News

POST TYPE

NEWS

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်း၊ ချင်းနှင့် ရခိုင်တွင် မိုးကြီးကာ မြေပြိုမည့်အန္တရာယ်ရှိ
29-May-2017 tagged as မိုးလေဝသ

ရန်ကုန်၊ မေ ၂၉

ဘင်္ဂလားပင်လယ်အော်မှ အား ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”သည် မြန်မာနိုင်ငံအနီးမှ ဘင်္ဂလားဒေ့ရှ် ကမ်းခြေသို့ ယနေ့ည ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် စသည့်ဒေသများသည် မိုးကြီးကာ မြေပြိုမည့်အန္တရာယ်ရှိနေကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးပြောကြားသည်။ 

ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Mora) သည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ရာတွင် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း တိုက်ခတ်ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့် ကုန်းမြင့် တောင်တန်းဒေသများတွင် နောက်နှစ်ရက်အတွင်း ရေကြီးရေလျှံခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင် သတိပြုရန် လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

မေလ ၃၀ ရက်နေ့ (ယနေ့)နံနက်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၁၃၀ ခန့်ကို ရောက်ရှိကာ အားကောင်းသည့်လေ တိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်ဘက် မိုင် ၃၀ ခန့်အကွာ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ရန် အစပျိုးမည်ဖြစ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေသည့် MMweather Page တွင် ဖော်ပြထားသည်။

ယင်းသို့ မုန်တိုင်းသည် စစ်တွေမြို့ အနောက်ဘက် ပင်လယ်ပြင်ကို ဖြတ်သန်းချိန်တွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းသည် မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေသည့်အတွက် မိုးသက်လေပြင်းဒဏ်ကို ယင်းဒေသနေထိုင်သူများသည် တွေ့ကြုံ ခံစားရနိုင်ဖွယ်ရှိကြောင်း မိုးလေဝသ ပညာရှင်များက သတိပေး ပြောဆိုထားသည်။ 

ထို့ပြင် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

E-03