News

POST TYPE

NEWS

ထားဝယ် မြေယာအငြင်းပွားမှု ပြဿနာ ဖြေရှင်းရေး တိုင်းအစိုးရတွင် အဖြေမရှိသေး
26-May-2017 tagged as ထားဝယ်

ထားဝယ်၊ မေ ၂၅

တနင်္သာရီအစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့် အတွင်းရေးမှူးတို့ တက်ရောက်ရှင်းလင်းခဲ့သော သတင်းစာရှင်းလင်းပွဲအရ ထားဝယ်မြို့ပေါ်ရှိ မြို့ပြစီမံကိန်း ဧရိယာအတွင်းရှိ မြေယာအငြင်းပွားမှု ပြဿနာများအား မည်သို့ ဖြေရှင်းမည်ကို မဖြေမပေးနိုင်သေးပေ။

လယ်ယာမြေ လုပ်ကိုင်ခွင့် ရထားသည်ဆိုသော ကုမ္ပဏီနှင့် မြေစိုက်ပျိုးလုပ်ကိုင်ခွင့် ရနေသည် ဆိုသော လယ်သမားတို့ အကြား ယခုလလယ်ပိုင်းက ထိပ်တိုက်တွေ့ဆုံမှုအချို့ဖြစ်ပွားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က မေ ၂၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သော်လည်း ရေရာသော အဖြေမပေးနိုင်ခဲ့ပေ။

“ဝန်ကြီးချုပ်လာလို့ရှိရင် အစိုးရအဖွဲ့က သူ့ဟာသူ ဆုံးဖြတ်မှာ။ Cabinet နဲ့ ဆုံးဖြတ်မှာ။ အဲဒီအခါကျရင် အဲဒီပေးတဲ့ အဖြေအပေါ်မှာ ဆက်ပြီးတော့ ဆောင်ရွက်မှာဖြစ်တယ်” ဟု တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကောင်းစံဦး၏ ပြောကြားသည်။

တိုင်းအစိုးရအဖွဲ့၏ သဘောထားအပေါ်တွင် မူတည်သည်မှာ မှန်သော်လည်း တရားစီရင်ရေးမဏ္ဍိုင်က ဆုံးဖြတ်သည့် တချို့ကိစ္စများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လွှမ်းမိုးပယ်ဖျက်၍ မရနိုင်ဟု ဦးကောင်းစံဦးက ပြောသည်။

တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် မေလ ၂၄ တွင် စတင်ကျင်းပသည့် ပြည်တောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံသို့ တက်ရောက်ခဲ့ပြီး မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

မြို့ပြစီမံကိန်း ဧရိယာအတွင်းရှိ မြေယာများတွင် လုပ်ပိုင်ခွင့် ရထားသည့် ကုမ္ပဏီ၊ အဆောက်အအုံ ဆောက်လုပ်ခွင့် ရထားသည့် ဌာနဆိုင်ရာများနှင့် မြေပိုင်ရှင်ဟု ဆိုသည့် လယ်သမားများအကြား ယခင်အစိုးရလက်ထက် ကတည်းက ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့သည်။

ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှုများဖြင့် လယ်သမားများ တရားစွဲ ထောင်ချခံခဲ့ရသည့် ဖြစ်ရပ်များရှိခဲ့သည်။

လုပ်ပိုင်ခွင့်ရထားသည့် DDPC ကုမ္ပဏီက ၎င်းတို့လုပ်ပိုင်ခွင့် ရထားသည့် မြေပေါ်တွင် ယခုလအတွင်း မြေဖို့လာသဖြင့် ပိုင်ရှင်လယ်သမား မိသားစုဝင်များက တားဆီးခဲ့ပြီး ကုမ္ပဏီက စိုက်ထူထားသည့် ခြံစည်းရိုးတိုင်များကို တွန်းလှဲခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ယင်းသို့ ထိပ်တိုက်တွေ့ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး တက်ရောက်ခဲ့ပြီး တိကျသည့် အဖြေတစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိပေ။

DDPC ကုမ္ပဏီကိုလည်း လုပ်ငန်းများ ယာယီရပ်နားထားရန်နှင့် လယ်သမားများနှင့် ပြေလည်အောင် ညှိနိုင်းရန် ညွှန်ကြားထားကြောင်း ဦးကောင်းစံဦးက ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် ပွင့်လင်းမြင်သာစွာ တင်ပြပြောဆိုခွင့်ရှိသည့်အတွက် ကျေနပ်သည်ဟု DDPC ကုမ္ပဏီနှင့် အခင်းဖြစ်နေသည့် မြေယာတွင် နေထိုင်သည့် လယ်သမား မိသားစုဝင် ဒေါ်ရီရီထွေးက ပြောသည်။

“ပြဿနာတစ်ခုကို ဖြေရှင်းမယ်လို့လည်း ပြောတယ်။ ဒါပေမယ့် အားလုံးနဲ့ တိုင်ပင်ပြီးမှ ပြောရမယ်။ ရေရေရာရာ ဖြေသွားတာတစ်ခုမှ ဖြေသွားတာ မတွေ့ရဘူး။ ဒါပေမယ့် ပြည်သူတစ်ယောက် အနေနဲ့တော့ ကျေနပ်ပါတယ်” ဟု ဒေါ်ရီရီထွေးက ဆိုသည်။

ထားဝယ်မြို့၏ မြို့မြေစီမံကိန်း ဧရိယာ ၁၀၀၄ ဒဿမ ၉၄၉ ဧက ကိုကို ၁၉၉၀ ခုနှစ်က စတင်သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ဧက ၇၀၀ ကို ယင်း ၁၉၉၀ ခုနှစ်တွင် အကောင်ထည်ဖော်ခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် မြေယာပြဿနာမှာ၂၀၁၁ ခုနှစ်တွင်မှ အကောင်အထည်ဖော်သည့် ဧက ၃၀၀ ကျော်အတွင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

၁၉၉၀ ကတည်းက မြို့မြေအဖြစ် သိမ်းဆည်းထားသော မြေပေါ်တွင် ၂၀၁၁ ခုနှစ်အထိ မြေခွန်ပြေစာနှင့် စိုက်ပျိုးစရိတ်ချေးငွေ ရရှိခဲ့ခြင်း၊ လက်ပြောင်းလက်လွှဲလုပ်ထားသည့် (လက်ရှိ) လယ်ပိုင်ရှင်များကို လျော်ကြေးမပေးဘဲ အမည်ပေါက် ပိုင်ရှင်များကိုသာ ပေးထားခြင်း စသည့် အကြောင်းအရာများကြောင့် ပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

Dawei Watch