News

POST TYPE

NEWS

မဘသအဖွဲ့ဝင် ဆရာတော်များ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းတွင် မူလအတိုင်း တာဝန်ယူမည်
29-May-2017 tagged as မဘသ

ရန်ကုန်၊ မေ ၂၈

မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဟု အမည်ပြောင်း ဖွဲ့စည်းလိုက်ပြီး မဘသအဖွဲ့ဝင် ဆရာတော်များက မူလတာဝန်များအတိုင်း ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဝံသာနု ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ စာရေးဆရာ မောင်သွေးချွန်က ပြောကြားသည်။

အင်းစိန်မြို့ အောင်ဆန်းတောရတပ်ဦးကျောင်း၌ မေလ ၂၈ ရက်နေ့က ကျင်းပသော မဘသအဖွဲ့ဝင်များ အထူးအသိပေးရှင်းလင်းပွဲ၌ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကို ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း၌ တာဝန်ထမ်းဆောင်သွားမည့် ဆရာတော်များနှင့် ပတ်သက်၍ စာရေးဆရာ မောင်သွေးချွန်က “မဘသ ဦးဆောင်ဆရာတော်ကြီးတွေက မူလတာဝန်တွေပဲ ဆက်လက်ထမ်းဆောင်မှာပါ။ တာဝန်အပြောင်းအလဲ မရှိပါဘူး” ဟု ရှင်းပြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မဘသအဖွဲ့များ အနေနှင့် ယခုပြောင်းလဲလိုက်သည့် အမည်ဖြင့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာ အကျိုးပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန် ယင်းအဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မဟန ၏ ကြေညာချက်နှင့် ပတ်သက်၍ မည်သို့မျှ သဘောမထားဘဲ သည်းခံ၍ မေတ္တာတရား လက်ကိုင်ထားကာ ချစ်မြတ်နိုးသော အမျိုးဘာသာ၊ သာသနာကို ဓမ္မဝိနယနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

မဘသ (၄) နှစ်ပြည့် ညီလာခံကို မဟန (နိုင်ငံတော် သံဃမဟာနာယက) ဆရာတော်ကြီးများက ခွင့်မပြုခြင်းကြောင့် လက်ရှိအချိန်၌ မဘသ ညီလာခံကို မဘသ အဖွဲ့ဝင်များ အထူးအသိပေး ရှင်းလင်းပွဲ အမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ အောင်ဆန်းတောရ တပ်ဦးကျောင်း၌ မေလ (၂၇ မှ၂၈) ရက်အထိ ကျင်းပခဲ့သည်။