News

POST TYPE

NEWS

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ဖွယ်ရှိ
09-Jun-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇွန် ၈

လေထုမငြိမ်မသက်မှုများကြောင့် လာမည့် သီတင်းပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်စေမည့် မုတ်သုံလေဦး အားပျိုးခြင်းဖြစ်စဉ် (Moonsoon Surge) ဖြစ်ပေါ်နေပြီး ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးပိုလာနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။ 

ယခုနှစ်အတွင်း မုတ်သုံလေဦးအားပျိုးခြင်း (Moonsoon Surge) ဖြစ်စဉ်သည် မေလ ၁၅ ရက်မှ ၂၀ ရက်အတွင်းနှင့် မေလ ၂၅ ရက်မှ ၃၀ ရက်နေ့အတွင်း နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပါက အဆိုပါ မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားခြင်း မရှိဘဲ အိန္ဒိယနိုင်ငံသို့သာ ဝင်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဇွန်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မုတ်သုံလေ အားကောင်းနေသည့်အတွက် နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးအားပိုလာနိုင်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ထို့ပြင် လက်ရှိကာလသည် မုတ်သုံလေ အားကောင်းနေပြီး မိုးတိမ်တောင်များ အဖြစ်များသည့်အတွက် မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေး ပြောဆိုသည်။

E-03