News

POST TYPE

NEWS

NLD နာယက ဦးတင်ဦး ကျန်းမာရေး ထိုင်နိုင်သည့် အခြေအနေသို့ တိုးတက်
26-May-2017 tagged as ဦးတင်ဦး NLD

ရန်ကုန်၊ မေ ၂၆

အသက် ၉၁ နှစ်အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ နာယက ဦးတင်ဦးသည် မေလ ၂၆ ရက်နေ့တွင် ထိုင်နိုင်သည့် အနေအထားဖြင့် ကျန်းမာရေး အခြေအနေ တိုးတက်လာပြီ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။

ကျန်းမာရေး တိုးတက်လာပြီ ဖြစ်သော်လည်း ဆရာဝန်ကြီးများ၏ ဆုံးဖြတ်ချက်ဖြင့် ဦးတင်ဦးကို ဆေးရုံတွင် နှစ်ပတ်စောင့်ကြည့်ဦးမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
 ‘‘ကောင်းပါတယ်။ အများကြီး တိုးတက်လာပါတယ်။ စကားမပြောနိုင်သေးဘူး။ ပြောတော့ပြောတယ် ဝူးဝူးဝါးဝါးပဲ” ဟု ဒေါက်တာအေးကိုကိုက ဆိုသည်။

ဦးတင်ဦးသည် မေလ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ကြီးသောသူများတွင် အဖြစ်များသော နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်ရာမှ နှလုံးထဲတွင် သွေးခဲမှုများ ဖြစ်ပေါ်ပြီး နှလုံးမှတစ်ဆင့် ဦးနှောက်သွေးကြော အတွင်းသို့ ရောက်ရှိခြင်းကြောင့်ဖြစ်သည့် ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦး၏ ကျန်းမာရေးအတွက် ဒေသအသီးသီးက ပါတီဝင်များက ဘုရားစေတီများတွင် ဆုတောင်းမှုများကို ပြုလုပ်ခဲ့ခြင်းအပြင် ဘာသာခြားများကလည်း ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ဦးတင်ဦး ကျန်းမာရေး စေရန်ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပညာရေးကွန်ရက်တွင်းရှိ ပညာဒါနကျောင်းများ စုပေါင်း၍ စုပေါင်းသွေးလှူဒါန်းပွဲကိုလည်း မေလ ၂၇ ရက်နေ့ (စနေနေ့) နံနက် ၉ နာရီမှ စ၍ အမျိုးသားသွေးဌာန (ရန်ကုန်) တွင် လှုဒါန်းကြမည်ဖြစ်ကြောင်း NLD ပညာရေးကွန်ရက်ထံမှ သိရသည်။