News

POST TYPE

NEWS

ရေခဲသေတ္တာအရွယ် အိမ်တွင်း လျှပ်စစ်ဓာတ်အားပေး စက်တီထွင်
24-May-2017 tagged as လျှပ်စစ်


ဝါရှင်တန်၊ မေ ၂၃

အိမ်တွင်းသုံး ရေခဲသေတ္တာ အရွယ်အစား လျှပ်စစ်ဓာတ်အားပေးစက် တစ်လုံးတည်းဖြင့် လျှပ်စစ်၊ ရေပူ၊ ရေအေးနှင့် လေအေး ထုတ်ပေးနိုင်မည့် စွမ်းအင်စက်တစ်မျိုးကို CLES (Chemical Looping Energy-on-Demand System) အဖွဲ့က တီထွင်နိုင်ခဲ့ကြောင်း News Atlas သတင်းတွင် ဖော်ပြထားသည်။

CLES အဖွဲ့သည် နယူးကာစယ်တက္ကသိုလ်နှင့် Infratech စက်မှုလုပ်ငန်းတို့ ပူးပေါင်းကာ သုတေသန လုပ်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး Redox ဟုခေါ်သော အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ကို တစ်ပြိုင်တည်း ထုတ်လုပ်ပြီး စွမ်းအင်ကိုပါ ရရှိစေမည့်စက်ကို တီထွင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ယခုလက်တွေ့ ထုတ်လုပ်နေသည့် စက်အမျိုးအစားမှာ စက်ကြီးများဖြစ်ပြီး ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် သုံးရန်ဖြစ်ကာ၊ ရေခဲသေတ္တာ အရွယ်အစားများကို မကြာမီ ဈေးကွက်တင်ရန် ပြင်ဆင်လျက်ရှိကြောင်း CLES အဖွဲ့မှ သုတေသီများက ပြောကြားသည်။

Redox စက်များသည် Thermo-chemical ဟုခေါ်သည့် စွမ်းအင်ကို ထုတ်ပေးနိုင်ပြီး စွမ်းအင်ဖြစ်စေနိုင်မည့် အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်များကို အလိုအလျောက် ပေါင်းစပ်ပြီး ထိန်းချုပ်ကာ မောင်းနှင်နိုင်မည့် စက်ဖြစ်ကြောင်း ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းထားသည်။

အပူရှိန်ကို အဓိက ပင်မလှောင်ကန်ကြီးထဲက ထုတ်ပေးနေပြီး အပူရှိန်ကို တာဘိုင်စက်အား လည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ရရှိနိုင်မည်ဖြစ်သည်။

အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ကို ပင်မ စွမ်းအင်ထုတ်သော ဓာတ်များအဖြစ် အခြေခံထားပြီး ရေနွေးငွေ့ကို စွမ်းအင်အဖြစ် ပြောင်းကာ အခြားသော လုပ်ဆောင်မှုများ ဖြစ်သည့် အပူပေး၊ အအေးပေးစနစ်များကိုပါ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သောကြောင့် စက်တစ်လုံးတည်းနှင့် အကျိုး ရှိစေသည့်စနစ်ဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။

ရေနွေးငွေ့နှင့် တာဘိုင်ကို အခြေခံသည့် စက်များကဲ့သို့ပင် လေနှင့် နေရောင်ခြည်ကို အခြေခံပြီး စွမ်းအင်ထုတ်လုပ်ပေးနိုင်မည့် အိမ်သုံးစက်များကိုလည်း တီထွင်နေကြောင်း၊ ၁၂ နာရီတိုင် တောက်လျှောက် လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်မည့် စက်မျိုးကို တီထွင် လုပ်ဆောင်နေကြောင်း နယူးကာစယ် တက္ကသိုလ်မှ တီထွင်သူ ပါမောက္ခ ဘာဒတ် မိုတာဒီရီက ပြောကြားသည်။

ရေခဲသေတ္တာ အရွယ်အစား အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် စွမ်းအားသုံး ဓာတ်အားပေးစက်များကို လာမည့် ၁၈ လအတွင်း ဈေးကွက် ရောက်လာရန် ပြင်ဆင်လျက်ရှိပြီး တစ်တန်အားကို ထုတ်ပေးနိုင်သည့် စွမ်းအင်သေတ္တာ တစ်လုံးကို ၁၁၂ ဒေါ်လာနှုန်းခန့်နှင့် ရောင်းချပေးနိုင်မည်ဟု New Atlas သတင်းတွင် ရေးသားထားသည်။