News

POST TYPE

NEWS

တရုတ်အဖမ်းကြမ်း၍ ဆန်တင်ပို့မှုလျော့
29-May-2017 tagged as ဆန်

ရန်ကုန်၊ မေ ၂၈

မူဆယ် ၁၀၅ မိုင်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်ပို့နေသောဆန်ကို ယခုရက်ပိုင်းအတွင်း တရုတ်ဘက်က ဖမ်းဆီးမှု များပြားနေခြင်းကြောင့် တင်ပို့မှု လျော့ကျကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ဆန်တန်ချိန် ၃၀၀၀ မှ ၅၀၀၀ ခန့် တင်ပို့နေရာမှ ယခုအခါ တစ်ရက်လျှင် ဆန်တန်ချိန် ၂၀၀၀ ခန့်သာ တင်ပို့နိုင်ပြီး တရုတ်သို့ အဓိကတင်ပို့သည့် ဆန်ကြမ်းဈေးနှုန်းများလည်း ဆက်တိုက်ကျဆင်းကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။
“တရုတ်က အရင်က သကြားပဲ အဖမ်းများတာ။ အခုတော့ ဆန်ပါ အဖမ်းများလာတယ်” ဟု ဆန်ကုန်သည် ဦးအောင်မြင့်က ပြောဆိုသည်။

ထို့ကြောင့် ဆန်ဈေးနှုန်းများသည် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ဆန်ကြမ်းတစ်အိတ်လျှင် ယခင်ထက် ကျပ် ၁၀၀၀ ခန့် ကျဆင်းနေရာမှ ယခုအခါ တစ်အိတ်လျှင် ကျပ် ၅၀၀ ခန့် ဆက်လက်ကျဆင်းပြီး ပြည်တွင်းမှ အဓိက စားသုံးသည့် ဆန်ချောဈေးနှုန်းများသည်လည်း တစ်အိတ်လျှင် ယခင်ထက် ကျပ် ၁၅၀၀ ခန့် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

တရုတ်ကုန်သည်များသည် မေလ ပထမပတ်အတွင်းက ဝယ်ယူမှု များပြားခြင်းကြောင့် ဆန်ကြမ်းဈေးနှုန်းများမြင့် တက်လျက်ရှိရာမှ ယခုအခါ တရုတ်ဘက်က အဖမ်းအဆီးများ ပြုလုပ်လာခြင်းကြောင့် တင်ပို့မှု လျော့ကျ၍ ဈေးနှုန်းများလည်း ကျဆင်းလာခြင်း ဖြစ်သည်။

S-04