News

POST TYPE

NEWS

မဘသ - နေညိုချိန်မှ နေဝင်ချိန်သို့
28-May-2017 tagged as မဘသ

အစိုးရသစ်တက်ခါစက မဘသ၏ နေဝင်ချိန်အတွက် လက္ခဏာအချို့ ဖြစ်လာခဲ့ဖူးသည်။ ဦးဖြိုးမင်းသိန်း ပြောဆိုခဲ့သော မဘသမရှိသင့်ဟု ဟူသော အဆိုမှ မီးခိုးကြွက်လျှောက်ကာ မဘသ၏ နောက်ဆုံးနေ့ရက်များကို ရောက်လာခြင်း ဖြစ်သည်။

“အဲဒီလို လုပ်လိုက်လို့ ရှိရင်တော့ ငြိမ်သွားတဲ့အတွက်ကြောင့် ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာ ပုံရိပ်ကလည်း ပြန်တက်လာမှာပေါ့”

ပြီးခဲ့သည့် တစ်နှစ်ခန့်က မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့) ကြီး၏ နေဝင်ခါလုဆဲ အခြေအနေ နေညိုချိန်နှင့် ပတ်သက်၍ The Voice က ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်မှ ကောက်နုတ်ချက်ဖြစ်သည်။

ယမန်နှစ် ဇူလိုင်လက မဘသအဖွဲ့ကို မဟန (နိုင်ငံတော် သံဃမဟာနာယကအဖွဲ့) နှင့် အစိုးရတို့က ဖိအားပေးမှုများ ပေါ်ပေါက်ခဲ့အပြီးတွင် အထက်ပါစကားကို ရှမ်းပြည်နယ် သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မဘသ ပြဿနာကို ကိုင်တွယ်ခြင်းသည် ကမ္ဘာ့အလယ်တွင် ဗုဒ္ဓဘာသာ၏ပုံရိပ် ပြန်လည်မြင့်တက်လာနိုင်သလို မြန်မာနိုင်ငံ၏ ကံကြမ္မာသည်လည်း အလှည့်အပြောင်းများဖြင့် အခြေအနေကောင်းများ ရရှိလာနိုင်သည်ဟု ရှုမြင်နေသူများစွာ ရှိပါသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကမူ မဘသတို့ နိဋ္ဌိတံတော့မည်လော ဆိုသည့် မေးခွန်းများကို ပေါ်ထွက်စေခဲ့သည့် ကြေညာချက်တစ်ရပ်သည် နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့ခဲ့သည်။

မဟန၏ ကြေညာချက်ပင် ဖြစ်ပြီး မဘသ ဆိုင်းဘုတ်များကို ဖြုတ်ချခိုင်းသည့်အပြင် မည်သူကမျှ မဘသဆိုသည့် အမည်နာမကို သုံးစွဲ၍ မည်သည့်လုပ်ဆောင်မှုမျိုးကိုမျှ မပြုလုပ်ကြရန် ကြေညာလိုက်ခြင်း ဖြစ်သည်။

မလိုက်နာလျှင် ရဟန်းဖြစ်လျှင် ရဟန်းဥပဒေ၊ လူဖြစ်လျှင် လူ့ဥပဒေများဖြင့် ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတို့က အရေးယူရန်ဟူ၍ ကြေညာချက်တွင် ပါရှိသည်။

“ပြည်သူတွေ ကြားထဲမှာလည်း သွေးကွဲတာတွေ၊ စိတ်ဝမ်းကွဲတာတွေ ဒါတွေက ဖြစ်နေတာ။ ဖြစ်နေတဲ့ အခါကျတော့ ဒီလိုမျိုး တရားမဝင် ရပ်တည်ချက်တွေနဲ့ မရှင်းမလင်း ဖြစ်နေတဲ့ အဖွဲ့အစည်းကို ဓမ္မစက်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ဟာကို ကျွန်မတို့က ကြိုဆိုပါတယ်” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

၎င်းမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် လူငယ်အမျိုးသမီးတစ်ဦး ဖြစ်သည်။

လူတိုင်းနီးပါး ခံတွင်းတွေ့၍ အသည်းစွဲ ဖြစ်စေသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုသည့် စကားလုံးကို သုံးစွဲထားသော်လည်း မဘသနှင့် ပတ်သက်၍ အငြင်းပွား စိတ်ရှုပ်ထွေးရသည့် အကြောင်းရင်းများ ရှိနေပါသည်။

အထူးသဖြင့် ဒီမိုကရေစီ၏ ဖွားဖက်တော် လူ့အခွင့်အရေးကို တံခါးပိတ်လိုခြင်း၊ ဘာသာမတူသူများအပေါ် ဖိနှိပ်လိုခြင်းနှင့် လူ့အဖွဲ့အစည်းတွင် အကြောက်တရားနှင့် အမုန်းစိတ်များ စိမ့်ဝင်စေခြင်းများကြောင့် မဘသသည် နာမည်ကောင်း မရခဲ့ပါ။ အထူးသဖြင့် ဒီမိုကရေစီ အင်အားစုများ အကြားတွင် နာမည်ဆိုးဖြင့်ပင် ကျော်ကြားလေသည်။

အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် လေးနှစ်ပြည့်တော့မည်။

ဖွဲ့စည်းစဉ်က အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအတွက် သက်သက်သာ ဖြစ်ပြီး ရဟန်းရှင်လူ ပြည်သူများ ပါဝင်သော အဖွဲ့အစည်းသာ ဖြစ်စေရန်၊ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများ၌ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးအား စွမ်းနိုင်သလောက် ပံ့ပိုးကူညီသွားရန်ဟူ၍ ၎င်းတို့၏ ရည်ရွယ်ချက်တွင် ပါရှိသည်။

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာသည့် နောက်ပိုင်းတွင် အဆိုပါ ရည်ရွယ်ချက်သည် တစ်မျိုးတစ်ဖုံ လမ်းကြောင်းပြောင်းခဲ့သည်။

ယမန်နှစ် ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့စဉ်နှင့် ခရီးမှ ပြန်လည်ရောက်ရှိစဉ် လေဆိပ်တွင်ပင် ဟိုးလေးတကျော် ဖြစ်စေခဲ့သည့် စကားတစ်ခွန်းကို နှစ်ကြိမ်တိုင် ပြောဆိုခဲ့သည်။
“ကျွန်တော်တို့နိုင်ငံမှာ အခြေအနေအရ မဘသဆိုတဲ့ အဖွဲ့အစည်း ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေဟာ အမှန်အတိုင်း ပြောမယ်ဆိုရင် မလိုအပ်ပါဘူး” ဟူ၍ ဖြစ်သည်။

အဆိုပါ စကားအပေါ် မဘသတို့က ဒေါသထွက်ခဲ့ကြပြီး ဝန်ကြီးချုပ်အနေနှင့် ဝန်ချတောင်းပန်ရန် သို့မဟုတ် ရာထူးမှ နုတ်ထွက်ပေးရန် ထုတ်ပြန်ချက်များ ဆက်တိုက်ထုတ်ခဲ့သည့်အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်ဟု ပြန်လည်တုံ့ပြန်ခဲ့ကြသည်။

သို့သော် ဝန်ကြီးချုပ် မတောင်းပန်ခဲ့ပါ။

ယင်းအစား သံဃအဖွဲ့အစည်း မဟန၏ အောက်ပါကြေညာချက်ကိုသာ မဘသတို့ ရရှိခဲ့သည်။

‘မဘသအဖွဲ့ကို သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သည့် အဖွဲ့အစည်းကြီး ဖြစ်သည်ဟု ဖော်ပြခြင်းမှာလည်း လုံးဝ (လုံးဝ) မဟုတ်ပါ’ ဟုပါရှိသည့် ကြေညာချက်ကို မဟနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းကား မဘသ၏ နေဝင်ချိန် ဇာတ်လမ်းအစ ဖြစ်သည်။

အဆိုပါ မဟန၏ ကြေညာချက်ကြောင့်ပင်  မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး လမ်းဖြောင့်ဖြူးစေရေးအတွက် မျှော်လင့်ချက်များစွာ ထားရှိလာနိုင်ပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်က မှတ်ချက်ပြုခဲ့သည်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုသည်လည်း မဘသနှင့် ပတ်သက်၍ ထိုစဉ်က အောက်ပါအတိုင်း ပြောဆိုခဲ့ဖူးသည်။

“တည်ငြိမ်အေးချမ်းဖို့ နိုင်ငံတော်က ကြိုးပမ်းနေချိန်မှာ ဘာသာရေးကို အကြောင်းပြုပြီး ဘာသာတစ်ခုနဲ့တစ်ခု လူမျိုးတစ်ခုနဲ့ တစ်ခုကြားမှာ ပဋိပက္ခဖြစ်အောင် အမုန်းစကား ဖြန့်မယ်ဆိုရင် မဘသအဖွဲ့ကြီးရဲ့ အနာဂတ်က တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မဘသနှင့် ပတ်သက်၍ တစ်နှစ်ခန့်အကြာတွင် နောက်တစ်ကြိမ် ထုတ်ပြန်သည့် မဟနထုတ်ပြန်ချက်၏ ရလဒ်သည် မည်သို့နည်း။

မဘသဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ကြေညာအပြီး နောက်တစ်ရက်တွင်ပင် မဘသ အပါအဝင် ဘာသာရေး၊ အမျိုးသားရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများကို ထပ်မံစိတ်ပျက်စေသည့် ပြောကြားမှုတစ်ခုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက ပြောဆိုလိုက်သည်။

အစွန်းရောက် ဘာသာရေး အဖွဲ့အစည်းများကို အာဏာရှင်စနစ်ဆီသို့ နောက်ကြောင်းပြန်သွားလိုသူများက ငွေကျပ် သန်းငါးထောင် (ငါးဘီလီယံ) ဝန်းကျင် ထောက်ပံ့ထားသည်ဆိုသည့် သတင်းပေးမှုများ ရရှိထားသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။

ဦးဝီရသူကမူ ဝန်ကြီး၏ ပြောဆိုချက်သည် အခြေအမြစ်မရှိဟု ပြန်လည်ခွန်းတုံ့ပြန်ခဲ့ပြီး မဘသအနေနှင့် လက်ရှိတွင် မြဝတီဘဏ်နှင့် ဧရာဝတီဘဏ်တို့တွင် အပ်နှံထားသည့် ကျပ်သိန်းသုံးထောင်ခန့်သာ ရှိသည်ဟု ဆိုသည်။ ယင်းငွေများသည်ပင် အများပြည်သူ၏ လှူဒါန်းမှု စုစုပေါင်းသာ ဖြစ်သည်ဟု ဆိုသည်။
“သန်းပေါင်းငါးထောင်လို့ အခြေအမြစ်မရှိဘဲနဲ့ ဘာကြောင့်စွပ်စွဲတာလဲ” ဟု ဦးဝီရသူက မိန့်ဆိုသည်။

မြဝတီဘဏ်သည် တပ်မတော်ပိုင် ဘဏ်တစ်ခု ဖြစ်သည်။

မဘသ အနေနှင့် စတင်ဖွဲ့စည်းစဉ် ကတည်းက ထိုစဉ်က အာဏာရပါတီ ဖြစ်ပြီး တပ်မတော် ခေါင်းဆောင်ဟောင်းများနှင့် စုဖွဲ့ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့မှု ရှိခဲ့ရာ နောက်ကွယ်တွင် ထောက်ပံ့မှုများ ရှိနေသလော ဆိုသည့် စိုးရိမ်ချက်များလည်း ပြည်သူအများစုတွင် ရှိနေသည်။

မဘသအဖွဲ့ဝင် အချို့သည် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် USDP ကို မဲပေးရန် စည်းရုံးမှုများ ရှိခဲ့သည်။

မဘသအဖွဲ့ လေးနှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ညီလာခံ ကျင်းပရန် ပြင်ဆင်ထားသည်။ ညီလာခံသို့ ပြည်တွင်းမှ မဘသအဖွဲ့ဝင် ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များအပြင် ပြည်ပမှ ရဟန်းတော်များကိုပါ ဖိတ်ကြားထားပြီး ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတောရ တပ်ဦးဘုန်းတော်ကြီးကျောင်းတွင် ခြိမ့်ခြိမ့်သဲ ကျင်းပရန် စီစဉ်ထားသည်။

ယခုမူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီး၏ ကြေညာချက်ကြောင့် ညီလာခံ ပြုလုပ်ရန် အခွင့်အရေး မရတော့ပါ။ ယင်းအစား မဟန၏ ကြေညာချက်နှင့် ပတ်သက်၍ အသိပေးရှင်းလင်းပွဲအဖြစ် ပြောင်းလဲကျင်းပတော့မည် ဖြစ်ကြောင်း မဘသအဖွဲ့၏ ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသက လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

မေလ ၂၃ ရက်နေ့စွဲတွင် ထုတ်ပြန်ခဲ့သည့် အချက်လေးချက်ပါ မဟန၏ ကြေညာချက်ကို အတိအကျ လိုက်နာပါမည်ဟူ၍ မဘသ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်တို့က ဝန်ခံကတိပြု လက်မှတ်ရေးထိုးထားသည်။

သို့သော်။

ထင်ရှားသည့် မဘသ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မန္တလေးမြို့၊ မစိုးရိမ်(တိုက်သစ်) မှ နာယက ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူ အပါအဝင် အမာခံ မဘသ အဖွဲ့ဝင်များက အဖွဲ့ကို ဖျက်သိမ်းရန် မလိုဟု ပြန်လည်ပြောဆိုခဲ့ကြသည်။

“ဝီရသူ တစ်ပါးတည်းရဲ့ သဘောထားအရ ပြောရရင်တော့ ဆိုင်းဘုတ်လည်း မဖြုတ်နိုင်ပါ။ လိုဂိုအမှတ်တံဆိပ်လည်း မပြောင်းနိုင်ပါ။ ပုံမှန်လုပ်ငန်းလည်း မရပ်နိုင်ပါ။ ပုံမှန်အတိုင်းပဲ ဆက်လက်ဆောင်ရွက်နေပါမယ်” ဟု ဦးဝီရသူက သူ၏ Facebook စာမျက်နှာမှတစ်ဆင့် အများပြည်သူတို့ အသိပေးခဲ့သည်။

မဘသအဖွဲ့ကြီး၏ ပြောရေးဆိုခွင့်ရ ဆရာတော်တစ်ပါးဖြစ်သူ ဒေါက်တာ အရှင်သောပါကကလည်း မဟန၏ ကြေညာချက်တွင် ဖျက်သိမ်းရန် စကားရပ် မပါရှိသဖြင့် ဖျက်သိမ်းမည် မဟုတ်ဟု ဆိုသည်။

မဟန၏ ကြေညာချက်ထွက်ရှိပြီး နောက် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် မဘသအမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာအချို့သည် မဘသအစား အခြားဘာသာရေး အဖွဲ့အစည်းတစ်ခု၏ နာမည်သို့ ပြောင်းလဲလိုက်ကြသည်။

အဆိုပါ ဘာသာရေးအဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတ ဖြစ်သည်။

ယင်းအဖွဲ့သည် ၂၀၁၄ ခုနှစ်ကပင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မဘသ၏ ကိုယ်ပွားအဖွဲ့ တစ်ခုဟု ယုံကြည်ရသည်။

အမျိုးသားရေး ဥပဒေများ ဖြစ်သည့် မျိုးစောင့်ဥပဒေ လေးရပ်ကို ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေများ ပေါ်ပေါက်ရန် မဘသတို့ ဦးဆောင်ကာ လှုပ်ရှားခဲ့ပြီး အဆိုပါ ဝံသာနု ရက္ခိတအဖွဲ့လည်း ပါဝင်ခဲ့သည်။

ဖွဲ့စည်းစဉ်ကပင် မဘသအဖွဲ့ အေ နှင့် တစ်ချိန်ချိန်တွင် ဖျက်သိမ်းခြင်းခံရပါက အဆင်သင့် ရှိနေစေရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ကို စတင်တည်ထောင်သူနှင့် ဥက္ကဋ္ဌအဖြစ် သုံးနှစ်ကြာ ထမ်းဆောင်ခဲ့သူ ဓမ္မစက္က ဦးမောင်မောင်က ဆိုသည်။

အဖွဲ့ဆိုသော်လည်း တရားဝင် မှတ်ပုံတင်ထားသည့်အဖွဲ့ မဟုတ်ပေ။ ဘာသာရေးအဖွဲ့ ဖြစ်သည့် အားလျော်စွာ မှတ်ပုံတင်ရန် မလိုအပ်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက မှတ်ပုံတင်ချပေးထားခြင်း မပြုခဲ့။

“ကျွန်တော်တို့က မှတ်ပုံတင်ချင်နေတာ။ အဓိကက မှတ်ပုံတင်ချင်လို့ အဲဒီအဖွဲ့ကို ဖွဲ့တာ။ မဘသကို ဖျက်သိမ်းပစ်လိုက်လို့ ရှိရင် မှတ်ပုံတင်တဲ့အဖွဲ့ တစ်ဖွဲ့ ကျန်လို့ရှိရင် ဒီအဖွဲ့က ဆက်ပြီးတောင်းဆိုလို့ရတယ် ဆိုတဲ့ ရည်ရွယ်ချက်ပေါ့”

သို့သော် ပြီးခဲ့သည့် သုံးနှစ်အတွင်း အဖွဲ့၏ လည်ပတ်မှုအတွက် ကိုယ်ပိုင်ငွေကြေးကိုသာ အဓိကစိုက် ထုတ်သုံးစွဲခဲ့ပြီး အဖွဲ့အစည်းအဝေးများတွင် တက်ရောက်သူများထံမှ ကျပ်တစ်ထောင် ကောက်ယူခဲ့ကာ ရပ်တည်လည်ပတ်ခဲ့သည်ဟု ဦးမောင်မောင်က ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါအဖွဲ့ဝင် ပေါင်းသိန်းဂဏန်းရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အင်အားစုများကမူ မဘသအဖွဲ့ ပြိုပျက်သွားသော် အဖွဲ့ဝင်များ အနေနှင့် အဆိုပါ ဝံသာနုရက္ခိတအဖွဲ့ထဲသို့ ကူးပြောင်းရောက်ရှိသွားမည်လော သို့မဟုတ် မဘသက နောက်ကွယ်မှ ဆက်လက်တည်ရှိနေဦးမည်လော ဟူသည့် စိုးရိမ်ကြသည်။၏

ယခုအခါတွင် ဝံသာနုရက္ခိတအဖွဲ့ကို အမျိုးသားရေးစိတ် ပြင်းထန်သူ စာရေးဆရာ မောင်သွေးချွန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် ဦးစိုးထွန်းရှိန်က အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ ဦးစိုးထွန်းရှိန်သည် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ အုပ်စုကို တည်ထောင်ထားပြီး ရွှေတူးဖော်ရေး လုပ်ငန်းကိုလည်း အကြီးအကျယ် လုပ်ကိုင်သူ ဖြစ်သည်။

“ကျွန်တော်ထင်တယ်ဗျ၊ ဒီအဖွဲ့အစည်းကလည်း တကယ့်ကို အခိုင်အမာ ရှိခဲ့တာဆိုတော့ တစ်နည်းနည်းနဲ့ ပြန်ပြီးတော့ အဲဒီလိုမျိုး ကျန်ရှိနေဦးမယ့် အနေအထားမျိုးတွေကို တွေ့နေရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးနေဘုန်းလတ်က ဆိုသည်။

ယင်းအချက်ကိုလည်း သတိထား စောင့်ကြည့်ရန် လိုအပ်သည်ဟု ဘလော့ဂါတစ်ဦးလည်း ဖြစ်သူ ၎င်းက ဆိုသည်။

သို့သော် ဝံသာနုရက္ခိတအဖွဲ့တွင် သံဃာတော်များ ပါဝင်သည် မဟုတ်ပေ။ သံဃာတော်များ မပါဝင်ခြင်းသည်ကပင် တစ်နည်းတော့ ကောင်းသေးသည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။ သံဃာတော်များ မပါလျှင် လှုပ်ရှားမှုသည် အားနည်းသွားနိုင်သည်။

“ဘာသာရေး အဓိကရုဏ်း ကိစ္စတွေ၊ ဒါတွေကို အရင်ကလောက် ပေါ်ပေါ်ထင်ထင် မလုပ်နိုင်တော့ပေမယ့် အဲဒီလို အရမ်းကြီး စိတ်ချလက်ချနေလို့ရတဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးလို့ သုံးသပ်တယ်”

မဘသသည် သံဃာတော်များ ဦးဆောင်သည့်အဖွဲ့ ဖြစ်ရာ အစိုးရအနေနှင့် ကိုင်တွယ်ရခက်ခဲ့သည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး မသင့်မြတ်မှုများ၊ အဓိကရုဏ်းများ၊ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

ပြဿနာများ၏ အရင်းအမြစ်သည် လူမျိုးတစ်ခု၊ ဘာသာတစ်ခုအပေါ် အခြားလူမျိုး၊ ဘာသာတို့က မုန်းတီးခြင်း၊ စော်ကားခြင်းတို့နှင့် တစ်ဖက်နှင့်တစ်ဖက် မသင်္ကာမှုများကြောင့် ဖြစ်သည်။

ပြဿနာများ ဖြစ်ပေါ်စေရန် သွေးထိုးခြင်း၊ လှုံ့ဆော်ခြင်းတို့သည် အမျိုးသားရေးစိတ် တစ်ဖက်စွန်းရောက်သူများထံမှ အဓိကပေါ်ထွက်ခြင်း ဖြစ်ရာ စည်းစနစ်မကျသည့် အမျိုးသားရေး လှုပ်ရှားမှုများအပေါ် ပြည်သူများစွာက အလိုမကျကြပေ။

မြန်မာနိုင်ငံ၏ အမျိုးသားရေးနှင့် အမုန်းတရား ပျံ့နှံ့ရေး လှုပ်ရှားမှုများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အကျဘက်သို့ ဦးတည်စေတတ်ကြောင်း နိုင်ငံတကာနှင့် မြန်မာ့နိုင်ငံရေး သုတေသန ပညာရှင်များက မကြာခဏ ထောက်ပြပြောဆိုလေ့ ရှိကြသည်။

မဟနက သံဃာတော်များ ပါဝင်သည့် မဘသအဖွဲ့ကို နှိပ်ကွပ်လိုက်သည့် ကြေညာချက်အပေါ် မကျေနပ်သူများ ရှိနေလင့်ကစား နိုင်ငံသူ နိုင်ငံသား အချင်းချင်း စိတ်ဝမ်းမကွဲစေလိုသူများကတော့ လက်ခုပ်တီးကြသည်။

“ဘာသာရေးနဲ့ ပတ်သက်ပြီး မဟနရဲ့ သဘောထားရပ်တည်ချက် ဒါကို ကျွန်မတို့ မြင်လိုက်ရတဲ့ အတွက်ကြောင့်မို့ အရမ်းကို ဝမ်းသာဂုဏ်ယူတယ်၊ သာဓုခေါ်ပါတယ်” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။

ယင်းထက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် ဗုဒ္ဓဘာသာဝင် အများစု ဖြစ်သည့်နိုင်ငံတွင် တပ်မတော်နှင့် အစိုးရ အပေါ်ကိုပင် လွှမ်းမိုးနိုင်သည်ဖြစ်ရာ ယင်းအဖွဲ့၏ ကြေညာချက်သည် ဗုဒ္ဓဘာသာတို့၏ သဘောထားကိုပင် ထင်ဟပ်စေသဖြင့် ဗုဒ္ဓဘာသာအပေါ် အထင်မြင် လွဲမှားနေမှုများလည်း ယုတ်လျော့နိုင်စရာ ရှိသည်။

ယင်းကပင် လူ့အဖွဲ့အစည်းတွင်း ယုံကြည်မှု၊ ပြန်လည်သင့်မြတ်မှုမှ ငြိမ်းချမ်းရေးဆီသို့ ချီတက်နိုင်မည် ဖြစ်သည်။

“ဘာသာခြားတွေ အတွက်လည်း ပိုပြီးတော့ လုံခြုံမှု ရှိလာတယ်လို့ ခံစားလာရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ 

အောင်မျိုးထက်