News

POST TYPE

NEWS

တရားလွှတ်တော်ချုပ် တရားသူကြီး လွှတ်တော်ကို တောင်းပန်
နေပြည်တော်၊ မေ ၂၂

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်သည် လွှတ်တော်တွင် ပြောဆိုတင်ပြရာ၌ လွှတ်တော်ကိုယ်စားလှယ်များကို ထိခိုက်စေခဲ့သောကြောင့် ယနေ့ (မေ ၂၂) ပြုလုပ်သည့် ပြည်သူ့လွှတ်တော်သို့ လာရောက်တောင်းပန်ခဲ့သည်။

ပြီးခဲ့သည့် စတုတ္ထပုံမှန် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး တင်သွင်းသည့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအပေါ် ပြန်လည်တည့်မတ်ပေးရေး တိုက်တွန်းကြောင်း အဆိုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးချက်များတွင် တရားသူကြီး ဦးစိုးညွန့်က တရားရေးမဏ္ဍိုင် တိမ်းစောင်းနေခြင်းသည်ဟု သုံးနှုန်းမှုသည် ဥပဒေနှင့် မညီညွတ်သောကြောင့် လွှတ်တော်သို့ တင်ပြရန် မသင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ထိခိုက်စေခဲ့တဲ့အတွက် ကျွန်တော်၏ ဆွေးနွေးချက်များထဲမှ အထက်ပါ အချက်များကို ပြန်လည်ရုပ်သိမ်းလိုပါတယ်။ ပြန်လည်ရုပ်သိမ်းပါကြောင်းနဲ့ မှတ်တမ်းတင်ထားခြင်းမှ ပယ်ဖျက်ပေးပါရန် တင်ပြလိုပါတယ်။ ဒုတိယအချက် အနေနဲ့ ဖော်ပြပါ အချက်များနှင့် ပတ်သက်၍ ကျွန်တော့်အပေါ် နားလည်ခွင့်လွှတ်ပေးပါရန် တင်ပြလိုပါသေးတယ်” ဟု ဦးစိုးညွန့်က ဆိုသည်။

တင်ပြချက်တွင် အားနည်းမှုကြောင့် နားလည်မှု လွဲမှားခဲ့ခြင်း ဖြစ်သောကြောင့် ခွင့်လွှတ်ပေးပါရန်နှင့် အစဉ်အလာအားဖြင့် ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီး နှစ်ရပ်အနေဖြင့် ယခင်ထက် ချစ်ခင်ရင်းနှီးစွာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရန် လေးစာစွာ တင်ပြပါကြောင်း ၎င်းက ထပ်လောင်းတင်ပြခဲ့သည်။