POST TYPE

NEWS

Puma စွမ်းအင်ကုမ္ပဏီ ပြည်တွင်း၌ စက်သုံးဆီဖြန့်ဖြူးရန် ခွင့်ပြုမိန့်လျှောက်
19-May-2017 tagged as လျှပ်စစ်

ရန်ကုန်၊ မေ ၁၉

စင်ကာပူအခြေစိုက် Puma စွမ်းအင်ကုမ္ပဏီက ပြည်တွင်း၌ စက်သုံးဆီ ဖြန့်ဖြူးခွင့်ရရှိရန် ခွင့်ပြုမိန့် လျှောက်ထားပြီး ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ ဒေါ်နန်းညီက The Voice သို့ ပြောကြားသည်။

ယခုနှစ် မေလ ပထမအပတ်က သီလဝါဆိပ်ကမ်းတွင် လောင်စာဆီ ၉၁၀ဝ၀ ကုဗမီတာ သိုလှောင်နိုင်သော စက်သုံးဆီ သိုလှောင်စခန်း ဖွင့်လှစ်ခဲ့ပြီး ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ လုပ်ပိုင်ခွင့်ရရန် တင်ပြထားကြောင်း ၎င်းက ဆိုသည်။

Puma သည် လောင်စာဆီ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းကို ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သည့် Asia Sun Energy (ASE) နှင့် အကျိုးတူ ပူးပေါင်း၍ Energy Asia Sun (PEAS) အဖြစ် လည်ပတ်လုပ်ကိုင်မည် ဖြစ်သည်။

အဆင့်မြင့်လောင်စာဆီများ၊ ဓာတ်အားထုတ်လုပ်ရေးအတွက် အသုံးပြုသော စက်ကြီးဆီများ၊ ရေနံကတ္တရာနှင့် လေယာဉ်ဆီများ သိုလှောင်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ၊ လေကြောင်းကဏ္ဍနှင့် သတ္ထုကဏ္ဍတို့တွင် လောင်စာဆီများ ဖြည့်တင်းပေးမည် ဖြစ်ကြောင်း Puma က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ မူဝါဒအသစ်အရ စက်သုံးဆီ ရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများကို နိုင်ငံခြားသားများ လုပ်ကိုင်ခွင့် ပြုလိုက်သဖြင့် မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်ရန် Puma က ဧပြီလအတွင်းက စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။

ယခင်က ပြည်တွင်း၌ စက်သုံးဆီဖြန့်ဖြူးခြင်း လုပ်ငန်းများကို နိုင်ငံသားများကိုသာ ခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားများကို လုပ်ပိုင်ခွင့် ပိတ်ပင်ထားသည်။ အစိုးရသစ်လက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင်မူ အဆိုပါ စက်သုံးဆီ ဖြန့်ဖြူးခြင်းအတွက် နိုင်ငံခြားသားများကို ခွင့်ပြုမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

စက်သုံးဆီကဏ္ဍ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းလာရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဈေးနှုန်းနှင့် အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာရန် ရည်ရွယ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။