News

POST TYPE

NEWS

ကျောင်းပြင်ပရောက် ကလေး ခုနစ်သောင်းကျော်ကို စာသင်ပေးမည်
23-May-2017 tagged as ကျောင်းသား

ဟိုပုံး၊ မေ ၂၂

မူလတန်းပညာမပြီးသေးသည့် ကျောင်းပြင်ပရောက် ကလေး ခုနစ်သောင်းကျော်ကို စာသင်ပေးမည်ဖြစ်ကြောင်း ဘုန်းတော်ကြီးသင် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ထံမှ သိရှိရသည်။

မူလတန်းပညာ မပြီးဆုံးသေးသည့် ကလေးများကို မူလတန်းပညာ ပြီးဆုံးအောင် သင်ယူနိုင်ရန်၊ ကျောင်းမနေနိုင်သည့် ကလေး အရေအတွက်ကို လျှော့ချရန် ယင်းအဖွဲ့က ရည်ရွယ်သည်။

စစ်ကိုင်း၊ မန္တလေး၊ မွန်၊ ကချင်၊ ရခိုင်၊ တနင်္သာရီ၊ ရှမ်း (မြောက်၊ တောင်)၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး (အရှေ့၊ အနောက်) ဒေသများမှ အသက် ၇ နှစ်မှ ၁၇ နှစ်ကြား ကလေးများကို သင်ပေးမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၏ ကျောင်းပြင်ပ သင်ရိုးညွှန်းတမ်းကို ကျောရိုးပြု၍ ကျောင်းပြင်ပရောက်ကလေးများနှင့် အဆင်ပြေစေရန် ပြုစုထားသည်။

ယင်းစီမံကိန်းသည် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ ၃ နှစ် စီမံကိန်း ဖြစ်သည်၊ စာသင်ကျောင်းများတွင် ပုံမှန် သင်ကြားသည့်နည်းလမ်း၊ နည်းပညာ အသုံးပြုသင်ကြားသည့်နည်းလမ်း နှစ်မျိုးဖြင့် သင်ကြားမည်ဖြစ်သည်။

နည်းပညာအသုံးပြု သင်ကြားခြင်း ဆိုသည်မှာ မန္တလေးရှိ စတူဒီယိုခန်းမှ ဆရာ၊ ဆရာမများက အွန်လိုင်း အသုံးပြု သင်ကြားမည်ဖြစ်သည်။

ယင်းကို နည်းပညာ အသုံးပြုသင်ကြားမည့် စာသင်ကျောင်းများက ပရိုဂျက်တာများဖြင့် ဆရာကကြီးကြပ်၍ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ချိတ်ဆက် သင်ကြားခြင်းဖြစ်သည်။

ကျောင်းပြင်ပရောက် ကလေး ခုနစ်သောင်းကျော်အနက် ၁၄၀ဝ၀ ကို နည်းပညာအသုံးပြု သင်ကြားမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ ၃၃၅၇၀ ကို ပုံမှန် သင်ကြားမှုအတိုင်း သင်ကြားမည်ဖြစ်သည်၊ ကျောင်းသား၊ ကျောင်းသူ ၂၄၆၅၀ ကို အတန်း ဆက်လက်တက်နိုင်ရေး လုပ်ဆောင်ပေးရန် အဆိုပါအဖွဲ့က ရည်မှန်းထားသည်။

ပထမနှစ် ပုံမှန်နည်းအတိုင်း သင်ကြားခြင်းကို လာမည့်ဇွန်လမှစ၍ ကျောင်းပေါင်း ၂၁၀ တွင် စတင် သင်ကြားမည်ဖြစ်သည်၊ ဩဂုတ်လတွင် နည်းပညာအသုံးပြု၍ ကျောင်းပေါင်း ၄၀ တွင် သင်ကြားမည်ဖြစ်သည်။

ဒုတိယနှစ်တွင် ပုံမှန်အတိုင်း သင်ကြားမှုကို ကျောင်းပေါင်း ၂၇၀ တွင် သင်ကြားမည်ဖြစ်သည်၊ နည်းပညာ အသုံးပြု သင်ကြားမှုကို ကျောင်းပေါင်း ၈၀ တွင် သင်ကြားမည်ဖြစ်သည်။

ယင်းသို့ ကျောင်းပြင်ပ ပညာသင်ကြားရန် ကျောင်းသား၊ ကျောင်းသူ လက်ခံရာတွင် သင်လိုသည့် ကလေးများကို တက်ရောက်ခွင့် စစ်ဆေးမည်ဖြစ်သည်။

စစ်ဆေးပြီး အဆင့်(၁)မူလတန်း အောက်ဆင့်(သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း)နှင့် အဆင့်(၂)မူလတန်း အထက်ဆင့်(တတိယတန်း၊ စတုတ္ထတန်း) ဟူ၍ အဆင့်သတ်မှတ်၍ သင်ကြားမည် ဖြစ်သည်။

ယင်းသို့ ကျောင်းပြင်ပရောက် ကလေးများကို သင်ကြားရန် ဆရာ၊ ဆရာမ ၃၀ဝ၀ ကျော်ကို သင်တန်းပေးမည်ဖြစ်ပြီး ယခုနှစ် ဧပြီလအထိ ဆရာ၊ ဆရာမ ၇၀ဝ ကျော်ကို သင်တန်းပေးပြီးဖြစ်ကြောင်း ဘုန်းတော်ကြီးသင် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ထံမှ သိရှိရသည်။