုင်းပိုင်း ပြတ်နေသည်ဟု သတင်းများ ထွက်နေပြီးသား။ 

အထုပ်များကို လူနာတင်ယာဉ်၊ အရေးပေါ်ကယ်ယာဉ်တို့တွင် မတင်။ အသင့်ဆိုက်ထားသော စစ်ကားနှစ်စီးပေါ် တင်လိုက်သည်။ 

ထိုသို့ဖြင့် စာရင်းထွက်လာသည်။ အထုပ်စုစုပေါင်း ၃၁ ထုပ်၊ အလောင်း ၂၉ ထုပ်၊ ပစ္စည်းထုပ် နှစ်ထုပ်။ ထမ်းစင်သယ်ရသည့် အခေါက်က ၂၀ ခန့်။ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာကလည်း အလောင်းအရေအတွက်ကို ထိုအတိုင်း သတင်းထုတ်ပြန်သည်။ အမျိုးသား ရုပ်အလောင်း တစ်လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀ လောင်း၊ ကလေးရုပ်အလောင်း ရှစ်လောင်း စုစုပေါင်း ရုပ်အလောင်း ၂၉ လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထူးခြားသည်မှာ တွေ့ရှိ ရုပ်အလောင်းများတွင် အမျိုးသား ရုပ်အလောင်း တစ်ဦးသာ ပါရှိခြင်း ဖြစ်သည်။ 

များမကြာပါ လေယာဉ်ဘီးနှစ်ဘီး ထပ်ပို့လာသည်။ 

လှေငယ်သုံးစီးက စုစုပေါင်း လေးခေါက်ဖြင့် ပို့ပြီးနောက် ညနေ ၅ နာရီ ထိုးပြီ။ စစ်ကားတွေလည်း ထွက်သွားပြီ။ သူတို့ဦးတည်ရာမှာ ထားဝယ်မြို့က တပ်မတော်ဆေးရုံ။ 

လေးငါးဆယ်သော လူနာတင်ယာဉ်များကို မသုံးတော့။ 

ထိုသို့ဖြင့် လူနာတင်ယာဉ်များလည်း ဥသြသံဖျောက်ကာ တပ်ခေါက်ပြန်တော့သည်။ ရဲတပ်ဖွဲ့ဝင်အချို့က အလောင်းသယ်လမ်းကြောင်း အတွက်  ပရိသတ်များကို တားထားသော ဖြူနီကြားစည်းများကို ဖြုတ်သိမ်းနေသည်။ 

အလောင်းသယ် လှေငယ်များလည်း သူတို့ လှေရပ်နားသည့် နေရာပြန်နေပြီ။ 

ရွာထဲတွင် အလောင်းနှင့် အထုပ် စာရင်းယူပြီးနောက် ကမ်းခြေဆင်းလာသောအခါ လှေငယ်တွင် အကူလိုက်ခဲ့သူ နှစ်ဦးသုံးဦးဖြင့် တိုးသည်။ 
“သင်္ဘောမှာ လှေကပ်လို့ မရတော့ အပေါ်ကနေ ကြိုးနဲ့ဆွဲပြီး လှေထဲချရတယ်” ဟု ၎င်းတို့ထဲမှ တစ်ဦးက ရှင်းပြသည်။ 
“အပိုင်းတွေပါတယ်” ဟု ရုပ်အလောင်းများကို ၎င်းက ရည်ညွှန်းပြောဆိုသည်။ 

ထိုသို့ဖြင့် ဒုတိယနေ့ လေယာဉ်ပျက်ရှာ အစီအစဉ်ကား ပြီးလေပြီ။ 

မနက်ဖြန် မည်သို့စမည် မသိသေး။ 

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုလည်း မသိသေး။ 

ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကိုသာ စောင့်ပါရန် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက The Voice သို့ ပြောကြားသည်။

ထားဝယ်မြို့ တပ်မတော်ဆေးရုံသို့ ရောက်နေသော အလောင်းများကို စစ်ဆေးနေပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်သည်။  

“အသေးစိတ်ကိုတော့ စစ်ဆေးပြီးမှ ထုတ်ပြန်သွားမယ်။ လေယာဉ်မတွေ့သေးတော့ ဘာမှမသိရသေးပါဘူးလေ” ဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုလေသည်။ 

(၃) 

တကယ်တော့ စမ်းလှမ်းကမ်းခြေ ဆိုသည်မှာ ထားဝယ်ကျွန်းပတ် အလည်ခရီးသွားတို့အတွက် တာထွက်နေရာ ဖြစ်သည်။ 

လေယာဉ်ပျက်ကျမှုကြောင့် ရုပ်အလောင်းများ တွေ့ရှိရာ အနီးရှိ ပဲ့စင်ကျွန်း၊ လောင်းလုံးဘုတ်ကျွန်းတို့မှာ ကျွန်းပတ်ခရီးစဉ်များ စတင်ရာနေရာ ဖြစ်သည်။ 

ယခုတော့ ထားဝယ်ကျွန်းဆွယ်မှ ကမ်းခြေများ၊ ကျွန်းများက မမျှော်လင့်သော ဧည့်သည်များကို ပူဆွေးစွာ ဧည့်ခံနေရသည်။ 

မြန်မာ့သမိုင်းဝင်မည့် ဖြစ်ရပ်ဆိုး လူ ၁၂၀ ကျော်ပါ လေယာဉ်ပျက်ကျမှုကြီး၏ ဌာနဖြစ်လာရတော့သည်။  

ခွန်းသု 
ဇွန်လ ၈ ရက်၊ ၂၀၁၇၊ 
ထားဝယ်မြို့။