News

POST TYPE

NEWS

ကျောင်းကားသစ်များ မရောက်မီ ဝန်ပေါ့ကုန်တင်ယာဉ်များကို ဆက်သုံးခွင့်ပြုမည်ဟုဆို
19-May-2017 tagged as ကျောင်းသား

ရန်ကုန်၊ မေ ၁၉ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မှာယူထားသော ကျောင်းကားများ မရောက်မီ လက်ရှိပြေးဆွဲနေသည့် ဝန်ပေါ့ကုန်တင်ယာဉ်များကို ကျောင်းကားအဖြစ် ဆက်လက်သုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ဒဂုံမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲမှ ဝန်ကြီး ဒေါ်နီလာကျော်၏ ပြောစကားကို ကိုးကား၍ ဦးကျော်ဇေယျက ပြန်လည်ပြောပြခြင်း ဖြစ်သည်။ 

လက်ရှိတွင် ကျောင်းဖွင့်ချိန် နီးကပ်လာပြီ ဖြစ်သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က မှာယူထားသော ကိုရီးယားနိုင်ငံထုတ် ကျောင်းကားများ ရောက်ရှိမလာသေးခြင်းကြောင့် လက်ရှိပြေးဆွဲနေသည့် ဝန်ပေါ့ကုန်တင်ယာဉ်များကို ဆက်လက်ပြေးဆွဲရန် တိုင်းအစိုးရအဖွဲ့က ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ 

“ဟုတ်တယ်။ အဲဒါအတည်ပဲ။ မနေ့ညနေက အခက်အခဲဖြစ်တော့ ကျွန်တော်ပဲ ပညာရေးမှူးနဲ့ ကျောင်းအုပ်ကြီးတွေကို ဒေါ်နီလာကျော်နဲ့ တွေ့ပေးလိုက်တဲ့အခါ အဲဒါကို လိုက်လျောလိုက်တယ်။ ဒီလိုအခက်အခက်အခဲ ဖြစ်နေရင်တော့ ကျောင်းဖွင့်ရာသီမှာ အရင်လို ကားတွေပဲ ဆက်ပြေးပါ။ သူတို့ကားတွေ မရောက်ခင်ပေါ့။ သူတို့ကားတွေကလည်း အဆင်သင့် မဖြစ်သေးတော့ ခွင့်ပြုလိုက်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဝန်ကြီး ဒေါ်နီလာကျော်နှင့် မိဘ၊ ဆရာများ တွေ့ဆုံပွဲတွင် ဝန်ပေါ့ကုန်တင်ယာဉ်များ ဖြစ်သည့် Light Truck ကဲ့သို့ ကားတို့ကို ကျောင်းကားအဖြစ် ပြေးဆွဲခွင့် မပြုကြောင်း တိုင်းအစိုးရအဖွဲ့က ပြောကြားထားသေးသည်။ 

“Light Truck ကားတွေနဲ့ ဆိုရင်တော့ ကလေးတွေကို စိတ်မချရတာအမှန်ပဲ” ဟု ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှ သုံးတန်းကျောင်းသားမိခင် မဇာက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က တိုင်းအစိုးရနှင့် မိဘဆရာ တွေ့ဆုံပွဲတွင် အစိုးရအဖွဲ့က မှာယူထားသော ကိုရီယားနိုင်ငံထုတ်ကားများမှာ မေလအတွင်း ရောက်ရှိမည်ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။